မင်းဟာ မင်းထင်တာထက် ပိုသန်မာပါတယ်

အမျိုးသမီးတို့ရေ။ ကမ္ဘာကြီးက ရွာငယ်လေး တခု ဖြစ်သွားတဲ့ ခေတ် ရောက်နေပါပြီ။ အချိန်တန်ရင် လင်ယူ သားမွေး အမှုကို ပြုပြီး လကုန်ရက် ယောကျာ်း ပြန်အပ်မဲ့ လစာကို မီးဖိုချောင်ထဲမှာ အချိန်ဖြုန်း စောင့်ရမဲ့ ခေတ် မဟုတ်တော့ပါဘူး။

ငါဟာ လှလှလေး နေရင် ငါက ချစ်ဖို့ကောင်းရင် လင်ကောင်း သားကောင်း ရမှာဘဲ။ တကယ်ချစ်တဲ့ ယောကျာ်းနဲ့ တွေ့ရင် ငါ့တဘဝ လုံးဝ ရင့်ကျက်စရာ မလိုဘဲ ကလေးဆန်ဆန် ဖြတ်သန်းလို့ ရမယ် ဆိုတဲ့ ခပ်ညံ့ညံ့ အတွေးမျိုး လုံးဝ မတွေးပါနဲ့။

အရည်အချင်း ရှိတဲ့ ယောက်ျားလေး တွေဟာ ထက်မြက်တဲ့ မိန်းကလေးကိုဘဲ လိုချင်တာပါ။ အရမ်း လှတဲ့ မိန်းကလေးကို လိုချင်တာ မဟုတ်ပါဘူး။

ကိုယ့်ဘဝကို ပိုပြီး တောက်ပြောင်အောင် အရောင်တင် ပေးနိုင်မယ့်သူ၊ ကိုယ် တိုင်ပင်လို့ ရမဲ့သူ၊ ကိုယ့်ကို စိတ်ရောလူပါ Support ပေးနိုင်တဲ့ မိန်းကလေးဘဲ လိုချင်တာပါ။

ထက်မြက်တဲ့ မိန်းကလေးက ဘာလဲ။ ပညာတတ်တာလား၊ ရုပ်ချောတာလား။ မဟုတ်ပါဘူး။ နယ်ပယ်တခု လူအသိုက်ဝန်း တခုမှာ ကျွမ်းကျင်တာ လုပ်ရဲ ကိုင်ရဲ ရှိတာပါ။

Gender ခွဲခြား ခြင်းတွေကို နောက်ပို့ပစ်ပါ။ အိမ်ထောင်တခု ပြုတဲ့အခါ ကိုယ့်အမျိုးသားအပေါ်မှာ ဘယ်လောက် Support ပေးနိုင်လဲ သားသမီးကို ဘယ်လောက် မြေတောင် မြောက်ပေးနိုင်လဲ ဒါကို တွေးပါ။

တယောက်တည်း Single life နဲ့ နေတဲ့အခါ ငါ့ဘဝ အတွက် ဘယ်လောက် ကြိုးစားပြီးပြီလဲ၊ ဘယ်လောက် စုမိပြီလဲ၊ ငါဘယ်လောက် Strong ဖြစ်လဲ တွေးပါ။

ကမ္ဘာကြီးကို ထွက်ကြည့် လိုက်ပါ။ နယ်ပယ် အသီးသီးမှာ အောင်မြင်နေ ကြတဲ့ အမျိုးသမီးတွေ အိမ်ထောင်ရှင်မတွေ မရေတွက် နိုင်အောင် အများကြီးပါဘဲ။

ငါဟာ အိမ်ထောင်ကွဲ ဖူးတာလား၊ အပျိုစင် ဘဝကို ထိပါးခံ ခဲ့ရတာလား၊ အတန်းပညာ ဆုံးခန်း မတိုင်ခဲ့တာလား ဒါတွေနဲ့ မင်းရဲ့ တန်ဖိုးကို တိုင်းတာလို့ မရပါဘူး။

ကိုယ့်တန်ဖိုးကို ကိုယ်ကိုယ်တိုင် မြင့်ရတာပါ။ ဘယ်သူ့ပါးစပ်က စကားလုံး ကမှ အရေးမပါဘူး။

ကိုယ်သတ်မှတ် ထားတဲ့ စံနှုန်းကို မီအောင် ကြိုးစားပါ။ ရည်မှန်းချက် ကြီးကြီးထားပါ။ လောကကြီးကို ရဲရဲကြီး ပျံသန်းပါ။ ပိုက်ဆံရှာပါ။ စုပါ။ သန်မာအောင် နေပါ။ Smart ကျပြီး ထက်မြက်တဲ့ အမျိုးသမီး အဖြစ် ရပ်တည်ပါ။

လိုချင်တာ ရှိတိုင်း လင်ယောက်ျားကို ပူဆာစရာ မလိုတဲ့၊ တခုခု ဝယ်ချင်တိုင်း ပိုက်ဆံအိတ် ကလေးကို ငုံ့ကြည့်ပြီး ချင့်ချိန်စရာ မလိုတော့တဲ့ အထိ ကြိုးစားပါ အမျိုးသမီးတို့ရေ။ မင်းတို့ဟာ မင်းတို့ ထင်ထားတာထက် ပိုသန်မာပါတယ်။ Thar Htwe

Post a Comment

0 Comments