အားနည်းချက်ရှိရင် မအောင်မြင်နိုင်ဘူးတဲ့လား

"ငါ့မှာက သူများတွေလို အင်္ဂလိပ်စာလည်း မတတ်ဘူး၊ ဘွဲ့ဆိုလည်း မရခဲ့ဘူး၊ ဒီတသက်တော့ အောင်မြင်မယ် မထင်တော့ ပါဘူးကွာ" ဆိုပြီး သူငယ်ချင်း တယောက်က သူ့အားနည်းချက် တွေကို ရင်ဖွင့်လာ ပါတယ်။

အင်္ဂလိပ်စာ မတတ်တိုင်း၊ ဘွဲ့မရတိုင်း ဘဝမှာ လူချမ်းသာ တယောက် မဖြစ်နိုင်တော့ ဘူးလားဗျာ။

ဒီနေ့ခေတ်မှာ အင်္ဂလိပ်စာ မတတ်ဘဲနဲ့ အောင်မြင်နေတဲ့ လူတွေ အများကြီး ရှိသလို ဘွဲ့မရ ဘဲနဲ့ (ဘီလ်ဂိတ် တို့လို မက်ခ်ဇူကာဘတ် တို့လို) ချမ်းသာ နေတဲ့ သူတွေလည်း တပုံ တပင် ပါပဲ။

ကဲ ဒါဆို ဥပမာ တခု ပေးကြည့် ရအောင်ဗျာ။ ဟိမဝန္တာ တောနတ်ကြီး ထဲမှာ ကိုယ်ခန္ဓာ အကြီးဆုံး သတ္တဝါ ကတော့ ဆင်ပါ။ အပြေး အမြန်ဆုံး သတ္တဝါ ကတော့ ကျားသစ်နော်။ အရပ် အရှည်ဆုံး သတ္တဝါ ကလည်း သစ်ကုလားအုတ် ပါပဲ။

ဒါပေမယ့် တောသုံးတန်၊ တောင်သုံးတန်ကို အုပ်ချုပ် နေတဲ့ သတ္တဝါက ဆင်လည်း မဟုတ်သလို၊ ကျားသစ်လည်း မဟုတ်ဖူး နော်။ အားလုံး သိတဲ့ တောဘုရင်က ခြင်္သေ့ ပါပဲ။

ခြင်္သေ့ ဟိန်းလိုက်မယ် ဆိုရင် ကျန်တဲ့ အကောင်တွေ ဖိန့်ဖိန့် တုန်အောင် ကြောက်ကြတယ်။ အံ့သြစရာ မကောင်းဘူးလား ဗျာ။ ခြင်္သေ့က ဆင်လောက်လည်း အကောင် မကြီးသလို ကျားသစ် လောက်လည်း အပြေး မမြန် ပါဘူး။

သစ်ကုလားအုတ် လိုလည်း အရပ်မြင့်ဖို့ နေနေ သာသာ ခြင်္သေ့ တကောင်ဟာ အရပ် ၄ ပေ ထက် မပိုပါဘူး။ ခြင်္သေ့မှာ သူများတွေမှာ ရှိတဲ့ အားသာချက်တွေ မရှိဘဲနဲ့ ဘာဖြစ်လို့ တောဘုရင် ဖြစ်နေတာလဲ။

ခြင်္သေ့ဟာ ရဲစွမ်းသတ္တိ အပြည့် ရှိတယ်။ သူ့ရှေ့မှာ ဖြတ်သွားတဲ့ ဘယ်သတ္တဝါ မဆို အကောင် ဘယ်လောက် ကြီးကြီး ဂရု မစိုက်ဘူး။ အကုန်လုံးဟာ သူ့ သားကောင်ပဲ။

လမ်းလျှောက်တာက အစ ယုံကြည်မှု အပြည့်နဲ့ လျှောက်တယ်။ အားသွန် ခွန်စိုက် ရုန်းကန်တယ်။ ဘယ်လို အန္တရာယ်မျိုးပဲ ကြုံလာ ပါစေ အကုန်လုံး ရင်ဆိုင်မယ် ဆိုတဲ့ သတ္တိမျိုး ရှိတယ်။

ကဲ တောဘုရင် ခြင်္သေ့ကို သင်ခန်းစာ ယူပြီးတော့ ကျွန်တော်တို့ တွေလည်း ဘာတွေ လုပ်နိုင် မလဲ။ အင်္ဂလိပ်စာ ကျွမ်းကျင်တာ တွေ၊ ဘွဲ့ ဒီဂရီ အားသာချက် တွေ မရှိ ရင်လည်း နေပါစေတော့။ တကယ်တမ်း လိုအပ်တာက အနိုင်မခံ အရှုံး မပေးတဲ့ စိတ်ဓာတ်၊ ရဲစွမ်းသတ္တိ၊ ယုံကြည်ချက်တွေ ရယ်ပါ။

ကဲ မိမိကိုယ်ကိုသာ ယုံကြည်ချက် အပြည့် ရှိရင် အားလုံး စွမ်းဆောင်နိုင် ပါတယ်။ နေ့တိုင်း အတွက် ခြင်္သေ့လို ယုံကြည်ချက် တွေ မွေးဖွား ရအောင်လား ဗျာ။ ကျော်စိုးအောင် (အခရာ)

Post a Comment

0 Comments