တခါတုန်းက တိုင်းပြည်တပြည်မှာ အလွန်တော်တဲ့ ပန်းပု ဆရာတယောက် ရှိတယ်။ သူ့ရဲ့ပန်းပုပညာဟာ ဘယ်လောက် လက်ရာမြောက်သလဲ ဆိုရင် အစစ်နဲ့တောင် ခွဲဖို့ ခက်ခဲလှပါတယ်။
တညမှာတော့ ပန်းပုဆရာဟာ ထူးဆန်းတဲ့ အိပ်မက်တခု မက်တယ်။ အိပ်မက်ထဲမှာ သေမင်းက နောက် ၁၅ ရက် အကြာမှာ သူ့ကို လာခေါ်မယ်လို့ အသေအချာ ပြောသွားတာမို့ ပန်းပုဆရာဟာ အရမ်း တုန်လှုပ်သွားခဲ့ပါတယ်။
အဲ့ဒါနဲ့ ပန်းပုဆရာဟာ သူနဲ့ ပုံစံတူ ပန်းပုရုပ် ၉ ရုပ်ကို နေ့မနား ညမနား ပြီးမြောက်အောင် ထုလုပ်ပါတော့တယ်။ သေမင်း လာခေါ်မယ့် နေ့မှာတော့ ပန်းပုဆရာ ဟာ သူ့ပုံစံတူ ပန်းပု ၉ ရုပ်တွေ ကြားမှာ ရောပြီး ဝင်နေလိုက်တယ်။
သေမင်း ဟာ ပန်းပုဆရာ ၁၀ ယောက်ကို မြင်လိုက် ရတဲ့ အချိန်မှာ ပန်းပုဆရာလား၊ ရုပ်ထုလား၊ ခွဲခြား မရတဲ့ အတွက် အတော် အကြပ်ရိုက်သွားတယ်။
ပန်းပုဆရာကိုလည်း စိတ်ဆိုးဆိုးနဲ့ ထွက်လာဖို့ ပြောပေမယ့် ပန်းပုဆရာက မလှုပ်မယှက် ဟန်ဆောင် ထားနိုင်တဲ့အတွက် အရာ မရောက်ဘူး။
အတန်ကြာ စဉ်းစားပြီးတော့မှ သေမင်းက စကား တခွန်း ပြောလိုက်တယ်။ "ပန်းပုဆရာ၊ သင့်ရဲ့ဒီပန်းပုရုပ်တွေဟာ တကယ့်ကို အစစ်နဲ့ မခြား အသက်ဝင် လှပါတယ်။ ဒါပေမယ့် အားနည်းချက် တခု ရှိနေတာကိုတော့ သင် သတိမထားမိ ခဲ့ဘူး"
ပန်းပုဆရာဟာ သူ့ပညာနဲ့ ကြံဆ ထုလုပ်မှု အပေါ် ဝေဖန်လိုက်တဲ့ အားနည်းချက် ဆိုတဲ့ စကားကို မခံမရပ်နိုင် ဖြစ်သွားတယ်။ ဒါကြောင့် ရုပ်ထုတွေ ကြားထဲက ထွက်ပြီး မေးလိုက်တယ်။ "ကျွန်တော့် အားနည်းချက် ဆိုတာ ဘယ်မှာလဲ ပြပါ"
သေမင်းက သူ့ကို ဖမ်းလိုက်တယ်။ ပြီးတော့ ပြောလိုက်တယ်။ "ဒီမှာပဲ"
တကယ်တော့ ရုပ်ထုတွေ အားလုံးဟာ အားနည်းချက် မရှိအောင် ပြည့်စုံ ကောင်းမွန်လှပါတယ်။ ပန်းပုဆရာဟာ သူ့ရဲ့ပညာ အပေါ် ထားတဲ့ မျက်မာန်ဒေါသကြာင့်ပဲ သေမင်းရဲ့ဖမ်းဆီး ခေါ်ဆောင်ခြင်းကို ခံလိုက်ရတာ ဖြစ်ပါတယ်။
အတွေးအခေါ်တွေ၊ ပညာတွေဟာ ပြည့်စုံ ကောင်းမွန် နေခဲ့ရင်တောင် ဒီပညာအပေါ် ထားရှိတဲ့ မာန်မာန၊ ဒေါသတွေ ကြောင့် ကျရူံး သွားနိုင်ပါတယ်။ Crd Origin
0 Comments