ရောက်တိရောက်ရာ စေတနာ

တခါတုန်းက တောရွာတရွာတွင် သူဆင်းရဲ ထင်းခွေသမား တယောက် ရှိသည်။ ထိုသူ၏ ဇနီးမှာ စိတ်သဘောထား ကောင်းမွန်သူ ဖြစ်၏။ ထင်းခွေသမား လင်မယားသည် တနေ့လုပ် တနေ့စားသာ ဖြစ်၍ ဥပုသ်သီတင်းသီလ မဆောက်တည်နိုင်ဘဲ ရှိလေသည်။

တနေ့တော့ အခါရက် တရက်နှင့် ကြုံကြိုက်၍ ဇနီးသည်က အနီးရှိမြို့မှ တန်ခိုးကြီးစေတီအား သွားရောက်ဖူးမြော်ရင်း ဥပုသ်သီတင်း တည် ဆောက်လိုသည်ဟု ခင်ပွန်းသည်အား ပြောလေသည်။

ထင်းခွေယောက်ျားက "တို့ လင်မယား တနေ့လုပ်မှ တနေ့စားရတာ၊ အူမ မတောင့်လို့ သီလမစောင့်နိုင်ဘူး၊ နှစ်ယောက်စလုံး မြို့ကိုသွားတော့ မဖြစ်ဘူး၊ ငါ အလုပ် လုပ်မယ်၊ မင်းက ရောက်ဖူးရှိအောင် လူကြုံနဲ့ ဘုရားဖူး လိုက်သွားပေါ့" ဟု ဆိုသဖြင့် ဇနီးသည်လည်း သဘောတူညီကာ လူကြုံကောင်းသည်နှင့် တန်ခိုးကြီးစေတီ ဖူးမြော်ရန် မြို့သို့ လိုက်လာခဲ့လေသည်။

မြို့ပေါ်ရှိ တန်ခိုးကြီးစေတီသို့ ရောက်လျှင် ဘုရားရင်ပြင်ပေါ်မှ ရဟန်းတပါးထံတွင် သီလ ယူကြလေသည်။ သို့ရာတွင် ထင်းခွေယောက်ျား၏ ဇနီးသည်မှာ သီလပေး မဆိုတတ်သဖြင့် "ဘုရား၊ ဘုရား" ဟူ၍သာ နှုတ်မှ လိုက်ဆိုရှာလေသည်။

ထို့နောက် ဘုရားရင်ပြင်တော်၌ ရွာမှ ချမ်းသာကြွယ်ဝသူ မြေပိုင်ရှင် သူဌေးကတော်ကြီး ပုတီးစိတ်နေသည်ကို တွေ့ရှိသဖြင့် မိမိလည်း ပုတီးစိပ်လိုသော ဆန္ဒ ပေါ် ပေါက်လာလေသည်။ ထို့ကြောင့် သူဌေးကတော်ကြီး ထံသို့ ကပ်ကာ "သူဌေးကတော်ကြီးရယ် ပုတီးဘယ်လို စိပ်ရမယ်ဆိုတာ သင်ပေးစမ်းပါ၊ ကျုပ်လဲ ပုတီးစိပ်ချင်လို့ပါ" ဟု ဆိုလေသည်။

သူဌေးကတော်ကြီးသည် ဟန်ပန် မျက်နှာထားဖြင့် မကြားသလို ပြုလုပ်နေလေသည်။ ထင်းခွေသမားဇနီးသည် ပုတီးစိပ် သင်ပေးပါရန် ထပ်မံပြောကြားမှ "ညည်းတို့က ပုတီးတောင် မစိပ်တတ်ဘဲ ဥပုသ်စောင့်ချင်တာကိုး၊ ရပါလိမ့်မယ် ကုသိုလ်တွေ" ဟု ပြောဆိုပြီးမှ "ဒီလောက် ပုတီးစိပ်ချင်ရင် ရောက်တိ ရောက်ရာ၊ ရောက်တိ ရောက်ရာလို့ စိပ်ပေါ့အေ့" ဟူ၍ ဆိုလေသည်။

ထင်းခွေယောက်ျား၏ ဇနီးသည်လည်း သူဌေးကတော်ကြီး သင်ကြားပေးသည်ကို အဟုတ် ထင်မှတ်ကာ သဒ္ဓါကြည်ညိုစွာဖြင့် "ရောက်တိရောက်ရာ၊ ရောက်တိ ရောက်ရာ" ဟူ၍ ရေရွတ်ကာ ပုတီးစိပ်လေ၏။

ထင်းခွေယောက်ျား၏ ဇနီးသည် ပုတီးစိပ်နေသည့် အနား၌ မြွေတွင်းတတွင်း ရှိသည်။ ထိုမြွေတွင်း၌ မြွေသူတော်ကောင်း နေထိုင်လေသည်။ ထို မြွေသူတော်ကောင်းသည် အခါရက်များ၌ ဥပုသ်သီတင်းသီလ ဆောက်တည်ပြီး မကောင်းသူကိုပယ်၊ ကောင်းသူကို ကယ်တင်လေ့ ရှိသည်။

မြွေသူတော်ကောင်းလည်း ထင်းခွေယောက်ျား၏ ဇနီးသည်စိတ်သဘောကို နှစ်သက် သဘောကျ၍ "ဒီ သူငယ်မလေးဟာ ရတနာသုံးပါးကို အမှန် ကြည်ညိုလေးစားသူ ဖြစ်တယ်၊ ဒီလို စိတ်သဘောကောင်းတဲ့ သူမျိုး ကူညီမှပဲ" ဟူ၍ နှလုံးသွင်းကာ မြွေတွင်းထဲ၌ ရှိသောငွေများကို ထင်းခွေယောက်ျား ဇနီးသည်အနား၌ ပုံချထားလေသည်။

ထင်းခွေသမား ဇနီးသည်လည်း "ရောက်တိရောက်ရာ" ဟူ၍ မျက်စိမှိတ် အာရုံပြုကာ ပုတီးစိပ်နေရာမှ အဓိဋ္ဌာန် စေ့သဖြင့် မျက်စိ ဖွင့်ကြည့်လိုက်ရာ ငွေပုံကို တွေ့ရှိ၍ အံ့ဩသွားလေ၏။ ထို့နောက် ထိုက်တန်လို့ရတဲ့ငွေ ဟူ၍ ယူဆကာ ငွေပုံကို ယူပြီး အိမ်သို့ ဝမ်းသာအားရာဖြင့် ပြန်သွားလေ၏။

ထင်းခွေယောက်ျားဇနီးသည် သတင်းကို ကြားသိလေလျှင် မြေပိုင်ရှင် သူဌေးကတော်ကြီးလည်း လောဘဇော တိုက်ကာ ဘုရားသို့သွားရောက်၍ ထင်းခွေယောက်ျားဇနီးသည် ပုတီးစိပ်ခဲ့သည့် မြွေတွင်း အနီး၍ ထိုင်လေသည်။ ထို့နောက် "ရောက်တိရောက်ရာ၊ ရောက်တိရောက်ရာ" ဟူ၍ မျက်စိမှိတ် ဟန်ဆောင်ပြီး ပုတီးစိပ်လေသည်။

မြွေကြီးလည်း "ဒီလောက် လောဘဇောတိုက်တဲ့ မိန်းမကြီး လူ့ပြည်ထားလည်း အပိုနေမယ်" ဟု သဘောထားကာ ပေါက်သတ်လိုက်ရာ သူဌေးကတော်ကြီးမှာ "ရောက်တိရောက်ရာ၊ ရောက်တိရောက်ရာ" ဟူ၍ ရေရွတ်ရင်း အသက်ပျောက်ရ လေသတည်း။

ဆောင်ပုဒ် "စေတနာတန်ခိုး သဒ္ဓါတိုး အကျိုးပေးမည်မှတ်"

မောင်ဗိုလ်မွှေး၏ မြန်မာပုံတိုပတ်စများ စာအုပ်မှ ကူးယူဝေမျှပါသည်။ Crd

Post a Comment

0 Comments