တခါတုန်းက တာဝတိံသာနတ်ပြည်က နတ်သမီးလေးတပါးဟာ လူ့ပြည်ကို နတ်မျက်စိနဲ့ ကြည့်မိသတဲ့။ အဲဒီလို ကြည့်မိတဲ့အခါ လူ့ပြည်မှာ ဝါတွင်းကာလ ဖြစ်တာမို့ လူတွေအများကြီး ဥပုသ်စောင့်ကြတာကို တွေ့ရတာပေါ့။
အဲဒီအခါ နတ်သမီးလေးက သိကြားမင်းကြီးကို အရှင်သိကြားမင်း၊ လူ့ပြည်မှ လူတွေဒီလောက် ဥပုသ်စောင့်ကြရင် သူတို့ ကွယ်လွန်တဲ့အခါ နတ်ပြည်ရောက်ကြမှာမို့ နတ်ပြည်မှာ နေစရာမှ ရှိပါဦးမလားလို့ လျှောက်ထားလိုက်တယ်။
သိကြားမင်းက တရားတော်နဲ့ အညီ ဥပုသ်စောင့်တတ်မှ ကုသိုလ်က ရတာ။ ကုသိုလ်ရမှ နတ်ပြည်ရောက်နိုင်တာ။ ဥပုသ်စောင့်တိုင်း နတ်ပြည်ရောက်နိုင်တာ မဟုတ်ဘူး။ သင်မယုံကြည်ရင် လူတွေ ဥပုသ်စောင့်တတ် မစောင့်တတ်နဲ့ ဥပုသ်စောင့်တဲ့သူတွေထဲက နတ်ပြည်ရောက်နိုင်တဲ့သူ ပါ မပါကို ငါလက်တွေ့ပြမယ်လို့ နတ်သမီးလေးကိုပြောပါတယ်။
အဲဒီနောက် သိကြားမင်းဟာ မိမိကိုယ်ကို အသက် ၆၀ ကျော် အဘိုးကြီးအသွင် ဖန်ဆင်းလိုက်ပြီး နတ်သမီးလေးကိုတော့ ၁၆ နှစ် အရွယ် အပျိုမလေးလို ဖန်ဆင်းကာ လူ့ပြည်ကို ဆင်းသက်လိုက်တယ်။ လူ့ပြည်ရောက်တဲ့အခါ ဥပုသ်သည်တွေ စုဝေးနေတဲ့ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဇရပ်တွေဘက်ကို စုံတွဲခုတ်ပြီး သွားလာ လည်ပတ်ကြသတဲ့။
အဲဒီအခါ ဇရပ်တဆောင်ပေါ်မှာ အမျိုးသမီးတစုဟာ ဥပုသ်စောင့်တယ် ဆိုပြီး စုဝေးဝိုင်းဖွဲ့ကာ သူများအတင်းတွေ ပြောနေကြတယ်။ အဲဒီအနား လူယောင်ဖန်ဆင်းတဲ့ သိကြားမင်းတို့ စုံတွဲ ရောက်သွားတဲ့အခါ ဇရပ်ပေါ်က အမျိုးသမီးတစ်စုက ၁၆ နှစ်ရွယ် သမီးပျိုလေးကို "ဟဲ့သူငယ်မ ညည်းနဲ့အဘိုးကြီး ဘာတော်သလဲ။ ညည်းအဖေလား ယောက်ျားလား" လို့ စပ်စပ်စုစု မေးကြသတဲ့။
မိန်းမပျိုယောင် ဆောင်ထားတဲ့ နတ်သမီးက "အဘိုးကြီးဟာ ကျွန်မရဲ့ ခင်ပွန်းပါရှင့်" လို့ ဖြေတဲ့အခါ ဥပုသ်စောင့်တဲ့ အမျိုးသမီးတွေက မေးငေါ့ပြီး "ကြည့်စမ်းပါဦးတော် ရုပ်ကလေး သနားကမား ပျိုပျိုရွယ်ရွယ်ကလေးနဲ့ ဒီသေခါနီး အဘိုးကြီးကိုပဲ ယူရသလား။ တကယ်ဆိုရင် ရွယ်တူတန်းတူ ယူရောပေါ့အေ။ ဟိုအဘိုးကြီးကလည်း သေခါနီးမှ ရိက္ခာယူရတယ်လို့။ နွားအို မြက်နုကြိုက်ဆိုတာ ဒါမျိုးပေါ့" လို့ တယောက်တပေါက် အတင်းပြောကြသတဲ့။
အဲဒီကနေ နောက်တနေရာကို ရောက်သွားတဲ့အခါ အမျိုးသားတွေ စုပြီးနေတဲ့ ကျောင်းဆောင်တခု အနားကို ရောက်သွားတယ်။ အဲဒီနားကို သူတို့စုံတွဲ ရောက်သွားတယ် ဆိုရင်ပဲ ယောက်ျားတွေက "ကြည့်စမ်းဟေ့ မလိုက်တဲ့ စုံတွဲကွာ။ အဘိုးကြီးကလည်း မခေဘူးနော်။ ကောင်မလေးကို မုန့်ပေးပြီး ကြိုက်တာနေမှာ။ ကောင်မလေးကတော့ ကံဆိုးတာပဲ။ မကြာခင်မှာ မုဆိုးမ ဖြစ်တော့မယ်။ ဟဲ့ကောင် မုဆိုးမဖြစ်သွားရင် တို့သွားပြီး တန်းစီကြရင် မကောင်းဘူလား" လို့ မကြားတကြား သရော်ကြသတဲ့။
အဲဒီကျောင်းဆောင်ဘက်က ထွက်ပြီးနောက် ရေအိုးစင် တခုနားကို ရောက်သွားတယ်။ အဲဒီရေအိုးစင်နားမှာ အဘွားအိုတဦးဟာ ဘယ်သူနဲ့မျှ စကားမပြောဘဲ မျက်စိမှိတ်ပြီး စိပ်ပုတီးကိုပဲ အသာစိပ်နေသတဲ့။ မိန်းမပျိုယောင် ဆောင်ထားတဲ့ နတ်သမီးလေးက အဖွားအိုနားကိုသွားပြီး "အဖွား ဒီရေအိုးစင်မှာ ရေရှိသလား။ ကျွန်မ ခင်ပွန်း ရေဆာနေလို့ပါရှင်" လို့ ခွင့်တောင်းတဲ့အခါ အဘွားအိုက "ရှိပါတယ် သူငယ်မရယ်။ သဘောရှိ သောက်ပါ။ ကုသိုလ်လိုချင်လို့ အဘွားကိုယ်တိုင် ခပ်ထားတာပါ" လို့ ပြောပါတယ်။
ပြီးတော့မှ အဘိုးကြီးယောင် ဆောင်ထားတဲ့ သိကြားမင်းကို တချက်လောက် ကြည့်လိုက်ပြီး "သြော်မောင်ကြီးရယ် သူငယ်မရဲ့ ခင်ပွန်းသည်ကိုး။ ဒီလိုပေါ့အေရယ် ရှေးက ရေစက်ဆိုတာ အမျိုးမျိုး ဆုံစည်းရတာပဲ။ စိတ်ကောင်းကောင်း ထားပြီး ဖခင်နဲ့တူသော ခင်ပွန်းရယ်လို့ သဘောထားရမှာပဲ။ ရိုရိုသေသေ ပြုစုပေါ့ကွယ်" လို့ ဆုံးမစကားပြောပါတယ်။ အဲဒီနောက်တော့ သိကြားမင်းနဲ့ နတ်သမီးလေးတို့ဟာ နတ်ပြည်ကို ပြန်သွားသတဲ့။
နတ်ပြည်ရောက်တဲ့အခါ သိကြားမင်းက "ကိုင်း ဘယ့်နှယ့်ရှိစ၊ လူ့ပြည်မှာ ဥပုသ်စောင့်တဲ့ သူတွေကတော့ များပါရဲ့၊ အများစုက စေတနာ မသန့်ကြဘူး။ ရိုးရိုးသားသား ကုသိုလ် လိုလားပြီး ဥပုသ်စောင့်တဲ့သူက နည်းတယ်။ ဒါကြောင့် အခု ဥပုသ်စောင့်တဲ့ သူတွေထဲမှာ နောက်ဆုံးတွေ့တဲ့ အဘွားအိုတယောက်ပဲ နတ်ပြည်ရောက်လိမ့်မယ်။ ကျန်လူတွေကတော့ ထုံးစံအတိုင်း အောက်ပြည်သွားကြရမှာပဲ" လို့ နတ်သမီးလေးကို ပြောပြပါတယ်။
ဥပုသ်စောင့်ခြင်းရဲ့ အသွင်သဏ္ဍာန်နဲ့ အနှစ်သာရ မတူ ကွဲပြားပုံကို ခွဲခြား ဖော်ပြလိုတာပါ။ အနှစ်သာရ မပါတဲ့ အသွင်သဏ္ဍာန် ဆိုတာ တကယ်တော့ အကာသက်သက်ပါပဲ။ Crd
0 Comments