အကျင့်ဆိုးတဲ့ သစ်ပင်

တခါတုန်းက ဖခင်တဦးဟာ သူ့သားလေးကို ပညာရှိကြီးတဦးဆီ ခေါ်သွားပါတယ်။ ပညာရှိကြီးဆီကို ရောက်တော့ သူ့သားလေးကို သိသင့် သိထိုက်တဲ့ ပညာများ သင်ပေးဖို့ ပြောပြီး သူ့သားလေးကို ထားကာ ပြန်သွား ပါတယ်။

ညနေရောက်တော့ ပညာရှိကြီးက လမ်းထွက်လျှောက်တော့ အဲဒီကောင်လေးကို ခေါ်သွားပါတယ်။ တနေရာမှာ ရေညှိတွေ တက်နေတဲ့ကျောက်တုံး တတုံးကို တွေ့တော့ အဲဒီကောင်လေးကို ရေညှိတွေ ခွါခိုင်းသတဲ့။ ကောင်လေးလည်း ပျော်ပျော်ပဲ ရေညှိတွေကို ဆွဲခွါနေပါတယ်။

သူ့ကို ရေညှိတွေ ခွာတာ ရပ်ခိုင်းပြီး ဆက်လျှောက်လာတော့ လမ်းဘေးမှာ တွေ့တဲ့ မြက်ပင်လေးတွေကို တပင်စီ နှုတ်ခိုင်းပြန်ရော။ ကောင်လေးလည်း မြက်ပင်တွေကို တပင်စီ ဆွဲနှုတ်နေတာ ပျော်လို့တောင် နေပါသေးတယ်။

မြက်ပင်တွေက အမြစ်တွေ ပါပါ လာတာ ကြည့်လို့ ကောင်းတယ်လို့ သူထင်နေပါတယ်ကွယ်။ ခဏနေတော့ သူ့ကို ရပ်ခိုင်းပြီး ဆက်လျှောက်ကြ ပြန်ပါတယ်။ တနေရာ ရောက်တော့ ဒူးဆစ်လောက် ရှည်နေတဲ့ အပင်ငယ်လေးတွေကို နှုတ်ခိုင်းပြန် ပါရောကွယ်။

အဲဒီကောင်လေးလည်း လက်နှစ်ဘက်နဲ့ အပင်လေးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ဆွဲနှုတ်ပါတယ်။ သူ့ခမျာ အားစိုက်ပြီး နှုတ်ရပါတယ်။ ဒါပေမဲ့ ခိုင်းတာကိုသူ ပြီးအောင် လုပ်ပြခဲ့ပါတယ်။ အဲဒီလိုနဲ့ ဆက်လျှောက်လာရင်းက လူ့ခါးအရွယ်လောက် ရှိတဲ့ အပင်ပျိုလေး တပင်ကို တွေ့တော့ နှုတ်ခိုင်းပြန် ပါရောကွယ်။

ကောင်လေးက ပညာရှိကြီးကို မျက်မှောင်ကြုံ့ ကြည့်ပါတယ်။ နှုတ်လေ ဆိုတော့ ကောင်လေးက စိတ် မပါ့တပါနဲ့ နှုတ်ကြည့်ပါတယ်။ ပညာရှိကြီးက "ကြိုးစားပြီး နှုတ်ကြည့်ပါ" ဆိုတော့ နောက်တကြိမ် ကြိုးစားကြည့်ပေမယ့် မရပါဘူးကွယ်။

"ကဲ မရရင်လည်း ထားလိုက်တော့" ဆိုတာနဲ့ ကောင်လေးလည်း ဝမ်းသာသွားပါတယ်။ ပညာရှိကြီးက ခပ်လှမ်းလှမ်းက သစ်ပင်ကြီးတပင်ကို လက်ညှိုးထိုးပြပြီး "မောင်ရင် အဲဒီသစ်ပင်ရော နှုတ်နိုင်ပါ့မလား" ဆိုတော့ ကောင်လေး လန့်သွားပါတယ်ကွယ်။

အဲဒီတော့မှ ပညာရှိကြီးက ပြောပါတယ်။ "အေး၊ အကျင့်ဆိုး ဆိုတာ ဒီသစ်ပင်တွေ လိုဘဲ။ ငယ်တုန်းက နှုတ်ရတာ လွယ်တယ်။ ကြီးထွားလာရင် နှုတ်လို့ မရတော့ဘူး။ ဒီကနေ့ သင်ခန်းစာကို မင်းသတိရပါစေ" လို့ ပြောလိုက်ပါတော့တယ်။

အင်္ဂလိပ် စကားပုံ တခု ရှိပါတယ်။ "အစမှာတော့ လူက အကျင့်တွေကို ဖန်တီးတယ်။ နောက်တော့ အကျင့်တွေက လူကို ပြန်ဖန်တီးတယ်" တဲ့။

ငယ်ငယ်လေးထဲက လိမ်တတ်တဲ့ ကလေးလေးဟာ ကြီးလာရင် ငလိမ်ကြီးဘဲ ဖြစ်လာမှာ ပါဘဲ။ ငယ်ငယ်လေးထဲက ခိုးတတ်တဲ့ ကလေးလေးဟာ ကြီးလာရင် သူခိုးကြီး ဖြစ်လာမှာပါဘဲ။ crd

Post a Comment

0 Comments