သင့်ရဲ့ကြောင်လေးတွေ အမြဲကျန်းမာအောင် ဒီအချက် (၇) ချက်ကို ဂရုစိုက်ပေးပါ

ကြောင်လေးတွေက လူသားတွေအပေါ်မှာ ပျော်ရွှင်မှုတွေ အများကြီး ပေးပါတယ်။ ကြောင်လေးတွေကို သေသေချာချာ ဂရုမစိုက်ဘဲ ထားရင် ကျန်းမာရေးတွေ တဖြည်းဖြည်း ထိခိုက်လာမှာပါ။ အဲဒါကြောင့် သင့်ရဲ့ကြောင်လေး အမြဲကျန်းမာနေစေဖို့ ပြုလုပ်ပေးနိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ အမွေးတွေကို ဖြီးပေးပါ။

ကြောင်လေးတွေရဲ့ အမွေးတွေကို ပုံမှန်ဖြီးပေးရင် သူတို့ရဲ့ကျန်းမာရေး ကောင်းလာတာကို တွေ့ရမှာပါ။ သူတို့ရဲ့အမွေးတွေကို ဖြီးသင်ပေးရင် သွေးလည်ပတ်မှု ကောင်းလာပါတယ်။ အမွေးတိုတဲ့ ကြောင်တွေဆိုရင် တစ်ပတ်ကို နှစ်ခါလောက် ဖြီးပေးနိုင်ပြီး အမွေးရှည်တဲ့ကြောင်တွေဆိုရင်တော့ နေ့စဉ်ဖြီးပေးနိုင်ပါတယ်။

၂။ လက်သည်းတိပေးပါ။

ကြောင်လေးတွေကို လက်သည်းနဲ့အရိုးက ဆက်စပ်နေတာကြောင့် လက်သည်းကို မညှပ်သင့်ပါဘူး။ အဲဒါကြောင့် လက်သည်းတွေ ရှည်လာရင် တိပေးလို့ရပါတယ်။ ကြောင်လေးတွေကို လက်သည်းညှပ်ပေးမယ်ဆိုရင် သူတို့အဆင်ပြေမယ့် အနေအထားကိုရောက်မှ ညှပ်ပေးပါ။

၃။ ကြောင်လေးတွေ ကုတ်ဖို့နေရာထားပေးပါ။

ကြောင်လေးတွေက ကုတ်တာကို သဘောကြပါတယ်။ သူတို့ရဲ့လက်သည်းတွေ ထက်လာစေဖို့၊ သူတို့နယ်မြေကို သတ်မှတ်ဖို့အတွက် ကုတ်ကြပါတယ်။ ကြောင်လေးတွေ ကုတ်ဖို့အတွက် အထူးထုတ်လုပ်ထားတဲ့ အရုပ်လေးတွေရှိသလို အိမ်မှာလည်း ပြုလုပ်လို့ရပါတယ်။

ပလက်စတစ် ရေပုံးတစ်ပုံးပေါ်ကို ကော်သုတ်လိုက်ပါ။ ပလက်စတစ်ပုံးပေါ်ကို နာနတ်လျှော် ရစ်ပတ်လိုက်ပါ။ အဲဒါဆိုရင် ကြောင်လေးတွေသဘောကျ ကုတ်ခြစ်လို့ရသွားပါပြီ။

၄။ နားကို ဂရုစိုက်ပေးပါ။

ကြောင်လေးတွေရဲ့နားကို တစ်ပတ်တစ်ခါ ဂရုစိုက်ပေးသင့်ပါတယ်။ ကြောင်လေးရဲ့နားထဲမှာ အညစ်အကြေးတွေ ရှိနေတတ်ပါတယ်။ အဲဒါကို သန့်ရှင်းရေးလုပ်လိုက်ရင် နားစည်ကို ထိခိုက်တတ်ပါတယ်။

အဲဒါကြောင့် ကြောင်လေးရဲ့နားအောက်ခြေကို ဖြည်းဖြည်းချင်း နှိပ်နယ်ပေးပါ။ ပြီးရင် တစ်ရှူးစလေးနဲ့ နားရွက်အထဲအပြင်ကို သုတ်ပေးလိုက်ရုံပါပဲ။

၅။ သွားတိုက်ပေးပါ။

ကြောင်လေးတွေရဲ့သွားထဲမှာ ဘက်တီးရီးယားတွေ အများကြီးရှိနေတာကြောင့် သန့်ရှင်းရေးလုပ်ပေးဖို့ လိုပါတယ်။ အဲဒီဘက်တီးရီးယားတွေက သွေးကြောလေးတွေထဲဝင်ပြီး နေမကောင်းဖြစ်စေလို့ပါ။

ကြောင်လေးတွေရဲ့သွား၊ နှုတ်ခမ်းအောက်နေရာတွေကို ဖြည်းဖြည်းချင်း သွားတိုက်ပေးပါ။ ၂ မိနစ်ကနေ ၃ မိနစ်ကြာအောင် သွားတိုက်ပေးလို့ ရပါတယ်။

၆။ သန့်ရှင်းတဲ့ရေကို တိုက်ပါ။

ကြောင်လေးတွေရဲ့ ကျန်းမာရေး အမြဲကောင်းဖို့ သန့်ရှင်းတဲ့ရေကို နေ့စဉ်တိုက်ပါ။ ဒါ့အပြင် တွေ့ကရာရေကို မသောက်မိအောင်လည်း ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။

သင့်ကြောင်လေးက ပန်းကန်လုံးသေးသေးလေးနဲ့ ရေသောက်ရတာ မကြိုက်ရင် ရေပုံးထားပေးလိုက်ပါ။ အချို့ကြောင်တွေက ရေကို ပန်းကန်လုံးနဲ့သောက်ရတာ မကြိုက်ကြပါဘူး။

၇။ လိုအပ်တဲ့အခါ ရေချိုးပေးပါ။

ပုံမှန်အားဖြင့် ကြောင်လေးတွေကို ရေချိုးပေးဖို့ မလိုအပ်ပါဘူး။ ကြောင်လေးတွေက သူတို့ကိုယ်တိုင် သန့်ရှင်းရေး လုပ်တတ်ကြပါတယ်။ ဒါပေမယ့် ကြောင်လေးက အရမ်းညစ်ပတ်နေပြီး သူတို့ကိုယ်တိုင် သန့်ရှင်းရေး မလုပ်နိုင်တဲ့အခါမှာတော့ ရေချိုးပေးနိုင်ပါတယ်။

တစ်ယောက်က ကြောင်ကို ကိုင်ထားပြီး တစ်ယောက်က ရေချိုးပေးပါ။ ဇလုံတစ်လုံးထဲမှာ ရေနွေးအနည်းငယ် ထည့်ထားပါ။ ပြီးရင် ကြောင်လေးတွေအတွက် ထုတ်လုပ်ထားတဲ့ shampoo ကို အသုံးပြုပြီး‌ ရေချိုးပေးပါ။ ရေချိုးပြီးတဲ့အခါ မျက်နှာနဲ့ နားရွက်ကို ရေသုတ်ပေးဖို့ မမေ့ပါနဲ့နော်။

Zombie (lovemedia)

Post a Comment

0 Comments