ဆုတောင်းပြည့်သူ

တခါတုန်းက အလွန်ချစ်ခင်တဲ့ သူငယ်ချင်းနှစ်ယောက်ဟာ ပင်လယ်ထဲကို သင်္ဘောဖြင့် ခရီးထွက်ခဲ့ပါတယ်။ ဒါပေမယ့် မုန်တိုင်းနဲ့ ကြုံ ပြီး သင်္ဘော ပျက်သွားတာကြောင့် နှစ်ယောက်စလုံး ရေကူးပြီး ကျွန်းတကျွန်းပေါ်ကို ရောက်လာကြ ပါတယ်။

ကျွန်းပေါ်ရောက်တော့ သူတို့ သူငယ်ချင်းနှစ်ယောက် ဘယ်သူက ပိုကံကောင်းတယ် ဆိုတာ သိရအောင် ကျွန်းတခြမ်းစီမှာ သီးသန့် နေထိုင်ဖို့ လုပ်ကြပါတယ်။

ပထမနေ့မှာ တယောက်က အစားအသောက်ရဖို့ ဆုတောင်းတော့ သစ်သီးပင် တပင်ကို သူ့ကျွန်းဘက်ခြမ်းမှာ တွေ့ပါတယ်။ ကျန်တယောက်ကတော့ သစ်သီးပင် မတွေ့တာကြောင့် ရှိတဲ့ အရွက်တွေကိုပဲ စားရပါတယ်။

နောက်နေ့တွေမှာလည်း ပထမတဦးကပဲ ဆုတောင်းတိုင်း ရရှိနေပါတော့တယ်။ မိန်းမအဖော် လိုချင်တယ်လို့ ဆုတောင်းတော့ သင်္ဘောပျက်ပေါ်က အမျိုးသမီးတယောက်က သူ့ကျွန်းဘက်မှာ ရောက်လာပါတယ်။

အဲလိုပဲ အဝတ်အစားတွေကို အစားအသောက်တွေပါ သူဆုတောင်းတိုင်း ရရှိပါတယ်။ နောက်ဆုံးတော့ သူက သင်္ဘောတစီး ဆုတောင်းပြီး ကျွန်းကနေ ပြန်ဖို့ လုပ်ပါတယ်။

သင်္ဘောတစီးက တကယ်ပဲ ရောက်လာတော့ သူရယ် သူ့အဖော် အမျိုးသမီးရယ်က ကျွန်းကနေ ထွက်ခွာဖို့ လုပ်ပါတယ်။ အဲဒီအချိန်မှာ သိကြားမင်း ပေါ်လာပြီး မေးပါတယ်။ ဘာလို့ မင်းသူငယ်ချင်းကိုပါ မခေါ်သွားရတာလဲ ဆိုတော့ သူက

"သူက ကံမကောင်းဘူး။ သူဆုတောင်းသမျှ ပြည့်မှ မပြည့်တာ။ သူ့ကြောင့် ကျွန်တော်တို့ သင်္ဘောပျက်ပြီး ကျွန်တော်တို့ ဒုက္ခရောက်တာ လားတောင် မသိဘူး။ ဒါကြောင့် ဒီတခါတော့ သူ့ကို ကျွန်တော် ထားခဲ့တော့မယ်" လို့ ဖြေပါတယ်။

သိကြားမင်းက ဆက်ပြောပါတယ်။ "သင်မှားနေပြီ။ ကျွန်ုပ် ဆုတောင်း ဖြည့်ပေးခဲ့တာက သင့်သူငယ်ချင်းရဲ့ ဆုတောင်းတခုတည်း ကိုပါ။ သင့်ဆုတောင်းတွေကို ကျွန်ုပ် မဖြည့်ပေး ခဲ့ပါဘူး"

ထိုအခါမှ သူလည်း အံ့သြသွားပြီး ဒါဆို ကျွန်တော့်သူငယ်ချင်းရဲ့ ဆုတောင်းကဘာလဲ လို့ မေးလိုက်တော့ "သင့်သူငယ်ချင်းရဲ့ ဆုတောင်းက သူ့အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ သင့်ရဲ့ ဆုတောင်းများ အားလုံး ပြည့်ပါစေတဲ့။ အဲ့ဆုတောင်းကိုပဲ ငါဖြည့်ဆည်းပေးခဲ့တာပါ"

လောကမှာလည်း တူတူပါပဲ။ ကိုယ့်ရဲ့ ကံကောင်းမှုတိုင်းက လူတဦးတယောက်ရဲ့ ဖြည့်ဆည်းပေးမှုလည်း ပါဝင်နိုင်ပါတယ်။ သင့်အချစ်ဆုံး လူတွေကို ဘယ်တော့မှ ချန်မထားခဲ့လိုက်ပါနဲ့။ phoomyatchal

Post a Comment

0 Comments