ချောင်းထဲက ရတနာ

တခါတုန်းက ကုန်သည်တစုဟာ မြင်းကိုယ်စီနဲ့ ခရီးတခုကို အတူ သွားကြသတဲ့။ တညမှာတော့ သူတို့ဟာ ရေမရှိတဲ့ ချောင်းတခု ဆီကိုရောက်လာကြတယ်။ အဲဒီ အချိန်မှာပဲ ပတ်ဝန်းကျင် တခွင်လုံး မှောင်သွားသတဲ့။

ကုန်သည်တွေလည်း မမြင် မစမ်းနဲ့ ချောင်းကို ဖြတ်ကြရ တာပေါ့။ ချောင်းထဲမှာ ရေမရှိ ပေမယ့် ချောင်းကြမ်းပြင်က ကျောက်ခဲ တွေကြောင့် တကြောင်း ပတ်ဝန်းကျင် မှောင်နေတာကြောင့် တကြောင်း သူတို့ဟာ သတိထားပြီး ခပ်ဖြည်းဖြည်းပဲ လာကြတယ်။

ချောင်းလယ်လည်း ရောက်ရော "မင်းတို့အားလုံး မြင်းပေါ်က ဆင်းကြစမ်း" ဆိုတဲ့ ကျောချမ်းဖွယ် အသံကြီးတခု ထွက်ပေါ်လာတယ်။အားလုံးဟာ ကြောက်ကြောက်နဲ့ မြင်းပေါ်က ဆင်းလိုက်ကြတယ်။ "မင်းတို့ အောက်မှာ စမ်းမိတာတွေကို့ မင်းတို့ အိတ်ထဲ ထည့်ကြစမ်း"

ကုန်သည်တွေဟာ အောက်ကို စမ်းကြည့်တော့ ချောင်းကြမ်းပြင်က ကျောက်စရစ်ခဲ လိုလို ကျောက်ခဲတွေ စမ်းမိတာနဲ့ အိတ်ထဲ ကောက်ထည့် လိုက်ကြတယ်။ "သွားကြတော့" ဆိုတဲ့ အသံနက်ကြီး ထွက်လာပြန်တယ်။ ကုန်သည်တစုဟာ မြင်းပေါ် စွေ့ကနဲ ခုန်တက်ပြီး ခြေဦးတည့်ရာ ဒုန်းစိုင်း ပြေးကြ ပါတော့တယ်။

ဒီလိုနဲ့ ပြေးကြရင်း မနက် လင်းလည်းလင်း သူတို့တတွေလည်း ခြေကုန်လက်ပမ်းကျ မောပမ်း လာကြတဲ့အတွက် နားလိုက် ကြပါတယ်။ အမောပြေ သွားတဲ့အခါ သူတို့ အိတ်ထဲကို ဘာတွေ ထည့်လာမိတယ် ဆိုတာ သံသယနဲ့ အိတ်ကို ဖွင့်ကြည့် လိုက်ကြတယ်။

သူတို့ တွေ့လိုက်ရတာက အဖိုး မဖြတ်နိုင်တဲ့ ကျောက်မျက် ရတနာတွေပေါ့။ ဒီနေရာမှာ ဖြတ်ပြီး စာဖတ်သူ တို့ကို မေးချင်ပါတယ်။ အဲဒီ မြင်းကုန်သည်တွေဟာ ဘယ်လို ခံစားရလိမ့်မယ်လို့ ထင်ပါသလဲ၊ အတိုင်းမသိ ဝမ်းသာ ပျော်ရွှင်သွား ကြမှာလား။

မဟုတ်ပါဘူး။ သူတို့တွေ စိတ်ဆင်းရဲ သွားကြသတဲ့။ ဘာလို့လဲ ဆိုတော့ ခုလို ရတနာ တွေမှန်း သိရင် ဒီထက် ပိုကောက်ခဲ့ မိမှာ၊ ခုတော့ အရနည်းလေခြင်း ဆိုပြီး ဝမ်းနည်းပူဆွေး သွားကြသတဲ့။

လိုချင် တပ်မက်မှု များလေ စိတ်ဆင်းရဲ ရလေပေါ့။ လောဘကြီးလေ သောကကြီးလေပေါ့ လောဘမရှိရင် ဘယ်ချမ်းသာပါ့မလဲ လို့လည်း စောဒက မတက်ကြ ပါနဲ့ဦး။ ချမ်းသာဖို့များ လောဘကြီးစရာ မလိုပါဘူး။ ကိုယ်လုပ်တဲ့ အလုပ်ကိုသာ စေတနာထားပြီး လုပ်ပါ။ ကိုယ့်အလုပ်က သူတပါး အတွက် ဘယ်လို အကျိုးပြုနိုင်မလဲ ဆိုတာသာ စဉ်းစားပါ။

ဥပမာ ဈေးရောင်းတဲ့ သူဆိုလည်း အမြတ်ရဖို့ ဆိုတာကို ရှေ့တန်း မတင်ဘဲ စားသုံးသူ အတွက် အကောင်းဆုံး အရည်အသွေး အကောင်းဆုံးဝန်ဆောင်မှုနဲ့ ဘယ်လို အကျိုးပြုနိုင်မလဲ ဆိုတာသာ စဉ်းစားပါ။ နောက်ဆုံး ဆိုက္ကား နင်းတယ် ဆိုတောင်မှ ခရီးသည်တွေ လိုရာခရီးကို အဆင်ပြေ ချောမွေ့စွာ ရောက်ရှိအောင် ချိုသာစွာ ဝန်ဆောင် ပေးနိုင်အောင်သာ ကြိုးစားပါ။

အဲဒီအခါ ကျွဲကူးရေပါ ဆိုသလို ချမ်းသာသုခ တွေဟာလည်း အလိုလို ရောက်လာ ပါလိမ့်မယ်။ အဲဒီလိုနည်းနဲ့ ချမ်းသာမှု ဆိုတာ ဥစ္စာဓနတင်မကဘဲ စိတ်ပါ ချမ်းသာတဲ့အတွက် ပိုမြတ်တဲ့ ချမ်းသာပါပဲ။ စိတ်စေတနာ ကောင်းလေးသာ မွေးမြူလိုက်စမ်းပါ။ ဘဝဆိုတာ ပျော်ရွှင်ဖွယ်အတိ ပြည့်နေမှာပါ။

Crd

phoomyatchal

Post a Comment

0 Comments