လူတွေဘာကြောင့် သေကြတာလဲ

ကချင်ပုံပြင်လေး တပုဒ်ပါ။ ဟိုးရှေးရှေးတုန်းက နေကမ္ဘာမှာ နေကမ္ဘာသူ ကမ္ဘာသားတွေဟာ သေခြင်းတရား ရှိတယ်၊ သေကြတယ်။

အခုလူတွေနေတဲ့ မြေကမ္ဘာမှာတော့ မြေကမ္ဘာသူ ကမ္ဘာသားတွေ ဆိုတာ မသေကြဘူး၊ သေခြင်းတရား မရှိဘူး။ မြေကမ္ဘာမှာ လူသတ္တဝါတွေ သေကြတာ ကတော့ လူတွေကိုက သေချင်ကြလို့ ပဲတဲ့။

ဖြစ်ပုံက ရှေးအခါက လင်းတ တကောင်ဟာ အသိုက်ထဲမှာ ဥတွေ ထားခဲ့ပြီး အစာရှာ ထွက်သွားတယ်။ လင်းတမကြီး အစာရှာ ထွက်သွားတုန်း တောထဲကို မျောက်တအုပ် သစ်ပင်ပေါ်က ခုန်ခုန်ပြီး ပြန်လာတဲ့အခါ အသိုက်ထဲက လင်းတဥကို မြင်တော့ ဖျက်ဆီးပစ် ခဲ့ကြတယ်။

လင်းတမကြီး ပြန်လာတဲ့အခါ သူ့ဥတွေ ပျက်စီးကုန်တာ တွေ့တော့ ဝမ်းနည်းပြီး ငိုတယ်။ ပြီးတော့ "ငါ့ဥတွေ ဖျက်ဆီးတဲ့သူတွေ သေပါစေ" လို့လည်း ကျိန်ဆဲတယ်။ ဒီလို ကျိန်ဆဲ ပြီးတဲ့အခါ သူ့ဥတွေကို ဖျက်ဆီးသူကို အနီးအနား တဝိုက်မှာ ရှာကြည့်တယ်။

ဒီလို ရှာကြည့်တဲ့အခါ သစ်ကိုင်းတကိုင်းပေါ်မှာ အိပ်ပျော်နေတဲ့ (Tsahkai) စခိုင်း လို့ ကချင်လို ခေါ်တဲ့ ရှဉ့်ကလေးတကောင် အိပ်ပျော်နေတာကို တွေ့တယ်။ လင်းတမကြီးက သူ့ဥတွေကို ဖျက်ဆီးတာ ဒီ စခိုင်းရှဉ့်ပဲ လို့ ယူဆပြီး ရှဉ့်ကလေးကို ကိုက်သတ်လိုက်တယ်။

ဒီအချိန်မှာ မိန်းကလေးတစု တောထဲကို ထင်းခွေလာရင်း သစ်ပင်ကြီးတပင်အောက်မှာ စခိုင်းရှဉ့် သေကလေးကို တွေ့တာနဲ့ ကောက်ပြီး အိမ်ကို ယူသွားကြတယ်။

အိမ်ရောက်တော့ ရှဉ့်သေကလေးကို အသုဘသဖွယ် ပြင်ဆင်ပြီး နေကမ္ဘာကို သွားကာ လူ့ပြည် မြေကမ္ဘာက အသုဘပွဲတက်ကြပါလို့ နေကမ္ဘာသားတွေကို ဖိတ်ကြားတယ်။ ဒီလိုဖိတ်ကြား ရတာကလည်း အသုဘပွဲကို နေကမ္ဘာသားတွေ ကသာ လုပ်တတ်လို့ ဖိတ်တာတဲ့။

ဒီလို အသုဘပွဲအတွက် လာဖိတ်တော့ နေမင်းကြီးက မြေကမ္ဘာက လူသားတွေရဲ့ အသုဘပွဲကို အဖွဲ့ကလေး တဖွဲ့လွှတ်လိုက်တယ်။ ဒီအဖွဲ့ကလေးဟာ မြေကမ္ဘာရောက်တော့ အသုဘပြင်ထားတဲ့ နေရာမှာ ကပွဲတွေ လုပ်တယ်။ ပွဲပြီးလို့ ပြန်ကြတော့ "ဒီအသုဘမှာ မသာအလောင်းလဲ မတွေ့ပါကလား" လို့ အချင်းချင်း ပြောမိကြတယ်။

ဒီလို ပြောမိတာနဲ့ မသင်္ကာ ဖြစ်လာကြလို့ အသုဘလုပ်တဲ့ နေရာကို ပြန်သွားပြီး မသာအလောင်းကို ရှာကြတယ်။ သူတို့က ဘီးပျောက်လို့ လိုက်ရှာကြတာပါ လို့ ဆိုပေမယ့် မသာအလောင်းကို ရှာကြတာပဲ။ လူသေအလောင်းကို မတွေ့ဘဲ စခိုင်းရှဉ့်ကလေး အသေကောင် ကိုသာ တွေ့ကြတယ်လေ။

ဒီအဖွဲ့ဟာ နေကမ္ဘာကို ပြန်ရောက်တော့ နေမင်းကြီးကို သူတို့ သွားခဲ့တဲ့ အသုဘပွဲ အကြောင်းကို ပြောပြတယ်။ အဲ့ဒီမှာ နေမင်းက အင်မတန်စိတ်ဆိုးပြီး "ဒီလူသားတွေဟာ သိပ်ကို သေချင်နေကြပြီလား" လို့ ကြုံးဝါးကာ "ကနေ့က စပြီး မြေကမ္ဘာ လူတိုင်း သေစေ" လို့ ကျိန်ဆဲလိုက်တယ်။

အဲဒီအချိန်က စပြီး လူတွေဟာ သေမျိုးချည်းဘဲ ဆိုတာ ဖြစ်လာတယ်လို့ ရှေး ကချင်လူကြီးများက ဆိုခဲ့ကြပါတယ်။ phoomyatchal လူထုဦးလှရဲ့ တိုင်းရင်းသားပုံပြင်များစာအုပ်

Post a Comment

0 Comments