စစ်ပွဲကြားမှာ အသက်ရှင်ကျန်ရစ်လို့ ယူကရိန်းအစိုးရက မွေးစားလိုက်တဲ့ကြောင်လေး

ယူကရိန်းနဲ့ ရုရှားစစ်ပွဲဖြစ်တဲ့အခါ လူသားတွေမက တိရစ္ဆာန်တွေလည်း ထိခိုက်နစ်နာကြပါတယ်။ စစ်ပွဲတွေဖြစ်နေတဲ့ကြားမှာ အသက်မသေဘဲ ရှင်ကျန်ရစ်တဲ့ကြောင်လေးတစ်ကောင် ရှိပါတယ်။


အဲဒီကြောင်လေးကို ယူကရိန်းပြည်ထဲရေးဝန်ကြီးဌာနက မွေးစားလိုက်ပါတယ်။

ယူကရိန်းပြည်ထဲရေးဝန်ကြီးဌာနရဲ့အကြံပေး Anton Gerashchenko က ကြောင်လေးကို မွေးစားလိုက်ကြောင်း Twitter မှာ ကြေညာခဲ့ပါတယ်။

ရုရှားကျူးကျော်မှုကြောင့် Kyiv မြို့က အုတ်ကျိုးအုတ်ပဲ့တွေ ကျန်ရစ်ခဲ့ပါတယ်။ မီးသတ်သမားတွေက အလောင်းတွေကို ရှာဖွေရင်းနဲ့ အုတ်ကျိုးအုတ်ပဲ့တွေကြားမှာ အသက်မသေဘဲ ရှင်ကျန်ရစ်တဲ့ ကြောင်လေးတစ်ကောင်ကို တွေ့သွားပါတယ်။

ကြောင်လေးက အသက်ရှင်နေသေးပေမယ့် ခန္ဓာကိုယ်ဟာ အနည်းငယ်မီးလောင်ကျွမ်းထားပြီး ဒဏ်ရာတွေ ရနေခဲ့ပါတယ်။ ကြောင်လေးကို ကွန်ကရစ်အုတ်တွေကြားထဲကနေ ကယ်ဆယ်ခဲ့ပါတယ်။

"သူ့သခင်တွေလည်း အသက်ရှင်နေဦးမယ်လို့ မျှော်လင့်ပါတယ်" လို့ Anton Gerashchenko က ပြောပါတယ်။ လောလောဆယ်မှာတော့ ကြောင်လေးကို ဆေးကုပေးပြီး ကောင်းကောင်း စောင့်ရှောက်ပေးထားပါတယ်။

ဒါတင် မကသေးပါဘူး။ ကြောင်လေးက အစိုးရရဲ့အဖွဲ့ဝင် တစ်ယောက်ဖြစ်တာကြောင့် အရေးကြီးတဲ့ အစည်းအဝေးတွေ အားလုံးကို တက်မှာပါလို့ ပြောထားပါတယ်။ ကြောင်လေးရဲ့သတင်းက ဝမ်းနည်းမှုတွေ အများကြီး ရှိနေပေမယ့် ဝမ်းသာစရာလေးတစ်ခု ဖြစ်ခဲ့ပါတယ်။

" ကြောင်လေးက ယူကရိန်းနိုင်ငံရဲ့ ကြံ့ခိုင်စွမ်းအားပြည့်မှုရဲ့ အမှတ်အသားပါပဲ" လို့ Twitter အသုံးပြုသူတစ်ယောက်က မှတ်ချက်ပေးထားပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments