မမြင်ရသော အရာ

တခါတုန်းက တိုင်းပြည်တခုမှာ ပညာရှိ အမတ်ကြီးတပါး ရှိတယ်။ တနေ့ နန်းတွင်းညီလာခံ အပြီးမှာ မင်းကြီးက အမတ်ကြီးကို မေးတော်မူတယ်။ "အမတ်ကြီး လူတွေမှာ ဘာအရေးကြီးဆုံးလဲ" တဲ့။

အမတ်ကြီးက "မှန်လှပါဘုရား လူတယောက်မှာ ဘာအရေးကြီးဆုံးလဲ ဆိုရင် မမြင်ရတာတွေက ပိုပြီး အရေးကြီးကြောင်းပါ ဘုရား" "ဘယ်လိုများလဲ အမတ်ကြီး" "မှန်လှပါ အရှင်မင်းကြီး၊ လက်တွေ့သိချင်ရင် ပြိုင်ပွဲတခု ကျင်းပပေးပါ"

အဲ့လိုနဲ့ မင်းကြီးလည်း သိချင်တာနဲ့ ပြိုင်ပွဲတခု ကျင်းပခွင့် ပေးလိုက်တယ်။ ပြိုင်ပွဲရဲ့ စည်းကမ်းက ကိုယ်ချစ်တဲ့သူကို ထမ်းပြီး လာရမယ်။ သက်မှတ်တဲ့ နေရာ ရောက်ရင် ရောဂါပေါင်းစုံ ပျောက်ကင်းပြီး ခွန်းအားပြည့် ဆေးတခွက် သောက်သုံးရမှာ ဖြစ်ပြီး မိမိ အလိုရှိရာ တခုကို ရယူရမှာ ဖြစ်တယ်။

အဲ့လိုနဲ့ ပြိုင်ပွဲစတော့ ပထမဆုံး လူကြီးတယောက်က မကျန်းမာတဲ့ ကလေးတယောက်ကို ထမ်းပြီး ဆေးခွက်ရှိရာကို ရောက်တော့ ကလေးငယ်ကို တိုက်လိုက်တယ်။ ကလေးက အဲ့ဆေးလည်း သောက်ပြီးရော လန်းဆန်းလာတယ်။ ကြိုက်တာယူဖို့ ချထားတဲ့ ဆုတွေထဲက ကတ္တီပါ စောင်ထူတထည်ကို ယူသွားတယ်။

နောက်တယောက်က ထမ်းပြီး ဝင်လာတယ်။ အမျိုးသားတဦးက အမျိုးသမီးတဦးကို ထမ်းပြီး ဝင်လာတယ်။ ဆေးခွက်ရှေ့ ရောက်တော့ တယောက် တဝက် သောက်တယ်။ ဆုကိုတော့ နားကပ်တရံ ယူပြီး အမျိုးသမီးကို ဆင်ပေးလိုက်တယ်။

တတိယအတွဲ ပြိုင်ပွဲထဲ ဝင်လာတယ်။ ရွယ်တူတန်းတူ နှစ်ယောက်။ ဆေးခွက်ရှေ့ ရောက်တော့ မင်းသောက် ငါသောက်နဲ့ တယောက်တလှည့်သောက်သွားတယ်။ ယူသွားတဲ့ ပစ္စည်းက ရွှေခွက်တစုံ။

နောက်တတွဲ ထမ်းပြီး ဝင်လာပြန်တယ်။ လူငယ်တဦးက အိုမင်းမစွမ်းတဲ့ လူတယောက်ကို ထမ်းလာပြီး ဆေးကို သောက်စေတယ်။ ပြီးတော့ ရတနာပစ္စည်း တခုကို ယူသွားတယ်။ အဲ့လိုနဲ့ ပြိုင်ပွဲက ပြီးသွားတယ်။ မင်းကြီးက အမတ်ကြီးကို မေးတယ် အဖြေဘယ်မှာလဲ တဲ့။

အမတ်ကြီးက ရိုသေစွာ လျှောက်တယ် "အရှင်မင်းကြီး နှလုံးသားနဲ့ ခံစားပြီး ဦးနှောက်နဲ့ ဆုံးဖြတ်တော်မူပါ။ ပထမဆုံး ဝင်လာတဲ့ လူကြီးနဲ့ကလေးဟာ ဆိုရင် တုနှိုင်းမမှီတဲ့ မေတ္တာ တရားကို ဖော်ပြပါတယ် ဘုရား။

ဒုတိယ ဝင်လာတဲ့ အတွဲဟာ ချစ်သူနှစ်ဦးရဲ့ ချစ်ခြင်းကို ပြသပြီး သံယောဇဉ်ကို ဖော်ပြနေပါတယ် ဘုရား။ တတိယ ဝင်လာတဲ့ လူရွယ်နှစ်ဦးကတော့ တဦးနဲ့တဦး သစ္စာရှိမှု ယုံကြည်မှုကို ဖော်ပြတဲ့ မိတ်ဆွေကောင်းတို့ရဲ့ ခံယူချက်ကို ဖော်ပြနေပါတယ် ဘုရား။

နောက်ဆုံးဝင်လာတဲ့ လူရွယ်နဲ့ လူအိုကတော့ ကျေးဇူးတရား သိတတ်ပြီး ကျေးဇူး ဆပ်တတ်တဲ့ လူတော်လူကောင်းတို့ရဲ့ အကျင့်ကို ဖော်ပြပါတယ်ဘုရား"

"ဒါဆို ဘယ်အတွဲက အရေးကြီးဆုံးလဲ အမတ်ကြီး"

"အရှင်မင်းကြီး သတ်ရင်လည်းသေ ထားရင်လည်း နေပါ့မယ့် ဘုရား။ အရှင်မင်းကြီးရဲ့ ခြေဖဝါးတော်နဲ့ လက်တော် ဘယ်ကို စွန့်လွှတ်မည်နည်း"

"ဘယ်အရာမှ မစွန့်လွှတ်လိုပါ အမတ်ကြီး"

"အရှင်မင်းကြီးရဲ့ အမြင်အာရုံနဲ့ အကြားအာရုံ ဘယ်အရာကို စွန့်လွှတ် မည်နည်း"

"ဘယ်အရာမှ မစွန်လွှတ်လိုပါ အမတ်ကြီး။ အမတ်ကြီးပြောသော အရာတွေ စုံမှသာ သွားလာ ယူနိုင် ကြားနိုင် မြင်နိုင်မည် အမတ်ကြီး"

"မှန်လှပါဘုရား၊ ထို့အတူပဲ လူထဲက လူဖြစ်ဖို့လည်း ပထမအတွဲလို မေတ္တာတရားလည်း ရှိရမည်၊ ဒုတိယအတွဲလို သစ္စာရှိသော အချစ်လည်းရှိရမည်၊ တတိယအတွဲလို မိတ်ဆွေကောင်းစိတ်လည်း ရရှိမည်၊ နောက်ဆုံးအတွဲလို သူ့ကျေးဇူးကို သိတတ်တဲ့ စိတ်လည်း ရှိရပါမည် ဘုရား။ ဒါကြောင့် လူတယောက်အတွက် အရေးကြီးအရာတွေဟာ မျက်စိနဲ့ မမြင်ရသော အရာတွေ ဖြစ်ပါတယ် ဘုရား။ Crd

Post a Comment

0 Comments