သည်းခံခြင်းရဲ့ အကျိုး

လွန်လေပြီးသောအခါ ဗာရာဏသီပြည်တွင် ကလာဗုမင်း အုပ်စိုးစဉ် ကုဋေရှစ်ဆယ် ကြွယ်ဝသော လုလင်တဦး ရှိလေတယ်။ အမည်ကား ကုဏ္ဍလ လုလင်ဟု ခေါ်တွင်လေတယ်။

ထိုလုလင်မှာ အရွယ်ရောက်သော် ပညာသင်ယူပြီး တတ်မြောက် ပြီးစီးချိန်တွင် မိဘနှစ်ပါးလုံးမှာ ကွယ်လွန် သွားလေတယ်။ ထိုသို့ မိဘနှစ်ပါး၏ ကွယ်လွန်မှုကြောင့် လုလင်မှာ သတိ သံဝေဂ ရသွားကာ ပိုင်ဆိုင်သမျှ ပစ္စည်းအားလုံးကို လှူဒါန်း စွန့်ကြဲလို့ ဟိမဝန္တာ တောထဲတွင် ရသေ့ဝတ်လျက် နေထိုင်လေတယ်။

တနေ့တွင် ရသေ့မှာ ချဉ်ဆား မှီဝဲရန် ဗာရာဏသီ ပြည်သို့ ရောက်လေသော် စစ်သူကြီးမှ ကြည်ညို သောကြောင့် ရသေ့သီတင်းသုံးရန် မင်းဉယျာဉ်တွင်း၌ ကျောင်းဆောင် ဆောက်လုပ်လို့ ကိုးကွယ် ထားလေတယ်။

တနေ့သော် ကလာဗုမင်းမှာ အရက်သေစာ သောက်စားပြီး ကချေသည်များ ခြံရံလျက် ဉယျာဉ်တော် တွင်းတွင် မင်းစည်းစိမ်ကို ခံစား နေလေတယ်။ ကလာဗုမင်းသည် မင်္ဂလာ ကျောက်ဖျာပေါ်၌ အမျိုးသမီးတဦး ရင်ခွင်တွင် ကျိန်းစက် နေလေတယ်။

ကချေသည်တို့ ကလည်း သီဆိုတီးမှုတ် ကခုန်များနှင့် ဖျော်ဖြေနေရာ မင်းကြီး အိပ်ပျော်သွားသဖြင့် ကချေသည် အုပ်စုသည် ဉယျာဉ်တွင်းသို့ လှည့်လည် ကြည့်ရှုကြ လေတယ်။ ထိုအခါ အင်ကြင်းပင်ရင်းတွင် ထိုင်ကာ တရားအာရုံ ပြုနေသော ရသေ့မင်းအား ကြည်ညို လှသဖြင့် ဝင်ရောက် ရှိခိုးကြလေတယ်။

ထို့နောက် တရားတော်များ ချီးမြှင့်ပေးလို့ ဆုံးမတော် မူပါရန် လျှောက်ထားလေတယ်။ သို့နှင့် ဘုရားအလောင်း ရသေ့မင်းလည်း တရားရေအေးများ ဟောကြားပေးသော် ကချေသည်များမှာ ကောင်းစွာ နာယူကြလေတယ်။

အချိန်အတန် ကြာသော် ကလာဗုမင်းသည် အိပ်နေရာမှ နိုးလာပြီး ကချေသည်များကို မမြင်သော် ရင်ခွင်အပ်လို့ ကျိန်းစက်နေသော အမျိုးသမီးကို မေးလေတယ်။ အမျိုးသမီးက အကျိုးအကြောင်းကို လျှောက်ထားသော် မင်းကြီးသည် ဒေါသအမျက် ထွက်လို့ သန်လျက်ကို စွဲကိုင်ကာ ရသေ့မင်းထံ အပြေးအလွှား သွားလေတယ်။

တရားဟောနေသော ရသေ့ကို တွေ့သော် ဒေါသဖြင့် အော်ဟစ်မေးမြန်း လေတယ်။ ရသေ့အား မည်သည့်ဝါဒကို ခံယူထားသနည်းဟု မေးလေသော် ရသေ့မှာ ခန္တီဝါဒကို ခံယူထားကြောင်း ဖြေကြားလေတယ်။ ခန္တီဝါဒကား မိမိကိုယ် ဆဲရေး လာသူအားဖြစ်စေ၊ ရိုက်ပုတ် ညှဉ်းဆဲသူအား ဖြစ်စေ အမျက်ဒေါသ မထွက်ပဲ သည်းခံခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောပြတော် မူလေတယ်။

ထိုအခါ ကလာဗုမင်းမှာ အာဏာပါးကွက်သား များကို ခေါ်လို့ ဆူးတပ်ထားသော ကြိမ်ဖြင့် ရသေ့အား ရိုက်နှက် စေပါတယ်။ ရသေ့မှာ ခွန်းတုံ့ပြန်ခြင်း မပြုပေ။ ထိုအခါ မင်းမိုက်သည် ရသေ့၏ လက်နှစ်ဖက်နှင့် ခြေနှစ်ဖက်တို့ကို ဖြတ်စေ ပြန်တယ်။

ဤသည် ကိုလည်း ရသေ့မှာ မမှုလေသော် ရသေ့၏ နား၊ နှာခေါင်းတို့ကို ဖြတ်စေပြန်တယ်။ ရသေ့ကား သည်းခံ၍သာ နေလေတယ်။ သို့နှင့်တဖန် မင်းမိုက်မှာ ရသေ့အား ရင်ဝကို ခြေထောက်ဖြင့် ကန်ကာ ထွက်ခွာ သွားလေတယ်။

မကြာမီ စစ်သူကြီး ရောက်လာသော် ရသေ့၏ ဒဏ်ရာများကို ပြုစုပေး လေတယ်။ စစ်သူကြီးမှာ ကလာဗုမင်း ကျူးလွန်သောအပြစ်ကို ထိုမင်းကိုသာ အပြစ်တင်ပါ။ ပြည်သူများ ကိုတော့ အမျက် ထွက်တော် မမူပါနှင့် ဟု တောင်းပန်လေတယ်။ ရသေ့က ငါသည် မည်သူ့ကိုမျှ အမျက်မထွက်ပါ။

ငါ၏ ခြေ၊လက်၊ နားနဲ့ နှာခေါင်းတို့ကို ဖြတ်ခဲ့သော မင်းကို သက်တော်ရှည်ပါစေဟု ဆုတောင်းပါတယ်ဟု ဆိုလေတယ်။ သို့သော်ငြား မကောင်းမှု ပြုခဲ့သော ကလာဗုမင်းသည် အပြစ်မှ မလွတ်၊ ဉယျာဉ်တံခါးဝသို့ အရောက်တွင် မြေမျိုခံရပြီး အနိစ္စ ရောက်သွားလေတယ်။ ရသေ့သည်လည်း ထိုနေ့တွင်ပင် လွန်တော် မူလေတယ်။

စစ်သူကြီးမှာ မင်းပရိတ်သတ်နှင့် ပြည်သူအပေါင်းရှေ့တွင် ရသေ့မြတ်၏ အလောင်းတော်ကို ပူဇော်လို့ ရိုသေစွာ သင်္ဂြိုဟ်ခဲ့ လေတယ်။ ရသေ့မြတ်သည် ကောင်းရာသုဂတိသို့ လားပြီး ဘဝများစွာ ကျင်လည်ပြီးနောက် နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရားအဖြစ်သို့ ရောက်ရှိတော် မူခဲ့လေတယ်။

ဖော်ပြပါ အကြောင်းအရာကို ထောက်ရှုခြင်းအားဖြင့် သည်းခံခြင်း၏ အကျိုးသည် လက်ရှိဘဝတွင် အကျိုးများစေ နိုင်ရုံသာမက တမလွန် ဘဝများ အထိ ကောင်းကျိုးခံစားရကာ နိဗ္ဗာန်ထိ တိုင်အောင် ကောင်းကျိုးပေး နိုင်လောက်သော ကြီးမြတ်လှတဲ့ မင်္ဂလာတပါး ဖြစ်ကြောင်း သိရှိနိုင်ပါတယ်။ Cartoon Bakery

Post a Comment

0 Comments