ဆုတောင်း

တနေ့တွင် ဘုရင်သည် မှူးမတ်ကြီး တယောက်နှင့် အတူ တိုင်းခန်း လှည့်လည် လာခဲ့သည်။ မင်းတို့ ထုံးစံ အတိုင်း ထီးတော်မိုးလည်းပါသည်။ သက်တော်စောင့်လည်း ပါလာသည်။

လူစည်ကားသည့် နေရာ တနေရာ အရောက်တွင် လမ်းလယ်၌ လူတယောက်သည် လဲနေသည်။ မည်သူမျှ ထိုသူကို မထူ၊ ရှောင်ကွင်း သွားကြသည်။

ဘုရင်၏ သက်တော်စောင့်တွေက လဲနေသော သူကို ဖယ်မည် အပြုတွင် ဘုရင်က တားလိုက်သည်။ ထိုသူကား သေအံ့မူးမူး အချိန်ကို ရောက်နေသူ ဖြစ်သည်။ "အမတ်ကြီး ထိုသူကို ထူလိုက်ပါ ရေတိုက်လိုက်ပါ"

အမတ်ကြီးက ထူလိုက်သည်။ ဘုရင်က ဘေးနားမှ ပြည်သူ တယောက်ကို မေးလိုက်သည်။ "သင်တို့သည် အဘယ်ကြောင့် ဤသူကို မထူကြသနည်း"

"ဤသူကား လူဆိုး၊ လူမိုက်၊ လူရမ်းကား၊ လူယုတ်မာ ဖြစ်ပါသည်"

"မည်ဆို့ဆိုစေ သူကား ဘာမျှ လုပ်ဆောင်နိုင်စွမ်း မရှိ။ သေလုမြောပါး ဖြစ်နေပြီ မဟုတ်ပါလား။ အမတ်ကြီး ထိုသူကို နောက်ဆုံး ဆန္ဒလေး တခုလောက် မေးစမ်းပါ"

အမတ်ကြီးက ထိုလူနာကို မေးလိုက်သည်။ "သင်၏ နောက်ဆုံး ဆန္ဒကို ပြောလော့"

လူနာက တိုးတိုးလေး ပြောသည်။ "ကျွန်ုပ်အား ဘုရင်မင်းကြီး၏ ဦးဆောင်းကို ပေးလော့၊ ရွှေထီးကို ဆောင်းပေးလော့၊ ဝတ်လဲတော် ပုဆိုးအား ပေးပါလော့"

"အမတ်ကြီး သူ၏ နောက်ဆုံး ဆန္ဒကို ဖြည့်ဆည်း ပေးလိုက်ပါ"

ဘုရင်က လူနာအား သူ၏ ဝတ်လဲတော်ကို စွန့်၏။ ဦးဆောင်းကို ပေး၏။ ထို့နောက် သူ့ကို ဆောင်းပေး ထားသော ရွှေထီးအား မိုးစေသည်။ ဘုရင်ကား သူဆင်းရဲ တဦးထံက ဝတ်လဲပုဆိုး ဝတ်ကာ သစ်ပင် အောက်တွင် ကြည့်နေသည်။

"အရှင်ဘုရား လူနာက သူ့ဇနီးကို သွားခေါ်ပေးပါလို့ ပြောနေပါတယ်"

"သွားခေါ်ပေး လိုက်ပါ"

သူ့ဇနီး ရောက်လာသည်။ သူ့ခင်ပွန်း အဖြစ်ကို ကြည့်ပြီး အော်ငိုသည်။ "အမလေး ယောက်ျားရယ် နောက်ဆုံးတော့ ရှင့်ဆန္ဒ ပြည့်ပါ ပေါ့လား။ ငါတနေ့ ဘုရင်လို နေမယ် ဘုရင်လို သေမယ် ဆိုတာ မှန်နေပါ ပေါ့လား"

သူမိုက်ဇနီးက ငို၏။ သူမိုက်ကား ပြုံးရွှင်ကာ အသက်ဆုံးရှုံးလေ၏။ သူ့ဆုတောင်းကား နောက်ဆုံးတွင် ပြည့်သွားလေ၏။ တင်ညွန့် ၂၁.၃.၂၀၂၂

Post a Comment

0 Comments