အချိန်ဆိုတာ အကန့်အသတ်ရှိတယ်

တခါတုန်းက တောဘုရင် ခြင်္သေ့မင်းကြီး တကောင် ရှိပါသတဲ့။ သူ့မှာ အလွန် ယုံကြည် စိတ်ချရပြီး တာဝန်ကျေတဲ့ လူယုံတော်တယောက်လည်း ရှိတယ်။ သူကတော့ ရှဉ့်တကောင်ပဲ ဖြစ်တယ်။ ရှဉ့်ကလေးဟာ ခြင်္သေ့မင်းကြီး ခိုင်းသမျှကို မညဉ်းမညူဆောင်ရွက်ပေးလေ့ ရှိတယ်။

အဲဒီလို ဆောင်ရွက်တဲ့ နေရာမှာလည်း မြန်မြန် ပြီးတဲ့အပြင် အမှားအယွင်း မရှိသလောက်လည်း နည်းပါးတာကြောင့် ခြင်္သေ့မင်းကြီးက အင်မတန်မှပဲ သဘောကျတယ်။ ဒါကြောင့်လည်း ခြင်္သေ့မင်းကြီးက ရှဉ့်ကလေးကို ဆင့်ခေါ်လိုက်ပြီး ဒီလို ပြောတယ်။

"မင်းဟာ အင်မတန် တော်တဲ့ ကျေးကျွန်တယောက် ဖြစ်တဲ့အတွက် ငါကိုယ်တော် အင်မတန် သဘောကျတော် မူသကွဲ့။ ဒါကြောင့်လည်း မောင်မင်း အသက်အရွယ် ကြီးရင့်လို့ အငြိမ်းစား ယူတဲ့ အခါမှာတော့ လှည်းတစီးတိုက် ရှိတဲ့ မက်မွန်သီး တွေကို ဆုတော်လာဘ်တော် အဖြစ် ဂုဏ်ပြုပေးမယ် လို့ ငါကိုယ်တော် ကတိထားပါတယ်" လို့ ပြောခဲ့တယ်။

ရှဉ့်ကလေးဟာ အရမ်း အံ့သြဝမ်းသာ သွားခဲ့ရတယ်။ မက်မွန်သီးစေ့ ဆိုတာက အခြား သာမန်ရှဉ့်တကောင် အတွက် တသက်လုံး နေလို့မှ တလုံးတလေ ရဖို့တောင် ခက်ခဲမှာ ဖြစ်ပေမယ့် သူဟာ လှည်းတစီးတိုက် ကြီးများတောင် ပိုင်ဆိုင်ရမယ့် အရေးကို တွေးပြီး ပြုံးပျော်လာ ခဲ့တယ်။

ခြင်္သေ့ဘုရင်ကြီး ဆီမှာ စစဦး တာဝန် ထမ်းဆောင်စဉ် ကတော့ အခြားသော ရှဉ့်တွေရဲ့ လွတ်လပ်တဲ့ ဘဝကို သူအားကျမိ ခဲ့တယ်။ သူလည်းပဲ အခြားသော ရှဉ့်တွေလို အပင်တွေပေါ် တက်လိုက် ဆင်းလိုက်နဲ့ ဆော့ကစား ပျော်မြူးချင် ခဲ့တယ်။ ဒါပေမယ့်လည်း ခြင်္သေ့ဘုရင်ကြီး ဘေးနားက ထီးဟန်နန်းဟန် ပါပါနဲ့ နေရတဲ့ ဘဝကိုလည်း ဂုဏ်သရေ ရှိတယ်လို့ သူထင်ခဲ့တယ်။

နောက်ဆုံးမှာတော့ သာမန် ရှဉ့်တကောင်ထက် ပိုပြီး ထူးခြားတဲ့ ဘုရင့်အပါးတော်မြဲ အဖြစ်ကိုပဲ သူရွေးချယ်ခဲ့တာ ဖြစ်တယ်။ ခုတော့ ဂုဏ်ရှိတဲ့ ရာထူးကနေ အနားယူတဲ့ အခါမှာလည်း အင်မတန် ကြီးမားတဲ့ ဆုလာဘ်ကို သူရဦးမှာပဲ ဖြစ်တယ်။ ဒါကြောင့် ရှဉ့်ကလေးဟာ ပျော်နေခဲ့တယ်။ "တခြားရှဉ့်တွေက ငါ့ကို မနာလို ဖြစ်တဲ့အထိ ငါချမ်းသာ တော့မယ်" လို့ သူတွေးနေခဲ့ပြန်တယ်။

အဲဒီလိုနဲ့ နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့တယ်။ ရှဉ့်ကလေးဟာလည်း အိုမင်းမစွမ်း ဖြစ်လာခဲ့တဲ့ အတွက် ခြင်္သေ့ဘုရင်ကြီးရဲ့ အမှုတော်ကို အရင်ကလောက် မြန်မြန်ဆန်ဆန် လုပ်နိုင်စွမ်းမရှိဘဲ ဖြစ်လာခဲ့တယ်။ ဒီအခါမှာတော့ သူဟာ အငြိမ်းစားယူဖို့ အတွက် ခြင်္သေ့မင်းကို လျှောက်တင် ခဲ့တယ်။

ခြင်္သေ့မင်းကြီး ကလည်း သူ့ရဲ့ အပါးတော်မြဲရှဉ့်ကို ဂုဏ်ပြု ညစာစားပွဲ ပြုလုပ်ပြီးဂုဏ်ပြုခဲ့တယ်။ သူ့ကတိစကား အတိုင်း မက်မွန်သီးကို လှည်းတစီး တိုက်စာ ပေးခဲ့ပြန်တယ်။

ရှဉ့်ကလေးဟာ သူ အနှစ်နှစ် အလလ အိမ်မက် မက်ခဲ့တဲ့ ဆုလာဒ် ဖြစ်တဲ့ မက်မွန်သီးတွေကို ဝမ်းသာအားရ ပွေ့ဖက်ခဲ့တယ်။ ဒါပေမယ့် တစုံတခုကို သူ သတိထားမိတဲ့ အခါမှာတော့ သူဟာ ဝမ်းနည်းခြင်းနဲ့ အတူ မျက်ရည် ဝဲလာ ပါတော့တယ်။ ခုချိန်မှာ မက်မွန်သီး တွေကို စားဖို့ သူ့မှာ သွားတချောင်းမှ မကျန်တဲ့ အဖြစ်ကို သူသတိရ သွားလို့ပဲ ဖြစ်ပါတယ်။

ဒီပုံပြင်လေးက ကျနော်တို့ကို ပြောပြထားတာတွေ ရှိပါတယ်။ ကျနော်တို့ဟာ တခါတရံမှာ ရည်မှန်းချက် တခုကို စွဲစွဲမြဲမြဲကြိုးစားတတ် ကြပါတယ်။ အဲဒီအပြင် အလုပ်တခုကိုလည်း စွဲမြဲစွာ လုပ်ကိုင်တတ် ကြပါတယ်။

အဲဒီလို ရည်မှန်းချက်ထားလုပ်ကိုင် ဆောင်ရွက်ခြင်းဟာ မှန်ကန်တယ် လို့လည်း ယျေဘုယျ အားဖြင့် သုံးသပ်နိုင် ပါသေးတယ်။ အဲဒီလို မှန်ကန်နေပေမယ့်လည်း ခြွင်းချက်တခုလည်း ရှိနေပြန်တယ်။

အဲဒါကတော့ ရည်မှန်းချက် ပြည့်မြောက်ချိန်မှာ ရှိတဲ့ ကိုယ့်ရဲ့ အသက်အရွယ်နဲ့ အခြေအနေကို ထည့်သွင်း သုံးသပ်သင့်တာပဲ ဖြစ်ပါတယ်။ တချို့သော ကြီးပွားချမ်းသာလိုသူ များဟာလည်း ရှဉ့်ကလေး မက်မွန်သီးကို မျှော်လင့်သလိုမျိုး ချမ်းသာကြွယ်ဝခြင်းကို မျှော်လင့်လေ့ ရှိကြပါတယ်။

အဲဒီအခါ အခြားသူတွေရဲ့ အခါအားလျော်စွာ အနားယူခြင်းမျိုး ကိုတောင်မျှ ပြုလုပ်လေ့ မရှိကြဘဲ အရာရာကို ချိုးခြံချွေတာစွာ နေထိုင်တတ် ကြပါတယ်။

အဲဒီလို နေထိုင်ခြင်းဟာ ရောင့်ရဲခြင်း ရှုဒေါင့်ဘက်က ရှုမြင်တဲ့အခါ မှန်ကန်ပေမယ့် အစားထိုးလို့မရတဲ့ အချိန်ကာလကြောင့် အိုမင်းမစွမ်း ဖြစ်လာခဲ့ရင်တော့ ကိုယ့်ရဲ့ ရှာဖွေ စုဆောင်းခြင်းတွေဟာ ကိုယ့်အတွက် ဖြစ်လာမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ရှည့်ကလေးရဲ့ သွားတွေဟာ အချိန်ကာလရဲ့ တိုက်စားမှု အောက်မှာ ပျောက်ပျက် သွားခဲ့အခါ သူမက်မောတဲ့ မက်မွန်သီးရဲ့ အရသာကို ခံစားခွင့် မရှိတော့သလို စုဆောင်းခြင်းကြောင့် ရရှိလာတဲ့ ကြွယ်ဝမှုတွေ ဟာလည်း အိုမင်းခြင်းနဲ့ ကပ်လျက် ပါလာတဲ့ ကျန်းမာခြင်း အကြောင်းကြောင့်ပဲ အချဉ်းနှီး ဖြစ်တတ်တယ် လို့ ဆိုရပါလိမ့်မယ်။ အောင်မြင်မှု ဟာလည်း အရွယ်နှင့် အချိန်အကန့်အသတ်တော့ ရှိနေတတ် စမြဲဆို တာ စာဖတ်သူ မိတ်ဆွေများ သတိပြုမိစေ လိုပါတယ် ခင်ဗျာ။ Crd

Post a Comment

0 Comments