သူ့အကြိုက် သူ့သိက္ခာ

လွန်လေပြီးသောအခါက ဘုရင်ကြီး တပါးတွင် အလွန်မှ လိမ္မာပါးနပ်သော ကြောင်ကြီး တကောင် ရှိလေသည်။ ထိုကြောင်ကြီးက တကယ်ကို တည်တည်ကြီးနှင့် ရာဇပလ္လင်ထက်မှာ ဘုရင်ကြီးနှင့် အတူတူ ရှိနေတတ်သည် ။

အစားစားတဲ့ အခါမှာလည်း အိန္ဒြေရှိစွာ စားပြီ လမ်းလျှောက်လျှင်လည်း အင်မတန်မှ တည်ငြိမ် ရင့်ကျင့်စွာဖြင့် နန်းရင်ပြင်မှာ လျှောက်လေသည်။

ဘုရင်ကြီးကလည်း အမြဲတမ်း ကြောင်ကြီးအကြောင်းကို ဂုဏ်ယူစွာ ပြောရင်း ကျေနပ်နေတာပေါ့။ သူ့ကြောင်က တကယ်ကို သိက္ခာရှိတဲ့ ကြောင်ဖြစ်တယ် ဟု သတ်မှတ်ပြီး ယုံကြည်နေတာပေါ့။ ဘုရင်ကြီးဟာ ညီလာခံ တက်တိုင်း ပလ္လင်ပေါ် ခေါ်လာစမြဲ ဖြစ်သည်။

ကြောင်ကြီးကလည်း ညီလာခံ မပြီးမချင်း လုံးဝ အသံမထွက် အမြီးမလှုပ်ပဲ ရှိနေတတ်သည်။ ဘုရင်ကြီးဟာ ညီလာခံ ပြီးတဲ့အခါမှာ မင်းပုရိတ်သတ် အားလုံးနှင့်တကွ ပညာရှိအမတ်များကို ငါ့ကြောင်သည် အမြဲ အိန္ဒြေသိက္ခာနှင့် ပြည့်စုံကြောင်း ပြောလေသည်။ အားလုံးက မှန်ပါ့ဘုရားဟု လျှောက်တင် ကြတာပေါ့။

ဒါပေမယ့် ပညာရှိ အမတ်တဦး က "အကြိုက် မတွေ့လို့ပါ ဘုရား" ဟု ပြန်လည် လျှောက်တင်လေသည်။ ဒီစကားကို ဘုရင်ကြီးက ကြားတော့ မကျေနပ်ဖြစ်ကာ

"ဟဲ့အမတ်ကြီး မင်းက ဘာကြောင့် ဒီလို ပြောရသလဲ။ အေး မင်းစကား အတွက် မင်းသက်သေ ပြရမယ်။ မပြနိုင်ရင် မင်းစကားကို မင်းတာဝန် ယူရမယ်။ ငါ့ကြောင်က ဘယ်တော့မှ အိန္ဒြေမမဲ့ဘူးကွ"

ဟု ပြောကာ မနက်ဖြန် ညီလာခံမှာ မင်းသက်သေ ပြရမယ် ဟုပြောကာ ညီလာခံ သိမ်းလိုက်လေသည်။

နောက်တနေ့ ညီလာခံတွင် ကျန်အမတ်များက လျှာရှည်တဲ့ အမတ်ကြီး မှတ်ပလား ဘယ်လို သက်သေပြမလဲ ဆိုတဲ့ အတွေးများနှင့် ကြည့်နေကြသည်။

ဘုရင်ကြီးကလည်း ကြောင်ကြီးနှင့် အတူ ပလ္လင်ထက်တွင် ထိုင်ကာ အမတ်ကြီးရဲ့ သက်သေအဖြေ သိချင်နေပြီး၊ အမတ်ကြီးတော့ မပြနိုင်တော့ ဟု တွေးကာ ပြုံးနေတော့ တာပေါ့။

"ကဲ အမတ်ကြီး ငါ့ကြောင်ကြီး အိန္ဒြေမဲ့တာကို ပြတော့လေ" ဟု မိန့်၏။ အမတ်ကြီးမှ ပြပါမည်ဟု ဆိုကာ ရှေ့သို့ထွက် လာပြီး အိတ်ထဲတွင် ဖမ်းယူလာသော ကြွက်ကို ထုတ်ပြီး ကြောင်ကြီး မြင်သာတဲ့ နေရာမှာ လွှတ်လိုက် လေသည်။ ကြွက်ကို မြင်တာနဲ့ ကြောင်ကြီးက အတင်းခုန်ဆင်းကာ လူအုပ်ထဲကို လိုက်လေသည်။

ကြွက်ကလည်း လူအုပ်မှ ပလ္လင်ထက်သို့ တက်လိုက်၊ ကြောင်ကြီးကလည်း ပလ္လင်ပေါ် လိုက် လိုက်နှင့် ဝုန်းဒိုင်း ကြဲနေသည်။ နောက်ဆုံး ကြွက်က ဘုရင်ကြီးခေါင်း ပေါ်မှ ဖြတ်ပြေးရာ ကြောင်ကြီးက လှမ်းအအုပ် ဘုရင်ကြီးခေါင်းပေါင်းတော် သရဖူပင် ပြုတ်ကျကုန်၏။

ကြောင်ကြီးကလည်း ကြွက်ကို မမိမချင်း လိုက်လေသည်။ ကြွက်ကို မိမှ ငြိမ်သွားလေသည်။ ဘုရင်ကြီးလည်း အမတ်ကြီးစကားကို လက်ခံပြီး သဘောကျကာ ဆုလာဘ်တော်များ ပေးသနားတော် မူ၏။

ပုံပြင်လေးကတော့ ဒါပါပဲ။ ပုံပြင်လေးထဲက ကြောင်ကြီးဟာ တကယ်တော့ အရင်က တကယ်ကို သိက္ခာနဲ့ နေလာတာပါ။ ဒါပေမယ့် သူအကြိုက်ဆုံး အစာဖြစ်တဲ့ ကြွက်ကို မြင်တော့ ထိန်းလာသမျှ သိက္ခာ မဲ့သွားတာပါ။

လူတွေလည်း ဒီလိုပါပဲ။ တသက်လုံး ထိန်းလာတဲ့ အိန္ဒြေသိက္ခာတွေဟာ မိမိအကြိုက်ဖြစ်တဲ့ ရွှေငွေ၊ အချစ်၊ တဏှာရာဂ၊ အပျော်အပါး၊ အောင်မြင်မှုများကြောင့် ပျက်သွားတတ်ပါတယ်။ မဲ့သွားတတ်ပါတယ်။ ဒါကြောင့် ကြောင်ကြီးလို မဖြစ်အောင် ထိန်းသိမ်းနိုင်ကြပါစေ။ crd

Post a Comment

0 Comments