အလိုအပ်ဆုံးသူ

တက္ကသိုလ် တခုတွင် ကျောင်းဆင်းခါနီး ဆရာက "ကစားနည်း တခု ကစားရအောင် ဆရာနဲ့ အတူ ဘယ်သူ ပါဦးမလဲ" ကျောင်းသူ တဦး ထရပ်ပြီး စတိတ်စင်ပေါ် တက်လိုက်သည်။ ဆရာက "သင်ပုန်းပေါ်မှာ ကိုယ့်နဲ့ အရင်းနှီးဆုံး လူ (၂၀) ဦးရဲ့ နာမည်ကို ရေးလိုက်ပါ"

သူမက ဆရာ ပြောသည့် အတိုင်း အိမ်နီးချင်း၊ သူငယ်ချင်း၊ ဆွေမျိုးသားချင်း၊ မိသားစု နာမည် များကို ရေးချ လိုက်သည်။ ထို့နောက် ဆရာက "အဲဒီ နာမည်တွေ ထဲက မရှိလည်း ဖြစ်တယ်၊ မလိုအပ်ဘူး လို့ ထင်တဲ့ နာမည်ကို ဖျက်လိုက်ပါ"

အိမ်နီးချင်း တယောက်၏ နာမည်ကို သူမ ဖျက်လိုက်သည်။ ဆရာက "နောက် တယောက် ထပ်ဖျက် လိုက်ပါဦး" ဆိုတော့ သူငယ်ချင်း တယောက်၏ နာမည်ကို ဖျက်လိုက် ပြန်သည်။ ဆရာ ပြောတိုင်း သူမက တယောက်ပြီး တယောက် ဖျက်လိုက်နှင့် နောက်ဆုံး သင်ပုန်း ပေါ်တွင် လူသုံးဦး သာ ကျန်ခဲ့သည်။ ထိုသူများမှာ မိဘ၊ လင်ယောက်ျားနှင့် သားသမီး ဖြစ်သည်။

ကျောင်းသားများ အားလုံး စိတ်ဝင်တစား သင်ပုန်းကိုသာ စူးစိုက် ကြည့်နေ ကြသည်။ စာသင်ခန်း တခုလုံးမှာ တိတ်ဆိတ် နေပြီး ကစားနည်း တခု ကစားနေတာ နှင့်ပင် မတူတော့ပေ။ ဆရာက တည်ငြိမ်သော အသံဖြင့် နာမည်တခု ထပ် ဖျက်ခိုင်း ပြန်သည်။

သူမမှာ အရွေးရ ခက်သော ဟန်ဖြင့် အကြာကြီး စဉ်းစား ပြီးမှ "မိဘ" ဆိုသည့် နာမည်ကို ကြက်ခြေခတ် ဖျက်ချ လိုက်သည်။ "နောက်တယောက် ထပ်ဖျက်လိုက်" ဘေးမှ ဆရာ၏ အသံက ထပ်မံ ထွက်လာ ပြန်သည်။ ဒီတခေါက် သူမ ဖျက်ချဖို့ လက်မြှောက်ရာ တွင်ပင် အင်အား ကုန်ခမ်းနေဟန် တူသည်။

လက်ကို ဖြေးဖြေးချင်း မြှောက်ပြီး "သားသမီး" ဆိုသည့် နာမည်ကို ဖျက်ချသည်နှင့် တပြိုက်နက် စိတ်ထိခိုက်သော အသံဖြင့် ချုံးပွဲချ ငိုကြွေး လေတော့သည်။ ဆရာက သူမအား နှစ်သိမ့်ပြီး

"ကိုယ့်ရဲ့ အလိုအပ်ဆုံးနဲ့ အရင်းဆုံး လူဟာ မိဘနဲ့ သားသမီး ဖြစ်သင့်ပါတယ်။ မိဘက ကိုယ့်ကို ကြီးပြင်း လာတဲ့ အထိ ကျွေးမွေး စောင့်ရှောက် ခဲ့တယ်။ သားသမီးက ကိုယ့်ဝမ်းနဲ့ လွယ်ပြီး မွေးထား ရတဲ့ သူတွေ ဖြစ်တယ်။ သူတို့က အစား ပြန်မရ နိုင်တဲ့ လူတွေ ဖြစ်တယ်။ လင်ယောက်ျားက နောက်တယောက် ထပ်ယူလို့ ရပါလျက်နဲ့ ဘာဖြစ်လို့ မဖျက်ဘဲ ချန်ထား ခဲ့ရ သလဲ" ဟု မေးလေသည်။

ကျောင်းသားများ ကလည်း သူမ၏ အဖြေကို စိတ်ဝင် တစား စောင့်မျှော် နေကြသည်။ သူမက ထ၍ ဖြေပုံမှာ "အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံး သွားတာနဲ့ အမျှ မိဘ တွေက ကျွန်မကို ထားပြီး အရင် ထွက်သွား ကြလိမ့်မယ်။ သားသမီးတွေ ကလည်း ကြီးပြင်း လာရင် ကျွန်မကို ခွဲပြီး သွားကြ လိမ့်မယ်။ အဲဒီ အချိန်မှာ ကျွန်မ ဘေးမှာ တသက်လုံး ကူညီ ဖေးမမဲ့ သူဟာ ကျွန်မ ခင်ပွန်းသာ ဖြစ်ပါ တော့မယ်။ ဒါကြောင့် သူ့ကို မဖျက်ဘဲ ချန်ထား ခဲ့ရခြင်း ဖြစ်တယ်" ဟု တည်ငြိမ်စွာ ပြန်ဖြေ လေသည်။

ဘဝမှာ အလိုအပ်ဆုံး လူဟာ ဘယ်သူ ဖြစ်နိုင်မလဲ။ "အသွားမတော် တလှမ်း၊ အစားမတော် တလုတ်" ဆိုသလို "အယူမတော် တသက်" လို့ရော ပြောလို့ ရနိုင် မလား။ ဒါမှမဟုတ် "အိမ်ထောင်မှု၊ ဘုရားတည် ဆေးမှင်ရည် စုတ်ထိုး ဤသုံးမျိုး ချက် မပိုင်လျှင် နောင်ပြင်ရန် ခက်လိမ့်မည်" ဆိုတဲ့ အတိုင်း မြန်မာလူမျိုးတွေ အတွက်တော့ ဆရာပြောသလို မကောင်းရင် နောက်တယောက် ပြောင်းလို့ ဖြစ်ပါ့ မလား။ ကျွန်မကို မေးခဲ့ရင် ပြန်ဖြေဖို့ တော်တော် ခက်ပါ လိမ့်မယ်။

နောက်ဆုံး အဖြေကို ပိုင်ပိုင် နိုင်နိုင်နဲ့ ဖြေခဲ့တဲ့ အဲဒီ ကျောင်းသူ ကတောင် မိဘနဲ့ သားသမီးကို ဖျက်တဲ့ အချိန်မှာ တုံ့ဆိုင်း နေခဲ့ သေးတယ်။ ကျွန်မလို ဖြေဖို့ အဖြေတောင် မရှိတဲ့ လူကတော့ အဲဒီ နေရာမှာတင် မူးလဲ သွားမလား မပြောတတ် ပါဘူး။ အခုတော့ အဖေ့ ဘေးမှာ အမေပဲ ကျန်ပြီး အမေ့ ဘေးမှာ အဖေပဲ ကျန်နေ ခဲ့တဲ့ လူတွေကို မေးရင် ဘာများ ပြန်ဖြေ လိမ့်မလဲ။ Crd

Post a Comment

0 Comments