ကုဋေရှစ်ဆယ် သူဌေးသားမှာ အပြစ်မရှိဘူး

တကယ်တော့ ကုဋေရှစ်ဆယ် သူဌေးသားမှာ အပြစ် မရှိပါဘူး။ နံပါတ်တစ် အပြစ်ရှိတာ သူ့မိဘတွေ။ ဒီလောက် ချမ်းသာရဲ့သားနဲ့ ဘာကြောင့် စာတတ်အောင် မသင်ပေးတာလဲ။ ကျူရှင်တွေ ဂိုက်တွေ ထားပါတော့လား။

နံပါတ်နှစ် အပြစ်ရှိတာ ကျွန်တွေ။ သူ့ကျွန်တွေက သူ့သခင်ကို သစ္စာ မရှိဘဲ ဘာကြောင့် ခိုးယူပြီး ထွက်သွားကြ တာလဲ။ နံပါတ်သုံး အပြစ်ရှိတာ ရွာသားတွေ။ သူ့ဟာသူ မရှိလို့ တောင်းစားတာ၊ ခိုးစားတာလည်း မဟုတ်ဘူး လုစားတာလည်း မဟုတ်ဘူး။ ဓားပြတိုက် စားတာလည်း မဟုတ်ဘူး။

သူ့ဟာသူ ရိုးရိုး သားသား တောင်းစားတာကို စေတနာ ရှိရင် လှူ မရှိရင် မလှူနဲ့ပေါ့။ နင်သာလူမိုက် ဒုစရိုက် ဆိုပြီး ဘာကြောင့် ဝိုင်းရိုက် ကြတာလဲ။ (တာရာမင်းဝေ ၏ အတွေးကို ထပ်ဆင့်ခံစား ရေးသားပါသည်။) Error SiThu

မောင်ငယ်ရင်သွေး၊ နာဘိသေးလော၊ ရှေးသရောခါ၊ ပြည်ဗာရာဝယ် ကုဋေကြွယ်သား၊ သူဌေးအားလျှင် သားတယောက်ဖြစ်၊ ချစ်၍တစေ အိမ်မှာနေ၍၊ စာပေမကျ၊ မိဘစုတေ ခန္ဓာရွေ့သော်၊ အရှေ့အနောက် တောင်မြောက်ဘယ်မှာ၊ မသိပါငြား၊ စာပေမတတ်၊ အရပ်ရပ်သို့၊ နှံအပ်ဥစ္စာ၊ ရှိသည်ငှါကို၊

များစွာကျွန်ပေါင်း၊ မကောင်းခိုးသူ၊ ယူ၍ပြေးရှောင်၊ ထောင်းထောင်းကြေလျက်၊ ခွက်လက်စွဲကာ တောင်းစားပါလည်း၊ နင်သာလူမိုက် ဒုစရိုက်ဟု၊ ရိုက်ပုတ်လိုက်ကြ၊ ရွာမှထွက်လေ တောမှာသေသည်၊ ကောင်သေလင်းတ ကျ၏တည်း။ ဆားတုံဆရာတော်

"ကုဋေရှစ်ဆယ် သဌေးသားက သိပ်သနားဖို့ ကောင်းတယ်နော် ဆရာမ" မျက်ထောက်နီနဲ့ ကြည့်တဲ့ အကြည့် ကျွန်တော် သိတယ်။ "နင်က ဘာ သနားတာလဲ" "နင်သာ လူမိုက် ဒုစရိုက်တဲ့လား ဆရာမရယ်။ သူက ဘာမဟုတ်တာ လုပ်လို့လဲ"

ဆရာမ မျက်လုံးပြူးပြီး ကြည့်တယ်။ ဘာမှ မပြောသေးဘူး။ "သူ့ရှိတဲ့ ပိုက်ဆံလည်း အခိုးခံရတယ်။ လူတွေက ကျေးဇူးတရား နားမလည်ကြ ဘူးနော်"

"သူက ပညာမှ မတတ်တာ"

"ပညာမတတ်ရင် နှလုံးသား မဲ့ရောလား ဆရာမ။ သူ့ပစ္စည်းတွေ အခိုးခံရတာတောင် ပြန်ပြီး မခိုးရကောင်းမှန်း သိလို့ မလုရ ကောင်းမှန်း သိလို့ တောင်းစားတာလေ ဘာလို့ ဝိုင်းရိုက်တာလဲ" "အဲ့ဒါ"

"သားကတော့ အဲ့ဒီ လူ့ပါတ်ဝန်းကျင်ကိုပဲ အမြင်ကတ်တာ။ သူတို့လည်း ပညာမဲ့ လောက်တယ်။ ပညာတင် မကဘူး နှလုံးသားလည်း မဲ့လောက်တယ်"

"ဘာ"

"သားမေးပါရစေ။ အဲ့ဒီ ကဗျာက သဋ္ဌေးသားကို အကောင်း ပြောတာလား မကောင်းပြောတာလား" "မကောင်းပြောတာလေ သားရဲ့ ဟို" "ဒါဆို သူ့ဝိုင်းရိုက်တဲ့ သူတွေက ကောင်းတယ်ပေါ့"

"ကဗျာက ပညာမဲ့တာကို မကောင်း ပြောတာလေ"

"နှလုံးသား မဲ့တာ ကျတော့ရော၊ စာနာစိတ် မဲ့တာ ကျတော့ရော၊ မြေနိမ့်ရာ လှံစိုက်တာ ကျတော့ရော၊ ကူညီရကောင်းမှန်း မသိတာ ကျတော့ရော" "ကဗျာရဲ့ ဆိုလိုရင်းကို သား သိအောင် ကြိုးစား"

"ဆရာမ ဒီမှာကြည့်"

"နင် နင် ရိုင်းလှချည်လား"

"သား ဘာရိုင်းလို့လဲ"

"နင်ငါ့ကို ဘာလို့ လက်ခလယ် ထောင်ပြတာလဲ"

"လက်ခလယ်က ဘာဖြစ်လို့လဲ"

"နင့်ကို ကျောင်းအုပ်ကြီး ရုံးခန်း ပို့မယ်"

"သားပေးချင်တဲ့ ဥပမာက အဲ့ဒါပါ။ သား ဘယ်လို ရှင်းပြ ရှင်းပြ ဆရာမ လက်ခံမှာ မဟုတ်တော့ဘူး။ သား လက်ခလယ်မှာ မှဲ့ပါတယ်။

ပြသူနဲ့ ကြည့်သူမှာ ကိုယ်ပိုင် ယူဆချက်တွေ ရှိတယ်။ တူတဲ့ အခါ တူမယ် ကွဲတဲ့ အခါ ကွဲမယ်။ ဒါပေမယ့် ပြသူမှာ ပို တာဝန်ရှိတယ်။ ဒီကဗျာလည်း ဒီလိုပဲ"

"ဘာဆိုင်လို့လဲ"

"ဆားတုံ ဆရာတော်က ပညာမဲ့တာကို အဆိုး ရေးထားတယ်။ နှလုံးသား မဲ့တာကို အပြစ်တောင် တင်မထားဘူး။ ဆရာမ ဘယ်လို မြင်လဲ မသိဘူး သားကတော့ ဒီလိုပဲ မြင်တယ်။ သားထပ်မေးမယ် ပညာမဲ့တာနဲ့ စာနာစိတ် မဲ့တာ ဘယ်ဟာ ပိုဆိုးလဲ"

ကျနော် ရေးတာနဲ့ ကိုစည်သူ ရေးတာကို ပူးတွဲ တင်လိုက်ပါတယ်။ (ဆောင်းသစ် - သံတွဲ)

Post a Comment

0 Comments