ကိုးဆယ့်ကိုး မိသားစု

တခါတုန်းက လောကကြီး တခုလုံးကို ပိုင်စိုးထားတဲ့ ဘုရင်ကြီး တပါးရှိတယ်။ ဘုရင်ကြီးက အရာရာကို ပိုင်ဆိုင် ထားသည့်တိုင် အလိုဆန္ဒ မပြည့်ဝခဲ့ဘူး။ မပျော်ရွင်ခဲ့ဘူး။ ပျော်ရွင်ပွဲတွေ ညစာ စားပွဲတွေ ကျင်းပခဲ့လည်း သူ့ဘဝဟာ ဘာဖြစ်လို့ မပျော်ရွင်မှန်း အလို မကျမှန်း မသိဘဲ စိတ်ရှုပ်နေ ခဲ့တယ်။

တနေ့မှာ ဘုရင်ကြီး မနက်စောစော ထပြီး နန်းတော်ထဲ လှည့်ပတ် ကြည့်ရှုခဲ့တယ်။ စားဖိုဆောင် အရောက်မှာ ပျော်ပျော် ရွှင်ရွှင် သီချင်း ညည်းနေသံကို သူကြားလိုက် မိတယ်။ အသံ လာရာနောက် လိုက်ကြည့်တော့ စားဖိုမှူးတဦး ဖြစ်နေတာကို တွေ့တယ်။ သီချင်း ညည်းနေတဲ့ စားဖိုမှူး မျက်နှာပေါ်မှာ ပျော်ရွင်မှုတွေ ထင်ဟပ်နေတယ်။

ဘုရင်ကြီးက တအံ့တသြနဲ့ စားဖိုမှူးကို ဘာကြောင့် ဒီလောက် ပျော်ရွှင်ရသလဲလို့ မေးတယ်။ စားဖိုမှူးက "အရှင်မင်းကြီး ကျွန်တော်မျိုးဟာ စားဖိုမှူး တဦးသာ ဖြစ်ပေမယ့် ကျွန်တော်မျိုးရဲ့ ဇနီး၊ သားသမီးတွေကို ကျွန်တော်မျိုး တတ်နိုင်သလောက် ပျော်ရွှင် စေပါတယ်။ ကျွန်တော်မျိုးတို့ သိပ်များများ မလိုပါဘူး။ နေဖို့ တဲအိမ် တလုံး ရှိမယ်။ ဗိုက်ထဲမှာ အစာ ရှိမယ် ဆိုရင် လုံလောက် ပါပြီ။

အိမ်ကို ကျွန်တော် ယူပြန်တဲ့ မည်သည့် သေးသေးမွှားမွှား အရာမဆို သူတို့ အလိုကို ပြည့်စေပါတယ်။ ကျွန်တော်မျိုး မိသားစုတွေ ပျော်ရွှင်လို့ ကျွန်တော်မျိုးလည်း ဒီလို နေ့တိုင်း ပျော်ရွှင်နေ ရတာပါ" လို့ စားဖိုမှူးက ဖြေတယ်။ ဘုရင်ကြီးက စားဖိုမှူး ပြောတဲ့ စကားတွေကို အမတ်ကြီးနဲ့ တိုင်ပင် ဆွေးနွေးတယ်။ အမတ်ကြီးက "အရှင်မင်းကြီး ဒီစားဖိုမှုးက ၉၉ မိသားစု မဖြစ်သေးလို့ပါ" လို့ ပြောတယ်။

"၉၉ မိသားစု ဆိုတာ ဘာလဲ" လို့ ဘုရင်ကြီးက သိလိုစိတ်နဲ့ မေးတယ်။ "၉၉ မိသားစု ဆိုတာကို သိချင်ရင် အရှင်မင်းကြီး ဒီလိုလုပ်ပါ။ ပထမဦးဆုံး အထုပ် တထုပ်ထဲ ငွေပြား ၉၉ စေ့ကို ထည့်ပြီး စားဖိုမှူးရဲ့ အိမ်တံခါးဝမှာ သွားချထားပါ။ ၉၉ မိသားစုအကြောင်း အရှင်မင်းကြီး အမြန်ဆုံး သိလာ ပါလိမ့်မယ်"

အိမ်ပြန်လာတဲ့ စားဖိုမှူးဟာ အိမ်တံခါးဝက အထုပ်ကို တွေ့တာနဲ့ သိလိုစိတ် ပြင်းပြပြီး အထုပ်ကို ဖြေကြည့် လိုက်တယ်။ အထဲမှာ ငွေကြေးတွေကို တွေ့တော့ ဝမ်းသာအားရ အော်ပါတယ်။ "အလို ငွေတွေ ဒီလောက်များတဲ့ ငွေတွေ" စားဖိုမှူးက အထုပ်ကို စားပွဲပေါ် ဖြေချပြီး ငွေတွေကို စရေတွက် တော့တယ်။

"၉၉ စေ့" ဒီအရေအတွက် မဖြစ်နိုင်ဘူး ဆိုပြီး ငွေတွေကို သူထပ်ရေတွက် ပြန်တယ်။ ဒါပေမယ့် ဘယ်လိုရေရေ ငွေပြားတွေဟာ ၉၉ စေ့ ဖြစ်နေတယ်။ စားဖိုမှူးရဲ့ စိတ်တွေ ရှုပ်ထွေးစ ပြုလာတယ်။ ၉၉ စေ့ မဖြစ်နိုင်ဘူး။ ဘယ်သူကမှ ၉၉ စေ့ပဲ ထည့်ထားမှာ မဟုတ်ဘူး။ ကျန်တဲ့ ငွေပြား ၁ စေ့ ဘယ်ရောက် သွားပြီလဲ။

ဒီလိုနဲ့ ငွေပြား ၁ ပြားကို စ ရှာပါတော့တယ်။ အိမ်ထဲ အိမ်ပြင် မကျန် ရှာတယ်။ အိမ်ဝင်းထဲ ရှာတယ်။ ပင်ပန်း နွမ်းနယ်တဲ့ အထိရှာလည်း ငွေ၁ ပြားကို မတွေ့ခဲ့ဘူး။ သူ မျှော်လင့်ချက်တွေ မဲ့လာတယ်။ စိတ်ထဲမှာလည်း မပျော်ရွင်တော့ဘူး။ ငွေ ၁ ပြားကို မနက်ဖြန် ထပ်ကြိုးစား ရှာမယ်လို့ သူဆုံးဖြတ် လိုက်တယ်။ ဒါမှ သူ့ငွေပြားတွေ တရာ ပြည့်မယ်။

ညက ငွေ ၁ ပြား ရှာရတဲ့ ဒဏ်ကြောင့် နောက် တနေ့ မနက်မှာ အိပ်ရာထ နောက်ကျခဲ့လို့ စားဖိုမှူး စိတ်မပျော်ရွှင် ဖြစ်နေတယ်။ သူ့ကို ဘာဖြစ်လို့ မနှိုးရတာလဲ ဆိုပြီး ဇနီးနဲ့သား သမီးတွေကို သူအော်ငေါက် မိတယ်။ ငွေ ၁ ပြား ရှာဖို့ သူ့အချိန်တွေ ထိခိုက်ကုန်ပြီ လို့ ဆိုတယ်။

စားဖိုဆောင်ကို သူ အလျင်စလို ရောက်လာခဲ့တယ်။ သူ့ပုံစံက ခါတိုင်းလို ပျော်ပျော် ရွှင်ရွှင် ဖြစ်မနေဘူး။ သီချင်းတွေလည်း မညည်းနိုင် သလို ခေါင်းငုံ့ပြီး အလုပ်တွေပဲ သိမ်းကျုံး လုပ်နေခဲ့တယ်။ ဘုရင်ကြီး သူ့ကို တိတ်တိတ်လေး အကဲခတ်နေတယ် ဆိုတာ ကိုလည်း သူ သတိမထားနိုင် တော့ဘူး။ အမတ်ကြီးက "အရှင်မင်းကြီး ဒီစားဖိုမှူးဟာ ၉၉ မိသားစုထဲ လုံးဝ ဝင်ရောက် လာပါပြီ" လို့ ဖြေပါတယ်။

၉၉ မိသားစု ဆိုတာ သူတို့ ဘယ်လောက်ပဲ ပိုင်ဆိုင်ထားသည့်တိုင် မပြည့်ဝတတ် သူတွေ ဖြစ်တယ်။ သူတို့ဟာ အဲဒီ ထပ်ဖြည့်မယ့် ငွေကြေး ၁ ပြား အတွက် အလုပ်တွေကို နေ့မအား ညမအား လုပ်ကြတယ်။ "ရာ" ပြည့်မယ့် သူတို့ရဲ့ လိုအင်ဆန္ဒ အတွက် ပင်ပင်ပန်းပန်း အလုပ် လုပ်ကြတယ်။ "ရာ" ပြည့်နိုင်ဖို့ "တစ်" ကို အားကုန်ခမ်း တဲ့အထိ လိုက်ရှာပြီး ပျော်ရွင်ခြင်းတွေ ကျန်းမာရေးတွေ စွန့်တဲ့လူဟာ ၉၉ မိသားစုပဲ ဖြစ်တယ်။

ဥစ္စာပစ္စည်းရဲ့ တရာပုံ တပုံနဲ့ ပျော်ရွင်ခြင်းကို ဝယ်နိုင်ရင် ဒါဟာ ထိုက်တန်ပါတယ်။ ဒါပေမယ့် ဥစ္စာပစ္စည်း တပုံအတွက် ပျော်ရွင်ခြင်းနဲ့ လဲတာက မထိုက်တန်ပါဘူး။ နိုင်းနိုင်းစနေ

Post a Comment

0 Comments