တခါတုန်းက အဘိုးကြီးနဲ့ ကောင်လေးတယောက်ဟာ အတူတူ နေထိုင်ကြတယ်။ ကောင်လေး မိဘတွေဟာ ကားတိုက်မှု ဖြစ်ပြီး ကွယ်လွန်သွားကြတယ်။ ကောင်လေးကို သူ့ မိဘတွေရဲ့ အဖေဖြစ်တဲ့ သူ့အဖိုးက စောင့်ရှောက်ထား သတဲ့ကွယ်။
တနေ့တော့ ကောင်လေးနဲ့ သူ့အဖိုး လမ်းထွက်လျှောက် ကြတယ်။ လမ်းလျှောက်နေရင်း ၁၅ မိနစ်လောက် နေတော့ လမ်းလေးရဲ့ တနေရာမှာ ရှိတဲ့ ထိုင်ခုံလေးမှာ ထိုင်လိုက်ကြတယ်။ သူတို့ မြင်ကွင်းရဲ့ မလှမ်းမကမ်းမှာ သူတောင်းစားလေး တယောက်က ခွက်ကလေးနဲ့ ထိုင်တောင်းနေတာကို မြင်နေရတယ်။
သူတို့ ထိုင်ပြီး ၅ မိနစ်လောက် နေတော့ အဲ့နေရာကို ဆင်းရဲတဲ့ ပုံစံနဲ့ ကောင်လေးတယောက် လမ်းလျှောက်လာတယ်။ အဲ့ကောင်လေးက သူတောင်းစားလေးနား ရောက်တော့ သူ့ပိုက်ဆံအိတ်ထဲက ပိုက်ဆံ အနည်းငယ်ကို ထုတ်ပြီး သူတောင်းစားလေး ခွက်ထဲကို ထည့်လိုက်တယ်။ ထည့်လည်းပြီးရော ကောင်လေးက သူသွားစရာ ရှိတာကို ဆက်သွားတယ်။
သူတောင်းစားလေးကလည်း ပါးစပ်ကနေ "ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဘေးအန္တာရယ် ကင်းရှင်းပါစေ" ဆိုပြီး ဆုတောင်းပေးလိုက်တယ်။ အဲဒီမြင်ကွင်းကို အဘိုးကြီးနဲ့ ကောင်လေးက ကြည့်နေတယ်။ ဆုတောင်းစကား ပြောပေးတာကိုလည်း အဘိုးကြီးနဲ့ ကောင်လေးက ကြားလိုက်ရတယ်။
နောက် ၁၅ မိနစ်လောက် နေတော့ အဲဒီလမ်းလေးကို သူဌေးပုံစံနဲ့ လူတယောက် ရောက်လာတယ်။ ရောက်လာတော့ သူတောင်းစားလေးက ခွက်လေးကို ရှေ့တိုးပြီး တောင်းတာပေါ့။ ဒါပေမဲ့ သူဌေးပုံစံနဲ့ လူက မထည့်တဲ့ အပြင် ခွက်ကို ခြေထောက်နဲ့ ကန်သွားတယ်။
အဲဒီတော့ သူတောင်းစားလေးက သူ့ပါးစပ်ကနေ မြန်မြန် ကားတိုက်သေပါစေ၊ မြွေကိုက်သေပါစေ၊ ရက်ရက်စက်စက် သေပါစေ ဆိုပြီး ပြောလိုက်တယ်။ အဲ့လို ခြေထောက်နဲ့ ခွက်ကို ကန်သွားတဲ့ မြင်ကွင်းရော သူတောင်းစားလေး ပါးစပ်က ပြန်ပြောလိုက်တဲ့ စကားတွေကိုရော အဘိုးကြီးနဲ့ ပါလာတဲ့ ကောင်လေးက မြင်လည်းမြင်၊ ကြားလည်း ကြားလိုက်ရတယ်။
အဲ့တော့ ကောင်လေးက သူ့အဘိုးကို "အဘိုး ဆင်းရဲသားပုံစံ ကောင်လေးနဲ့ သူဌေးပုံစံ လူကြီးမှာ ဘယ်သူက ပိုပြီး စိတ်ကောင်းရှိပြီး လူတွေအတွက် ပိုအသုံးဝင်တာလဲ" လို့ မေးလိုက်တယ်။ သူအဘိုးကလည်း "မြေးလေး အဲ့ဒီမြင်ကွင်းနဲ့ ပက်သက်ပြီး မြေးလေးကို ပုံပြင်တပုဒ် ပြောပြမယ် နားထောင်" ဆိုပြီး ကောင်လေးကို ပုံပြင်တပုဒ် ပြောပြလိုက်ပါတယ်။
ဟိုရှေးရှေးတုန်းက အိမ်လေးတအိမ်မှာ ကောင်မလေးတယောက် ရှိသတဲ့။ တနေ့တော့ အဲ့ကောင်မလေးကို သူ့သူငယ်ချင်း တယောက်က ရေသန့်ဘူးနဲ့ ဖျော်ရည်ဘူး လက်ဆောင်လာပေးသတဲ့။ အဲ့ကောင်မလေးလည်း ရေသန့်ဘူးနဲ့ ဖျော်ရည်ဘူးကို စာပွဲပေါ် တင်ထားလိုက်ပြီး သူ့သူငယ်ချင်းနဲ့ စကားပြောနေသတဲ့ကွယ်။
အဲ့အချိန်မှာ ရေသန့်ဘူးနဲ့ ဖျော်ရည်ဘူးဟာ စကားများကြသတဲ့ကွယ်။ မာန်ထောင်ပြီး ဖျော်ရည်ဘူးက စပြောတယ် "ဟိတ် ရေသန့်ဘူး၊ လူတွေအတွက် မင်းက ဘာအသုံးဝင်သလဲကွ။ ငါလောက် တန်ဖိုးကြီးပြီး အသုံးဝင်သလား"
ရေသန့်ဘူးလေးက သိမ်ငယ်စွာနဲ့ "ဟုတ်ကဲ့ပါဗျာ၊ ကျွန်တော် ခင်ဗျားလောက် ဘယ်လိုလုပ် တန်ဖိုးရှိမှာလဲ။ ကျွန်တော်က ရိုးရိုးရေလေ။ ဒါပေမဲ့ ကြည့်လိုက်။ ကျွန်တော်က ပိုအသုံးဝင်၊ အရာရောက်ကြောင်း ခင်ဗျား သိလိမ့်မယ်"
ဖျော်ရည်ဘူးကလည်း "စိန်လိုက်လေ ဘယ်ကောင် အရင်ကုန်မလဲ ဆိုတာ ကြည့်လိုက်ကြရအောင်" ဆိုပြီး ဖျော်ရည်ဘူးက ရေသန့်ဘူးကို ပြန်ပြောလိုက်တယ်။
အဲ့ဒီ့အိမ်ပိုင်ရှင် ကောင်မလေးက သူ့သူငယ်ချင်းနဲ့ စကားပြောပြီး အိမ်ထဲ ပြန်လာရော ရေဘူးကို အရင် ကောက်သောက်လိုက်တယ်။နောက်ပြီး ဟင်းချက်တယ်။ ဟင်းချက်ပြီး ပင်ပန်းတော့ ရေဘူးနဲ့ ဖျော်ရည်ဘူး တင်ထားတဲ့ စားပွဲကို ရောက်လာပြန်ပြီး ရေဘူးထဲက ရေတွေနဲ့ မျက်နှာသစ်လိုက်တယ်။
နောက်ပြီး အပေါ်ခဏ တတ်သွားပြီး စာအုပ်ဖတ်ပြီး စာပွဲတွေ ရှင်းနေတယ်။ ရေဘူးနဲ့ ဖျော်ရည်ဘူး တင်ထားတဲ့ စာပွဲခုံကို ပြန်လာတယ်။ နောက်ပြီး ရေဘူးထဲက ရေနဲ့ သူ့ရဲ့ ပေနေတဲ့လ က်တွေကို ဆေးကြောလိုက်တယ်။ နောက်ပြီး လုပ်စရာရှိတာ ဆက်လုပ်တယ်။
အဲ့ဒီ့မှာရေဘူးက "မြင်လား၊ ခင်ဗျားဟာ တန်ဖိုးကြီးပေမယ့် လူတွေအတွက် ကျွန်တော်လောက် အသုံးမဝင်ဘူး၊ အရာမရောက်ဘူး။ ကျွန်တော်ဟာ တန်ဖိုးနည်းပြီး ရိုးရိုးရေ ဖြစ်နေပေမယ့် လူတွေအတွက် ပိုအသုံးဝင်တယ် အရာရောက်တယ်" ဆိုပြီး ရေဘူးက ဖျော်ရည်ဘူးကို နားလည်သဘောပေါက် သွားအောင် ပြောပြလိုက်တယ်။
အဲဒီအခါမှာ ဖျော်ရည်ဘူးလည်း တန်ဖိုးကြီးလို့ လူတွေအတွက် ပိုအသုံးဝင်တယ် ဆိုတဲ့ မာန်ထောင်နေတဲ့ စိတ်ကြီး ပျောက်ကွယ်သွားတော့သတဲ့ကွယ်လို့ အဘိုးကြီးက ကောင်လေးကို လမ်းလျှောက်လာတဲ့ သူဌေးကြီးနဲ့ ဆင်းရဲသားကောင်လေးတို့ရဲ့ တန်ဖိုးနဲ့ အသုံးဝင်ပုံ၊ ပိုပြီးစိတ်ကောင်းရှိပုံ တို့ကို ကောင်လေး နားလည်သဘောပေါက်အောင် ပြောပြလိုက်ပါတော့တယ်။ Crd
0 Comments