ကလေးတွေက မိဘတွေ ထင်ထားတာထက် ကျောင်းမှာ ကဲ့ရဲ့ခြင်းနှင့် အနိုင်ကျင့်ခြင်းတွေကို ခံစားရပါတယ်။ ဒါကိုလည်း လူကြီးတွေက သတိမထားမိကြပါဘူး။ တကယ်လို့ သင့်ကလေးက ဒီလိုမျိုးတွေ ခံစားနေရတယ် ဆိုရင်တော့ သူတို့ကို ဘယ်လိုပြောင်းလဲပေးရမလဲ ဆိုတာကို love media ကနေ တစ်ဆင့်ပြောပြပေးချင်ပါတယ်။
၁။ သင့်ကလေး တကယ်ဖြစ်ချင်တဲ့အရာကို ရှာဖွေခိုင်းပါ။
သင့်ကလေးကို သူတို့ ကောင်းကောင်းလုပ်နိုင်တဲ့ လှုပ်ရှားမှုတွေ ပိုလုပ်ဖို့ တွန်းအားပေးပါ။ အဲဒါက သူတို့ကို ပိုယုံကြည်မှု ရှိစေမှာပါ။ သူတို့ရဲ့ အောင်မြင်မှုတွေအကြောင်း ပြောပြပြီး သူတို့လုပ်နေတဲ့ အလုပ်ရဲ့ ကောင်းကျိုးတွေကို ပြောပြပါ၊ ဒါက သူတို့ကိုယ်သူတို့ ကောင်းတယ်လို့ ခံစားစေပြီး ကိုယ့်ကိုယ်ကို လေးစားမှု တည်ဆောက်ဖို့ ကူညီပေးပါလိမ့်မယ်။
၂။ အကူအညီတောင်းတတ်ဖို့ သင်ပေးပါ။
ကလေးဆိုတာက ကိုယ့်ဘာသာကိုယ် ရပ်တည်ဖို့ ခက်ခဲပါတယ်။ တချို့ကလေးတွေက လုပ်နိုင်ပေမယ့် တချို့က ရှက်တတ်ပြီး ချီတုံချတုံ ဖြစ်ကြပါတယ်။ ဒါ့ကြောင့် သင့်ကလေးကို သူတို့ရဲ့ဆရာတွေကိုပဲဖြစ်ဖြစ်၊ လူကြီ တစ်ယောက်ယောက်ဆီမှာပဲဖြစ်ဖြစ် အကူအညီတောင်းတာက ရှက်စရာ မဟုတ်ကြောင်းကို သင်ပေးသင့်ပါတယ်။
၃။ သူတို့ပြောတာတွေကို နားထောင်ပေးပါ။
ကျောင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေအကြောင်းကို သင့်ကို ပြောပြခိုင်းပါ။ ပြီးရင် သူတို့လုပ်ခဲ့တာတွေကို နားလည်ပေးပါ။ သူတို့ကို ကူညီပံ့ပိုးပေးဖို့ သင်ရှိနေတယ်ဆိုတာ သိရုံနဲ့ သင့်ကလေးအတွက် ကြီးမားတဲ့ စိတ်သက်သာရာရစေနိုင်ပါတယ်။
သင့်ကလေးက သူ့လုပ်ရပ်အတွက် သင်စိတ်ဆိုးသွားမှာစိုးတာကြောင့် စကားတွေ ထိန်ချန်ထားတာမျိုးလဲ မလုပ်ခိုင်းပါနဲ့။ အဲဒါက သူတို့အပြစ်မဟုတ်ပါဘူး၊။ သင်က သူတို့ကို အပြစ်တင်ရင် သူတို့က ပိုစိုးရိမ်လာပါလိမ့်မယ်။
၄။ သူတို့ဖြစ်ပျက်နေတာတွေကို မေးပါ။
ကဲ့ရဲ့တာပဲဖြစ်ဖြစ် အနိုင်ကျင့်တာပဲဖြစ်ဖြစ်၊ ကျောင်းမှာ ဘာတွေဖြစ်နေလဲ ဆိုတာကို ကလေးကို ပွင့်ပွင့်လင်းလင်း ပြောခိုင်းပါ။ ကလေးသဘာဝက အနိုင်ကျင့်တာကို ဝါသနာပါတတ်ပြီး အနိုင်ကျင့်ခံရတာကြာလာတဲ့ ကလေးက သိမ်ငယ်တတ်လာပါတယ်။
၅။ ရန်စတာကို မတုံ့ပြန်ဖို့ ပြောပါ။
အနိုင်ကျင့်သူတွေရဲ့ သဘာဝက သူတို့ရန်စလိုက်လို့ တစ်ဖက်လူ ငိုသွားတာ၊ ဝမ်းနည်းသွားတာကို ကြည့်ပြီး ပျော်နေတတ်ကြတာပါ။ သင့်ကလေးကို စလာရင်လည်း မသိသလို ဟန်ဆောင်နေတတ်ဖို့ သင်ပေးပါ။ ဒီလိုလုပ်တာက ကလေးကို ယုံကြည်ချက် ရှိစေတဲ့အပြင် နောက်လည်း မစရဲတော့ပါဘူး။
၆။ စိတ်ကူးအတွေးနယ်ချဲ့တတ်အောင် သင်ပေးပါ။
Visualization ဆိုတဲ့နည်းလမ်းဟာ သင့်ကလေးကို ကူညီတဲ့နေရာမှာ ထိရောက်တဲ့နည်းလမ်းပဲ ဖြစ်ပါတယ်။ တကယ်လို့ သင့်ကလေးကို တစ်ယောက်ယောက်က ထိခိုက်နစ်နာအောင် လုပ်တာပဲဖြစ်ဖြစ်၊ စကားနဲ့ပဲပြောတာဖြစ်ဖြစ် သင့်ကလေးမှာ ဒိုင်းကာတစ်ခု ရှိနေတယ်၊ အဲဒီဒိုင်းကာက သူ့ကို ကာကွယ်ပေးနေတယ်။ စကားလုံးတွေက သူ့ကိုမထိခိုက်စေဘူး ဆိုတာကို ပြောပြထားပါ။ ဒီနည်းက သင့်ကလေးအတွက် အများကြီး အထောက်အကူ ဖြစ်စေပါတယ်။
၇။ ကဲ့ရဲ့ခြင်းကို ချီးကျူးစကားအဖြစ်သို့ ပြောင်းလဲနည်းကို သင်ပေးပါ။
တချို့တွေက လူတစ်ယောက်ရဲ့ အားနည်းချက်ကိုမှ လှောင်ပြောင်ပြီး ပျော်ရွှင်တတ်ကြပါတယ်။ သင့်ကလေးကလည်း ဒီလိုမျိုး ဖြစ်နေတယ်ဆိုရင် ပြောတိုင်းမခံစားမိစေဖို့ သင်ပေးပါ။ ကိုယ်က သူတို့ထက် ထူးခြားနေလို့၊ ထူးချွန်နေလို့၊ သာလွန်နေလို့ ဒီလိုမျိုးပြောတယ်ဆိုတာကို ပြောပြပါ။
မျက်စိအားနည်းလို့ မျက်မှန်တပ်တာကို လိုက်ပြောနေတယ်ဆိုရင်တောင် ဒါက ဘာမှအားငယ်စရာမဟုတ်ကြောင်း အားပေးပါ။
၈။ လက်ခံတတ်ဖို့ သင်ပေးပါ။
သင့်ကလေးမှာ အားနည်းချက်တစ်ခုခု ရှိရင်တောင် အဲဒီအရာကို လက်ခံတတ်ဖို့ သင်ပေးပါ။ မျက်နှာမှာ တင်းတိပ်တွေရှိနေတာပဲဖြစ်ဖြစ်၊ မျက်မှန်တပ်ထားတာပဲဖြစ်ဖြစ် ဒါတွေက ရှက်စရာ မဟုတ်ဘူးဆိုတာကို ပြောပြပါ။ ကိုယ်ဖြစ်ချင်လို့ ဖြစ်လာတာတွေမဟုတ်ပဲ သူ့အလိုလိုဖြစ်လာတယ်ဆိုတာကို ရှင်းပြပါ။ အရာရာတိုင်းက ကိုယ့်စိတ်တိုင်းကျ မဖြစ်နိုင်ဘူးဆိုတာကို သိအောင်ပြောပြပါ။
love media
0 Comments