မိတ်ဆွေကောင်းသုံးဦး

တခါတုန်းက သာယာ အေးချမ်းသည့် တောအုပ်ကြီး တခုတွင် ကုရုင်္ဂ အမည်ရှိ သမင်နှင့် ခေါက်ရှာငှက်၊ လိပ်တို့ဟာ အဆွေခင်ပွန်းဖွဲ့ နေထိုင်ကြသည်။ သူတို့ သုံးဦးသည် တဦးအပေါ် တဦး ချစ်ခင် ညှာတာ ထောက်ထား ကြသည်။

တည မှာတော့ ကုရုင်္ဂ သမင်သည် ရေသောက်ဆင်းရင်း မုဆိုးကျော့ကွင်၌ မိသဖြင့် ထိတ်လန့်စွာ အသံပြုလေသည်။ ခေါက်ရှာငှက်နှင့် လိပ်တို့သည် မိတ်ဆွေသမင်၏ အသံကို ကြားသည်နှင့် တပြိုင်နက် အသံလာရာသို့ အပြေး ရောက်လာကြသည်။

ကုရုၤ ဂသမင်၏ ဖြစ်ရပ်ကို မြင်သော် လွတ်မြောက်ရန် အလို့ငှာ တိုင်ပင်ကြ၏။ တိုင်ပင် ထားသည့်အတိုင်း သွားရှိသော လိပ်သည် ကျော့ကွင်းကို စတင် ကိုက်ဖြတ်သည်။ ခေါက်ရှာငှက်သည် ရွာထိပ်ရှိ သစ်ပင်တွင် မုဆိုးအလာကို စောင့်ဆိုင်း နေသည်။

နံနက်ခင်း ဝေလီဝေလင်း အချိန်တွင် မုဆိုးသည် လှံကို ကိုင်၍ ထွက်လာသည်။ ခေါက်ရှာငှက်သည် မုဆိုးကို မြင် သည်နှင့်တပြိုင်နက် မုဆိုး၏ မျက်နှာကို အတောင်ဖြင့် ရိုက်သည်။ မုဆိုးသည် စောစောစီးစီး နိမိတ် မကောင်းဘူး။ မိုးစင်စင် လင်းမှပဲ တောထဲသို့ ဝင်တော့မည်ဟု ကြံပြီး အိမ်ပြန် တရေး အိပ်၏။

မိုးစင်စင် လင်းသော် တဖန် ထွက်လာ ပြန်သည်။ ခေါက်ရှာငှက်လည်း နောက်တကြိမ် အတောင်ဖြင့် ရိုက်ကာ တားစီးသော်လည်း အလုပ် မဖြစ်သဖြင့် တောသို့ အမြန်ပျံကာ မိတ်ဆွေ သမင်နှင့် လိပ်ကို သတင်းပေးသည်။

လိပ်သည် ညလုံးပေါက် ကျော့ကွင်းကို ကိုက်ဖြတ်နေသည်မှာ ကြိုးလွန်း တလွန်းမျှသာ ကျန်တော့သည်။ လိပ်ကလေး၏ သွားများမှာ ကျိုးကြွေလုမတတ် ဖြစ်နေပြီး အာခံတွင်းမှ သွေးအလိမ်းလိမ်း ထွက်၍ နေသည်။

ကုရုင်္ဂသမင်မှာ မုဆိုးကို မြင်သော် အားကုန် ရုန်းသဖြင့် တလွန်းမျှသာ ကျန်တော့သော သားရေ ကျော့ကွင်းမှာ ပြတ်ပြီး လွတ်မြောက်သွားသည်။ သို့သော် လိပ်ကလေးမှာ ပင်ပန်းလွန်းသဖြင့် ထွက်မပြေးနိုင် တော့ဘဲ ထိုနေရာတွင်ပင် ဝပ်ပြီး နေရသည်။

ခေါက်ရှာငှက်သည် သစ်ပင်ပေါ်မှ လည်းကောင်း၊ သမင်သည် မနီးမဝေး ခြုံအကွယ်မှ လည်းကောင်း နေ၍ အခြေအနေကို စောင့်ကြည့် နေသည်။ မုဆိုးသည် ကျော့ကွင်း ပြတ်နေပြီး အနီးတွင် လိပ်ကို တွေ့သဖြင့် လိပ်ကို အိတ်အတွင်း ကောက်ထည့်လိုက်သည်။

သမင်လည်း မိမိကြောင့် မိတ်ဆွေလိပ် အသက်ဘေး ကြုံနေသည်ကို မြင်သောအခါ မနေနိုင်တော့ဘဲ ကယ်တင်ရန် အကြံထုတ်ပြန်သည်။ ကုရုင်္ဂသမင်သည် မုဆိုး မြင်သာသော နေရာမှ ခြေထောက် နာဟန်ပြုပြီး ထော့နဲ့ထော့နဲ့ လျှောက်ပြသည်။

မုဆိုးသည် လိပ် ထည့်ထားသော အိတ်ကို သစ်ငုတ်တိုတွင် ချိတ်ပြီး သမင်နောက်သို့ လိုက်သည်။ သမင်သည် မနှေးမမြန် အရှိန်ဖြင့် မုဆိုးအား သွေးဆောင်ခေါ်ကာ ခပ်ဝေးဝေး ရောက်တော့မှ အရှိန်မြှင့် ပြေးကာ ခြေရာ ဖျောက်လိုက်သည်။

ပြီးမှ လိပ်ရှိရာ သစ်ငုတ်တိုသို့ ပြန်လာပြီး ဦးချိုဖြင့် လွယ်အိတ်ကို ချိတ်ယူပြီး ရေစပ်အနီး မြေပြင်သို့ချကာ မိတ်ဆွေလိပ်ကို ရေသို့ ဆင်းစေကာ လွတ်မြောက်စေသည်။ အဲဒီ ခဏမှာ ခေါက်ရှာငှက် ကလည်း သစ်ပင်ပေါ်ကနေ အောက်ကို ဆင်းလာသည်။

အဲဒီအခါ သမင်က "အဆွေတို့ မုဆိုး မကြာမီ ရောက်လာတော့မယ်။ ဒါကြောင့် အဆွေခေါက်ရှာငှက်က မိမိသားငယ်တို့ကို ခေါ်ပြီး အခြားအရပ်ကို သွားလေတော့။ အဆွေလိပ်က ရေထဲကို ဆင်းလေတော့။ ငါလည်း တောထဲကို ဝင်တော့မယ်" လို့ ဆိုသည်။ အကြံပြုတဲ့ အတိုင်း ပြုမူကြတာကြောင့် မိတ်ဆွေသုံးဦးလုံး ချမ်းသာရာ ရသွားကြသည်။

ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်လာ ကုရုင်္ဂဇာတ်တွင် သမင်၊ လိပ်၊ ခေါက်ရှာငှက် တို့သည် အသက်ဘေးကို ကြောက်ကြသော်လည်း တဦးကိုတဦး မိတ်ဆွေ ပီသစွာ သစ္စာရှိရှိ ကယ်တင်ကြသည်။ မိတ်ဆွေကောင်း ရှိသောသူသည် အသက်အန္တရာယ် ကြုံတွေ့သော်လည်း လွတ်မြောက်ဖို့ အခွင့်အရေး ပိုများသည်။

မိတ်ဆွေကောင်း ရရန်မှာ မိမိမှ စတင် အနစ်နာ ခံတတ်ဖို့ လိုအပ်သည်။ မိတ်ဆွေကောင်းလား မိတ်ဆွေတုလား ဆိုသည်ကို အချိန်နှင့် အတွေ့အကြုံက ခွဲခြားပြပေး ပေလိမ့်မည်။ မိတ်ဆွေကောင်းကို တသက်စာ အတွက် ပေါင်းသင်းဖို့ လိုအပ်သလို မိတ်ဆွေတုများကိုလည်း စွန့်ပစ်ဖို့ အချိန်မဆိုင်းသင့်ပေ။ Crd

Post a Comment

0 Comments