တရားကို နတ်စောင့်တယ်

တခါတုန်းက ဂရိပြည် တောင်ပိုင်းက ရွာငယ်လေး တခုမှာ ဒီမီထရီ ဆိုတဲ့ လယ်သမား တယောက် ရှိတယ်။ လယ်သမားမှာ သူအင်မတန် ချစ်မြတ်နိုးတဲ့ ဇနီးသည်တယောက်လည်း ရှိတယ်။ လယ်သမားကတော့ သူ့ဇနီးကို မေရီ လို့ အမြဲခေါ်လေ့ ရှိတယ်။

တနေ့တော့ ဒီမီထရီဟာ သူ့ရဲ့ ချစ်သက်လက်ဆောင်အ ဖြစ် နူးညံ့ဖြူဖွေးနေတဲ့ အမွှေးလေးတွေ ပါတဲ့ သိုးပေါက်လေး တကောင် လက်ဆောင် ပေးခဲ့ပါသတဲ့။

မေရီကလည်း ခင်ပွန်းသည် ဒီမီထရီရဲ့ လက်ဆောင်ဖြစ်တဲ့ သိုးပေါက်လေးကို အင်မတန်မှ ချစ်မြတ်နိုးပါသတဲ့။ မေရီက သိုးကလေးကို သူတို့ရဲ့ လယ်တောစားကျက်မြေ အလည်မှာရှိတဲ့ သစ်ပင်ငယ်လေးမှာ ချည်နှောင် ထားပါသတဲ့။ မနက်ခင်း အိပ်ယာနိုးတဲ့ အချိန်တွေ၊ နေ့ခင်းပိုင်းအားလပ်နေတဲ့ အချိန်တွေတိုင်း မှာလည်း မေရီဟာ သိုးပေါက်ကလေးကို အမြဲလိုလို ထွေးပွေ့ထားလေ့ ရှိပြန်တယ်။

တခုသော မိုးတိမ်တွေ အုံ့ဆိုင်းနေတဲ့ နေ့တနေ့ မှာတော့ မေရီဟာ မိုးမရွာခင် သိုးပေါက်လေးကို ထွေးပွေ့ယူပြီး မိုးလွတ်ရာကို ထည့်ထားဖို့အတွက် စားကျက်မြေ အလည်ကောင်က သစ်ပင်ဆီကို လာရောက်ခဲ့တယ်။

အဲဒီ အချိန်မှာတော့ သူမချစ်ခင်မြတ်နိုးတဲ့ သိုးကလေးဟာ ပျောက်ဆုံးနေတာကို တွေ့လိုက်ရပါသတဲ့။ သိုးကို ချည်ထားတဲ့ ကြိုးဟာ ပြတ်တောက်နေတာကို တွေ့လိုက်ရတဲ့ အတွက်လည်း တစုံတယောက်ဟာ သိုးကလေးကို ခိုးယူသွားတာပဲ ဖြစ်မယ်လို့ မေရီက ယူဆလိုက်တယ်။

အဲဒီလိုနဲ့ ဒီမီထရီ ပြန်ရောက်လာတဲ့ အခါမှာတော့ မေရီဟာ သိုးကလေး ပျောက်သွားတဲ့ အကြောင်းကို ပြောပြလိုက်တယ်။ ခင်ပွန်းဖြစ်တဲ့ ဒီမီထရီဟာ ချက်ချင်း ဆိုသလိုဘဲ သိုးပေါက်လေးကို ရှာဖွေဖို့ အတွက် ရွာထဲကို ထွက်ခွာ သွားခဲ့တယ်။

ဒီမက်ထရီဟာ ရွာထဲမှာ ရှိတဲ့ သူ့မိတ်ဆွေ တော်တော်များများကို သိုးပျောက်သွားတဲ့ အကြောင်းကို ပြောပြခဲ့တယ်။ အဲဒီမှာတင်ပဲ ဒီမီထရီအတွက် သိုးပေါက်လေးနဲ့ ပတ်သက်တဲ့ သဲလွန်စ တခုကို မိတ်ဆွေတွေက တဆင့် သိခဲ့ရတယ်။

အဲဒါကတော့ သူ့ရဲ့ အိမ်နီးနားချင်း ဖြစ်တဲ့ အေလီကို ဆိုတဲ့သူဟာ သူသိုးပျောက် သွားတဲ့ အချိန်မှာပဲ တိုက်တိုက် ဆိုင်ဆိုင် သိုးတကောင် အသစ် တိုးလာတယ် ဆိုတဲ့ သတင်းပဲ ဖြစ်တယ်။ ဒီမီထရီဟာ အေလီကိုရဲ့ အိမ်ကို ချက်ချင်း သွားရောက်ပြီး စိတ်ဆိုးမာန်ဆိုးနဲ့ စွပ်စွဲတယ်။

"ဟေ့ကောင် အေလီကို၊ ခုချက်ချင်း မင်းအိမ်ရှေ့ ထွက်ခဲ့စမ်း သူခိုး၊ မင်းကို ငါက ရိုးသားတဲ့ အိမ်နီးချင်း အောက်မေ့နေတာ၊ လက်စသတ်တော့ မင်းက လစ်ရင် လစ်သလို လုပ်တတ်တဲ့ အလစ်သမား သူခိုးပဲ။ ခုချက်ချင်း ငါ့သိုးကို ပြန်ပေးစမ်း"

အဲဒီလို သူအော်ဟစ် ပြောဆိုနေပေမယ့်လည်း အေလီကိုရဲ့ အိမ်တံခါးဟာ အတန်ကြာတဲ့ အထိ ပိတ်ထားဆဲပဲ ဖြစ်တယ်။ အဲဒါကြောင့်လည်း ဒီမီထရီရဲ့ ဒေါသအရှိန်ဟာ ပိုမို မြင့်တက်လာတယ်။ "သူခိုး အေလီကို၊ မင်းထွက်မလာဘူး ဆိုရင်တော့ မင်းအိမ်ကို ငါမီးရှို့ ရလိမ့်မယ်။ သေပြီသာမှတ်"

အဲဒီလို ဒီမီထရီရဲ့ ဒေါသတကြီး စကားသံ အဆုံးမှာပဲ အေလီကိုရဲ့ အိမ်တံခါး ပွင့်လာတယ်။ အေလီကိုရဲ့ ဟန်ပန်ဟာ အင်မတန် အေးဆေးတည်ငြိမ်တဲ့ အသွင် ပေါက်နေတယ်။ သူက ဒီမီထရီကို ဖော်ဖော် ရွေရွေပဲ ပြုံးပြလိုက်တယ်။

အဲဒီနောက် သူက ဒီလို ပြောတယ်။ "မိတ်ဆွေကြီးဒီမီထရီ ဒေါသလေး ဘာလေး လျှော့ပါဦးဗျ။ ကျွန်တော် ပြောပြတာကို အေးအေးဆေးဆေး နားထောင်ပါဦး။

ကျွန်တော် ဒီမနက်ပဲ မြို့ကနေ ပြန်ရောက်တာပါ။ မြို့ကပဲ ကျွန်တော် သိုးပေါက်လေး တကောင် ဝယ်လာတာပါဗျ။ ပြီးတော့ ခင်ဗျား ပျောက်သွားတဲ့ သိုးလေးကို ကျွန်တော် သိပါတယ်။ သိုးဖြူလေးလေ ဟုတ်တယ် မလား။ ကျွန်တော့် သိုးပေါက်လေးက အမည်းရောင်ပါဗျ။

ခင်ဗျားမယုံရင်လည်း ကျွန်တော့်အိမ် အနောက်က သိုးခြံထဲ ကျွန်တော်ကိုယ်တိုင် လိုက်ပြပါ့မယ်။ အိမ်နီးချင်းတွေပဲဗျာ။ ဒီလို မျက်နှာပျက်စရာ အလုပ်မျိုး ကျွန်တော် လုပ်ပါ့မလား။

ခင်ဗျားနဲ့ ကျွန်တော် ဆိုတာလည်း မနေ့ တနေ့ကမှ သိကျွမ်းခဲ့တာ မဟုတ်ဘူးလေ။ လွန်ခဲ့တဲ့ လေး ငါးနှစ် ကတည်းက ကျွန်တော်တို့ မိတ်ဆွေတွေ ဖြစ်ခဲ့ကြတာပဲ။ လာပါ မိတ်ဆွေကြီး ဒီမီထရီ။ အိမ်ထဲကို ကြွပါ။ ကော်ဖီလေး ဘာလေး သောက်ပြီးမှ ပြန်စမ်းပါဗျာ။ စိတ်ကို လျှော့လိုက်ပါ"

အဲဒီလိုနဲ့ ဒီမီထရီဟာ အေလီကိုရဲ့ သိုးတွေ လွှတ်ထားတဲ့ သိုးခြံကို လိုက်လံ ကြည့်ရှုခဲ့တယ်။ အဲဒီမှာတင် သူ့အထင်နဲ့ အမြင် တက်တက်စင် လွဲကြောင်းကို သူသိသွားခဲ့တယ်။ အေလီကိုရဲ့ သိုးကလေးဟာ အမည်းရောင် ဖြစ်နေပြီး၊ အဖြူရယ်လို့ တကွက် တလေမှ မပါတာကို သူတွေ့လိုက်ရတယ်။ သူဟာ အိမ်နီးချင်းကို မှားယွင်းစွာ စော်ကားမိသလို ဖြစ်ခဲ့တယ်။

အဲဒါကြောင့်လည်း ဒီမီထရီဟာ အေလီကိုကို တောင်းပန်လိုက်တယ်။ "ကျွန်တော် ကမူးရှူးထိုး ပြောဆိုမိတာကို တောင်းပန်ပါတယ် အေလီကို၊ ကျွန်တော် ရိုင်းစိုင်း မိပါတယ်။ သေချာ မသိပဲနဲ့ စွတ်စွဲမိတဲ့ အတွက်လည်း ကျွန်တော် အားနာမိသလို ခင်ဗျားအပေါ်လည်း အကြွေးတင်သလို ခံစားမိပါတယ်ဗျာ။ စိတ်ထဲ မထားပါနဲ့ဗျာ။ အတေးအမှတ်လည်း မထားပါနဲ့။ ကျွန်တော့်အမှားပါဗျာ"

အဲဒီလို ဒီမီထရီရဲ့ တောင်းပန်စကားကို ကြားတဲ့အခါ အေလီကိုက "ရပါတယ်ဗျာ။ ဒီသိုးလေးဟာ ခင်ဗျားရဲ့ မိန်းမအတွက် လက်ဆောင် ဝယ်ပေးထားတဲ့ သိုးကလေးမို့ ခင်ဗျား ဒေါသ ထွက်မယ် ဆိုလည်း ထွက်စရာပါပဲ။

ကျွန်တော်သာ ခင်ဗျားနေရာမှာ ဆိုလည်း ဒါမျိုးဒေါသ ထွက်မိမှာပဲ။ ကျွန်တော် နားလည် စာနာပါတယ်။ ကျွန်တော့် စိတ်ထဲလည်း မထားပါဘူး။ အိမ်နီးချင်း တွေပဲဗျာ" လို့ ပြန်ပြောလိုက်တယ်။

အဲဒီလို သူတို့နှစ်ဦး အပြန်အလှန် စကားပြောနေစဉ် အတွင်းမှာပဲ အုံ့မှိုင်းနေတဲ့ မိုးဟာ ဆိုင်းမဆင့် ဗုံမဆင့်ပဲ ရွာချလိုက်တယ်။ ဒီမီထရီဟာ မိုးရွာလာတာကြောင့် အေလီကိုရဲ့ အိမ်မှာ ခဏ မိုးခိုဖို့ ခွင့်တောင်းလိုက်တယ်။

"ဟာ မိုးကလည်း ရွာပြီဗျာ။ ကဲဗျာ မထူးတော့ပါဘူး။ ခင်ဗျားနဲ့ကျွန်တော် စကားစမည် ပြောကြစို့ရယ်။ မိုးတိတ်မှပဲ အေးအေး ဆေးဆေး ပြန်တော့မယ်"

ဒီမီထရီဟာ အဲသည်လို ပြောဆိုနေတုန်း အခိုက်မှာပဲ အေလီကိုရဲ့ ဂဏာ မငြိမ်နေတဲ့ ဟန်ပန်ကို ဖြတ်ခနဲ တွေ့လိုက်ရတယ်။ အေလီကိုက သူ့ရဲ့ မူပျက်သွားတဲ့ အမူအယာကို အပြုံးနဲ့ ဖုံးကွယ်လိုက်တာ ကိုလည်း ဒီမီထရီ သေချာပဲ မြင်တွေ့ လိုက်ရတယ်။ ဒီမီထရီရဲ့ ဦးနှောက်ဟာ အတွေးတွေရဲ့ ရောက်ရက် ခတ်လာတယ်။

"အင်း ဒင်းက သူ့သိုးခြံကို ကိုယ်တိုင် လိုက်ပြတာပဲ။ သူ့သိုးက အမည်းဆိုတာ ငါကိုယ်တိုင်လည်း မြင်ခဲ့တာပဲ။ ဘာဖြစ်လို့များ မူပျက်နေရတာလဲ။ တကယ်ပဲ ငါ့သိုးလေးကို သူခိုးထားပြီး တနေရာမှာ ဖွက်ထားတာလား။ အို ဒါလည်း မဖြစ်နိုင်ပါဘူးလေ။ သူ အဲလို လုပ်မယ်လို့ မထင်ပါဘူး"

ဒီမီထရီဟာ အဲဒီလို စဉ်းစားနေရင်းနဲ့ အေလီကိုရဲ့ သိုးခြံဘက်ကို အမှတ်တမဲ့ပဲ လှမ်းမျှော်ကြည့်ရှု လိုက်တယ်။ အဲဒီလို ကြည့်မိတဲ့ အချိန်မှာပဲ ဒီမီထရီ မမျှော်လင့် ထားတဲ့ အရာတခုကို သေသေချာချာပဲ မြင်လိုက်ရတယ်။

အဲဒါကတော့ အေလီကိုရဲ့ သိုးမည်းလေးဟာ မိုးရေကြောင့် သိုးဖြူလေးအဖြစ် ပြောင်းလဲ သွားတာပဲ ဖြစ်ပါတယ်။ သူ့ကိုယ်ပေါ်က စီးကျလာတဲ့ အမည်းရောင် ဆိုးဆေးတွေဟာ သိုးကလေးရဲ့ အောက်ခြေမှာ အမည်းရောင် ရေအိုင်ငယ် အဖြစ် ပြောင်းလဲ ရောက်ရှိနေကြတာပဲ ဖြစ်ပါတယ်။

အမှန်တရားနဲ့ တရားမျှတခြင်းဟာ ရေရှည် ပုန်းကွယ် မနေနိုင်ကြောင်းကို ညွှန်းဆို ဖော်ပြနေတဲ့ စကားပုံတွေ များစွာ ရှိနေကြပါတယ်။ အဲဒီအထဲက ကျွန်တော်တို့အတွက် ကြားဖူးနားဝ အရှိဆုံးသော စကားပုံကတော့ "တရားကို နတ်စောင့်တယ်" ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။

သဘောကတော့ လောကကြီးအတွက် ညီညွတ်မျှတခြင်းဟာ တချိန်ချိန်မှာ အလိုအလျောက် ဖြစ်ပေါ်လာမယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။

အမှန်တရားကို ရေရှည် မဖုန်းကွယ်နိုင် ပုံကိုလည်း "ကြောင် ကြာကြာ ရေမငုပ်ပါဘူး" လို့ ပြောလေ့ ရှိပြန်တယ်။ သဘောကတော့ လူတဦးတယောက်ဟာ မိမိရဲ့စရိုက်၊ မကောင်းမှု၊ အလိမ်အညာ တခုခုကို ရေရှည် ဖုံးကွယ်နိုင်ခြင်း မရှိပုံကို ဒီအကြောင်းအရာလေးက သာဓက ပေးထားတာ ဖြစ်ပါတယ်။ PhyoThuta

Post a Comment

0 Comments