သင့်ကားမှာ ဒီလိုအနံ့ (၇) မျိုး ထွက်နေရင် မပေါ့ဆသင့်ပါဘူး

သင့်ကားထဲမှာ ထူးဆန်းတဲ့အနံ့တွေ ရှိရနေရင် ကားအတွင်းခန်းထဲမှာ တစ်ခုခု ဖိတ်စင်သွားတယ်လို့ ထင်ချင်ထင်နိုင်ပါတယ်။ သန့်ရှင်းရေးလုပ်ပေမယ့်လည်း အနံ့အသက်ကို ရနေသေးရင်တော့ ကျွမ်းကျင်တဲ့တစ်စုံတစ်ယောက်နဲ့ ပြဖို့လိုနေပါပြီ။

ကြက်ဥပုပ်နံ့ နံနေရင်

သင့်ကားရဲ့ အင်ဂျင်ကို လောင်ကျွမ်းစေတဲ့ဓာတ်ဆီထဲမှာ ဆာလဖာ ပါဝင်ပါတယ်။ ဓာတ်ကူပစ္စည်းပြောင်းစက်ထဲမှာ တစ်ခုခုမှားယွင်းနေရင် ဆာလဖာ သို့မဟုတ် ကြက်ဥပုပ်နံ့ ထွက်လာပါတယ်။ တစ်နည်းပြောရရင် သင့်ကားရဲ့ ဆီစားစနစ်မှာ ချို့ယွင်းချက်တစ်ခုခု ရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်။

မလောင်ကျွမ်းတဲ့ လောင်စာတွေက ပိတ်ဆို့စေပြီး အိတ်ဇောဓာတ်ငွေ့တွေက ဘယ်နေရာကနေမှ ထွက်သွားမှာမဟုတ်ပါဘူး။ ဒီလိုဖြစ်လာပြီဆိုရင် ဂီယာအရည်ကို အစားထိုးကြည့်ပါ။ ဒါပေမယ့် အနံ့ကျန်နေသေးတယ် ဆိုရင်တော့ ဒါက ပိုပြင်းထန်တဲ့ ပြဿနာဖြစ်နေပါပြီ။ ဒါကြောင့် ဘာမှဆိုးဆိုးဝါးဝါးမဖြစ်ခင် စစ်မိလိုက်တယ်ဆိုရင်တော့ သင့်ကို အကုန်အကျသက်သာစေမှာပါ။

မှိုနံ့ထွက်နေရင်

မှိုနံ့ထွက်နေရင်တော့ လေအေးပေးစက်မှာ ပြဿနာဖြစ်နေပါပြီ။ အချိန်ကြာလာတာနှင့်အမျှ လေအေးပေးစက်စနစ်မှာ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေနှင့် အပျက်အစီးတွေ ပိတ်ဆို့လာပြီး ကားထဲမှာ အောက်သိုးသိုးအနံ့တွေ ဖြစ်လာနိုင်ပါတယ်။ စနစ်အတွင်းမှာရှိတဲ့ အစိုဓာတ်က မှိုကြီးထွားမှုကို ဖြစ်စေနိုင်ပြီး သင့်ကားထဲမှာရှိတဲ့ လေထုအရည်အသွေးကို ထိခိုက်စေနိုင်ပါတယ်။

လေအေးပေးစက်ကိုပိတ်ပြီး ပန်ကာကို အကုန်ဖွင့်ပြီး မောင်းကြည့်ကြည့်ပါ။ တကယ်လို့ ဒီလိုလုပ်လို့မှအဆင်မပြေဘူးဆိုရင်တော့ စက်ပြင်ဆရာတယောက်ယောက်ကို လေအေးပေးစက်ကို သန့်ရှင်းခိုင်းလိုက်တာက အကောင်းဆုံးပါပဲ။

မေပယ်ရည် ဒါမှမဟုတ် သစ်သီးသကြားလုံးလိုမျိုး အနံ့ရနေရင်

မေပယ်ရည် ဒါမှမဟုတ် သကြားလုံးအနံ့ရခြင်းရဲ့ အကြောင်းရင်းကတော့ ရေတိုင်ကီ၊ ဆလင်ဒါခေါင်းကနေ ယိုစိမ့်ခြင်း ဒါမှမဟုတ် အီသလင်းဂလင်းကော်တွေပါတဲ့ အအေးခံရည်တွေကြောင့်ပဲဖြစ်ပါတယ်။ ဒါတွေက အပူလွန်ကဲစေပြီးတော့ သင့်ကားကို ဆိုးရွားစွာ ပျက်စီးစေနိုင်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင်တော့ နီးစပ်ရာကားဝပ်ရှော့ကို အမြန်ဆုံးပို့လိုက်တာက အကောင်းဆုံးပါပဲ။

မီးခို့နံ့တွေ ရနေရင်

ကားမောင်းနေတဲ့အချိန်မှာ အိတ်ဇော ဒါမှမဟုတ် မီးခိုးငွေ့ အနံ့အသက်တွေ ရနေရပဲဖြစ်ဖြစ်၊ ကားရပ်ထားတဲ့အချိန်မှာ အနံ့ရနေတာပဲဖြစ်ဖြစ်၊ ဖြေးဖြေးမောင်းတဲ့အချိန်မှာလည်း အနံ့ရနေတယ်ဆိုရင်တော့ ကားရဲ့ အိတ်ဇောစနစ်မှာ ယိုစိမ့်တွေဖြစ်နေပါပြီ။ ဒါမှမဟုတ် ပြတင်းပေါက်တွေ၊ တံခါးတွေ သေချာမပိတ်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

Exhaust ယိုစိမ့်မှုဟာ မကြာခဏဆိုသလို ထိတွေ့နေတဲ့ ပိုက်တွေမှာ သံချေးစားသွားပြီးတော့ နောက်ဆုံးမှာ အပေါက်ငယ်လေးတွေ၊ အက်ကွဲကြောင်းလေးတွေ ဖြစ်လာစေပါတယ်။ ဒီလိုဖြစ်လာရင် အိတ်ဇောပိုက်ကနေတဆင့် စွန့်ထုတ်သင့်တဲ့ အခိုးအငွေ့တွေက ကားအောက်မှာ ပိတ်မိနေပြီး ကြမ်းပြင်နှင့် ကားအတွင်းခန်းထဲကို တက်လာပါတယ်။

ဒါက အရမ်းအန္တရာယ်များတဲ့အတွက် ပြဿနာကို ရှာဖွေဖော်ထုတ်ပြီး ဖြေရှင်းဖို့ ကျွမ်းကျင်တဲ့ ဝပ်ရှော့ဆရာတစ်ဦးဦးဆီကို ပြသင့်ပါတယ်။

ရော်ဘာကို မီးရှို့သလို အနံ့ထွက်လာရင်

ဒီလိုအနံ့မျိုးက တာယာအပူချိန်အရမ်းများတဲ့အခါမျိုးမှာ ထွက်တတ်ပါတယ်။ ဒါပေမယ့် သင့်တာယာတွေက ပေါက်လည်းမပေါက်၊ ကောင်းမွန်နေသေးတယ်ဆိုရင်တော့ ပိုက်တွေကို စစ်ကြည့်သင့်ပါတယ်။ အဲဒီထဲက တစ်ခုပျက်သွားတာပဲဖြစ်ဖြစ်၊ အရမ်းကြပ်လာတဲ့အခါမှာပဲဖြစ်ဖြစ် ဒီအနံ့ဆိုးကို ထွက်စေနိုင်ပါတယ်။ မပေါ့ဆပဲ သေချာဂရုစိုက်သင့်ပါတယ်။

စက္ကူကို မီးရှိူ့သလို အနံ့ထွက်လာရင်

ကားမောင်းနေရင်း ဒီအနံ့ကို ရတယ်ဆိုရင်တော့ စက္ကူပါ၀င်တဲ့ အဖုံးကနေ ထွက်လာနိုင်ခြေများပါတယ်။ ယာဉ်မောင်း အများစုက clutch ကို ကားမောင်းရင်း freeရိုက်ဖို့ သုံးတတ်ကြပါတယ်။ ဒီလိုနင်းပါများလာရင် ကလစ်ချော်ထွက်ခြင်း၊ အဖုံးအပူလွန်ကဲခြင်းနှင့် မီးလောင်ထားတဲ့အနံ့ထွက်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ကားမောင်းနေတဲ့အချိန်မှာ clutch pedal ကို မကြာခဏ မနင်းပါနဲ့။ clutch တစ်ခုလုံး ပျက်စီးသွားနိုင်ပါတယ်။

ကော်ဇော မီးလောင်သလိုလို ဆံပင် မီးလောင်သလိုလို အနံ့တွေရလာရင်

ဒီလိုအနံ့ရတယ် ဆိုရင်တော့ အပူလွန်ကဲနေတဲ့ ဘရိတ်အုပ်ရဲ့ အနံ့ဖြစ်တယ်ဆိုတာကို သတိပြုပါ။ မတ်စောက်တဲ့ တောင်ကုန်းရှည်ကြီးကို မောင်းနှင်တဲ့အခါတိုင်းမှာ အဖြစ်များပါတယ်။ အရှိန်များများနဲ့မောင်းလာတာပဲဖြစ်ဖြစ်၊ ဘရိတ်ကို အလွန်အကျွံသုံးတာကြောင့်ပဲဖြစ်ဖြစ် အပူလွန်ကဲလာနိုင်ပါတယ်။ ဘရိတ်ပေါ်မှာရှိတဲ့ဝန်ကိုလျှော့ချဖို့ အင်ဂျင်ဘရိတ်ကိုသုံးပါ။

အပူလွန်သွားရင် ဘရိတ်က ကောင်းကောင်းအလုပ်မလုပ်တော့တာကြောင့် အန္တရာယ်ရှိပါတယ်။ ဒီအခြေအနေမှာ ဟောင်းနွမ်းနေတဲ့ ဘရိတ်အုပ်တွေကို အစားထိုးဖို့ စက်ပြင်ဆရာနဲ့ တိုင်ပင်ပါ။

Zombie (lovemedia)

Post a Comment

0 Comments