တခါတုန်းက ရွာလေးတရွာက လူငယ်လေး တယောက်ဟာ သူ့ချစ်ကြိုက်နေတဲ့ မိန်းကလေးနဲ့ လက်ထပ်ပြီး မကြာခင်မှာ အဝေး တနေရာကို အလုပ် လုပ်ဖို့ ထွက်သွားတယ်။ သူဟာ ဆင်းရဲလွန်းလို့ မိန်းမကို ချမ်းချမ်းသာသာ ထားချင်လို့ပါ။ သူက သူ့အပေါ်မှာ သစ္စာရှိဖို့ မိန်းမကို မှာပြီး ထွက်ခွာသွားတယ်။
ရွာတရွာကို ရောက်သွားပြီး အသက်ကြီးကြီး လယ်သမားကြီး တယောက်ဆီမှာ အလုပ် ဝင်လုပ်လိုက်တယ်။ လယ်သမားကြီးဟာ ရိုးသားပြီး ပညာဉာဏ် ရှိပုံရတယ်။ လူငယ်လေးက အဖိုးကြီးနဲ့ အလုပ် မဝင်ခင်မှာ သဘောတူညီချက် တခု ယူလိုက်တယ်။ အဲဒါက သူကို ထမင်းကျွေးဖို့နဲ့ သူ့ရဲ့လုပ်အားခ တွေကို သိမ်းထားပေးဖို့ရယ်၊ သူ အလုပ် ထွက်တဲ့အခါ လုပ်အားခအားလုံးကို ပြန်ပေးဖို့ပါ။ အဖိုးကြီးကလည်း သဘောတူ ပါတယ်။
လူငယ်လေးဟာ အလုပ်ကို ကြိုးစား လုပ်တယ်။ အဖိုးကြီးက သူ့ကို အတော်လေး သဘောကျတယ်။ သူ အဲဒီမှာ အလုပ် လုပ်နေတာ အနှစ် ၂၀ ကြာသွားပြီ။ သူ့မိန်းမဆီကိုလည်း တခေါက်မှ ပြန်မရောက်လို့ အိမ်ပြန်ချင်စိတ် ပေါ်လာတယ်။
ဒါနဲ့ သူက အဖိုးကြီးကို ပြောတယ်။ သူအလုပ် ထွက်တော့မှာမို့ သူ့ရဲ့ လုပ်အားခတွေကို အားလုံး ပြန်ပေးဖို့ပေါ့။ အဖိုးကြီးက အိတ်ကြီးတလုံးကို လူငယ် (အခုတော့ အသက် ၄၀ ရှိပြီပေါ့) ရဲ့ ရှေ့က စားပွဲပေါ်မှာ တင်လိုက်ပြီး ခုလို ပြောလိုက်တယ်။
"ငါတို့ သဘောတူထားတဲ့ အတိုင်း အနှစ် ၂၀ လုပ်ခဲ့တဲ့ မင်းရဲ့ လုပ်အားခ ပိုက်ဆံတွေအားလုံး ဒီအိတ်ကြီးထဲမှာ ရှိတယ်။ ငါ မင်းကို အကြံ ၃ ခု ပေးချင်တယ်။ အဲဒီအကြံတွေကို ယူမယ်ဆိုရင် မင်းရဲ့ လုပ်အားခတွေကို ယူသွားလို့ မရဘူး။ ဒါမှမဟုတ် ငါပေးတဲ့ အကြံတွေကို မယူချင်ဘူး ဆိုရင် ပိုက်ဆံတွေကို ယူပြီး မင်းအိမ်ကို ပြန်လို့ရပြီ။ မင်းကို တရက် စဉ်းစားချိန် ပေးမယ်"
လူငယ်ဟာ တနေကုန် စဉ်းစားတယ်။ အဖိုးကြီးရဲ့ အကြံတွေကို ယူရမလား။ ပိုက်ဆံပဲ ယူလိုက်ရမလား။ ဒါပေမဲ့ အဖိုးကြီးဟာ ပညာဉာဏ်နဲ့ ပြည့်စုံသူမို့ တန်ဖိုးရှိတဲ့ အကြံတွေ ဖြစ်မယ်လို့ တွေးမိပြီး သူပေးတဲ့ အကြံ ၃ ခုကို ယူဖို့ ဆုံးဖြတ်လိုက်တယ်။နောက်တနေ့ မနက်မှာ သူက အဖိုးကြီးကို အကြံပေးတာကို ယူမယ်။ ပိုက်ဆံ မယူတော့ဘူးလို့ ပြောပြလိုက်လို့ အဖိုးကြီးက သူ့ကို ခုလို အကြံ ၃ ခု ပေးလိုက်တယ်။
(၁) ဘယ်တော့မှ ဖြတ်လမ်းကို မလိုက်နဲ့။ အသက်အန္တရာယ် ရှိတယ်။ (၂) ဘယ်တော့မှ မစပ်စုနဲ့။ မကောင်းဆိုးဝါးကို စပ်စုမိရင် သေတတ်တယ်။ (၃) စိတ်ဆိုးနေချိန်မှာ ဘယ်တော့မှ ဆုံးဖြတ်ချက် မချနဲ့။ အဲလို လုပ်မိတဲ့ အတွက် နောင်တရချိန်မှာ နောက်ကျသွားပြီ။ လူငယ်လည်း အဖိုးကြီးကို ဦးချကန်တော့ပြီး သူ့ရွာကို အမြန် ခရီးနှင် ပါတော့တယ်။
နှစ်ပေါင်း ၂၀ ကြာပြီ ဆိုတော့ သူ့ရွာကို သွားတဲ့ လမ်းကို မမှတ်မိတော့ဘဲ လမ်းရှာမရ ဖြစ်နေတယ်။ လူစိမ်းတယောက် သူ့အနားကို ရောက်လာပြီး ဘာဖြစ်နေတာလဲလို့ မေးတယ်။ လူငယ်က ရွာကို ပြန်ဖို့ လမ်းရှာမတွေ့ လို့ပါလို့ ပြောတယ်။ ဟိုလူက ရွာကို အမြန် ရောက်ချင်ရင် ဖြတ်လမ်းရှိတယ်။ သူ့နဲ့ လိုက်ခဲ့ လို့ ပြောတယ်။ သူလည်း လိုက်မလို့ လုပ်ရင်း အဖိုးကြီးရဲ့ ပထမအကြံကို သွားသတိရမိတယ်။ (၁) ဘယ်တော့မှ ဖြတ်လမ်းကို မလိုက်နဲ့။ အသက်အန္တရာယ်ရှိတယ်။ ဒါကြောင့် သူဟာ မလိုက်တော့ဘူးလို့ ပြောလိုက်တယ်။
အမှန်က ဟိုလူဟာ ဓါးပြဂိုဏ်းတခုက အဖွဲ့သားပါ။ သူဟာ ခရီးသွားတွေကို လမ်းပြပေးမယ်လို့ ညာပြောပြီး သူ့အဖွဲ့သားတွေ ရှိတဲ့ နေရာကို ရောက်တဲ့အခါ ပစ္စည်းယူ လူသတ်နေကျပါ။ လူငယ်လည်း ခရီးဆက်ရင်း ညမိုးချုပ်လာလို့ တည်းခိုခန်း တခုမှာ ဝင်တည်းလိုက်တယ်။
ခရီးပန်းလွန်းလို့ အိပ်မော ကျသွားတယ်။ ညသန်းခေါင်ယံ အချိန်မှာ တည်းခိုခန်း အပြင်ဖက်ကစူးစူးဝါးဝါး အော်သံတွေ ကြားရတယ်။ သူဟာ သူ့အခန်းတံခါးကို ဖွင့်ပြီး ကြည့်မလို့ ကြံလိုက်တယ်။ နောက်တော့ အဖိုးကြီးရဲ့ ဒုတိယအကြံ ခေါင်းထဲ ပေါ်လာတယ်။ (၂) ဘယ်တော့မှ မစပ်စုနဲ့။ မကောင်းဆိုးဝါးကို စပ်စုမိရင် သေတတ်တယ်။ ဒါကြောင့် သူဟာ တံခါးဖွင့်မကြည့်တော့ဘဲ အိပ်ယာထဲဝင် ပြန်အိပ်လိုက်တယ်။
မနက်ကျတော့ တည်းခိုခန်းပိုင်ရှင်က သူ့ကို ညက အော်သံတွေကြောင့် တံခါးဖွင့် မကြည့်ဘူးလားလို့ မေးတယ်။ သူက မကြည့်ဘူးလို့ ပြန်ဖြေတယ်။ ပိုင်ရှင်က သူ့ကို ခုလို ပြောပြတယ်။ "ခင်ဗျားဟာ အသက်ရှင်လျက်နဲ့ ဒီတည်းခိုခန်းက ပထမဆုံး ထွက်သွားရတဲ့သူပါ။ ခင်ဗျားအရင်က လာတည်းကြ သူတွေဟာ ညရောက်လို့ အော်သံကြားတာနဲ့ အခန်းတံခါး ဖွင့်ကြည့်ကြတဲ့ အခါ မကောင်းဆိုးဝါး တကောင်က သူတို့ကို တောထဲကို ကိုက်ချီယူသွားပြီး စားပစ်လိုက်တယ်"
နောက်ဆုံးတော့ လူငယ်ဟာ သူ့အိမ်ကို ညပိုင်းမှာ ရောက်သွားပါတယ်။ အိမ်တံခါးကို ခေါက်မလို့ လုပ်နေတုန်း မီးရောင်အောင်မှာ သူ့မိန်းမကို လူတယောက်နဲ့ စားပွဲတခုမှာ ရင်းရင်းနီးနီး ထိုင်စကား ပြောနေတာကို ပြုတင်းပေါက် ကနေ တွေ့လိုက်တယ်။
သူဟာ ရုတ်တရက် အရမ်း စိတ်ဆိုးသွားတယ်။ အိမ်ထဲဝင်ပြီး သစ္စာမရှိတဲ့ မိန်းမနဲ့ အဲဒီလူကို ပါလာတဲ့ ဓါးနဲ့ ခုတ်သတ်မလို့ ကြံရွယ်လိုက်တယ်။ ဒီအခါမှာလည်း အဖိုးကြီးရဲ့ တတိယအကြံကို သွားသတိရလိုက်တယ်။ (၃) စိတ်ဆိုးနေချိန်မှာ ဘယ်တော့မှ ဆုံးဖြတ်ချက် မချနဲ့။ အဲလို လုပ်မိတဲ့အတွက် နောင်တ ရချိန်မှာ နောင်ကျသွားပြီ။
ဒါနဲ့ ဓါးနဲ့ ခုတ်ဖို့ အကြံကို လက်လျှော့လိုက်ပြီး အိမ်ရှေ့တံခါး အပြင်ဖက်မှာ မောမောနဲ့ အိပ်ပျော်သွားတယ်။ မနက်မိုးလင်းတော့ သူ့မိန်းမက အိမ်ရှေ့တံခါးကို ဖွင့်လိုက်တော့ အိပ်မောကျနေတဲ့ သူ့ယောက်ျားကို တွေ့လိုက်တယ်။ မိန်းမဟာ သူ့ကို ဖက်ပြီး ငိုနေတယ်။
သူလည်း မိန်းမကို တွန်းပစ်မလို့ လုပ်တယ်။ ဒါပေမဲ့ မတွန်းဖြစ်တော့ပဲ မိန်းမကို ပြန်ဖက်ရင်း "ညတုန်းက မင်းနဲ့ စားပွဲမှာ ထိုင်စကားပြောနေတာ ဘယ်သူလဲ" လို့ မေးလိုက်တယ်။ မိန်းမဖြစ်သူက "အဲဒါ ရှင့်သားလေ။ ရှင် ရွာက ထွက်သွားတုန်းက ကျွန်မမှာ ရှင်နဲ့ ရခဲ့တဲ့ ကိုယ်ဝန် ကျန်ခဲ့တယ်။ ရှင့်သားက အခု အသက် ၂၀ ရှိပြီ။ အခု သူ့အခန်းထဲမှာ အိပ်ပျော်နေတယ်"
လူငယ် (အခု လူကြီး) ဟာ သူ့ရဲ့ လုပ်အားခ ပိုက်ဆံတွေကို မယူဘဲ အဖိုးကြီးရဲ့ အကြံ ၃ ခုကို ယူမိလိုက်တာ မှန်လိုက်လေခြင်းလို့ စိတ်ထဲက ရေရွတ် နေလိုက်တယ်။ ပုံပြင်က မဆုံးသေးပါ။ လူငယ်ဟာ အဖိုးကြီးကို ကန်တော့ပြီး ထွက်လာခါနီးမှာ အဖိုးကြီးက ပေါင်မုန့်ထုတ် ၃ ထုတ်ကို ပေးလိုက်ပါတယ်။ အစိမ်းရောင် စက္ကူနဲ့ ထုတ်ထားတဲ့ ပေါင်မုန့် ၂ ထုတ်ကို လမ်းမှာ စားဖို့နဲ့ အနီရောင် စက္ကူနဲ့ ပတ်ထားတဲ့ ပေါင်မုန့်ကို သူ့အိမ်ပြန်ရောက်မှ မိန်းမနဲ့ အတူစားဖို့ မှာလိုက်ပါတယ်။
လူငယ်လည်း မိန်းမနဲ့ အဆင်ပြေသွားပြီမို့ ရေမိုးချိုးပြီး ဗိုက်ဆာလာတာနဲ့ တခုခု စားချင်လာတယ်။ အဲဒီအခါကျမှ အဖိုးကြီး ပေးလိုက်တဲ့ အနီရောင်စက္ကူ ထုတ်ထားတဲ့ ပေါင်မုန့်ကို သတိရမိတယ်။ မိန်းမကို အတူလာစားဖို့ ခေါ်လိုက်ပြီး ပေါင်မုန့်ထုတ်ကို ဖွင့်ကြည့်လိုက်တော့ ရွှေဒင်္ဂါးပြားတွေကို တွေ့လိုက်ရ ပါတော့တယ်။ Bamaw Thein Phe
0 Comments