စိတ်ဖိစီးမှုက လူတိုင်းနဲ့ မကင်းတဲ့အရာပါပဲ။ စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ် ကျန်းမာရေးလည်း ထိခိုက်လာပါတယ်။ အဲဒါကြောင့် စိတ်ဖိစီးမှုကို ပြေလျော့စေဖို့ အချိန်အများကြီး မပေးနိုင်သူတွေအတွက် အချိန်ကုန်သက်သာပြီး ထိရောက်တဲ့ နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။
၁။ ဂျပန်နိုင်ငံမှာ ရှေးတုန်းကတည်းက အသုံးပြုခဲ့သောနည်းလမ်း
ဒီနည်းလမ်းအရက လက်ချောင်းတစ်ချောင်းချင်းစီက စိတ်ခံစားချက်တွေကို ဖော်ပြပါတယ်။
- စိုးရိမ်ပူပန်မှုတွေအတွက် လက်မ
- ကြောက်စိတ်တွေအတွက် လက်ညှိုး
- ဒေါသစိတ်အတွက် လက်ခလယ်
- စိတ်ဓာတ်ကျမှုအတွက် လက်သန်းကြွယ်
- ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရမှုတွေအတွက် လက်သန်းဆိုပြီး လက်ချောင်း တစ်ချောင်းချင်းစီကို ဖော်ပြထားပါတယ်။
လက်ချောင်း တစ်ချောင်းချင်းစီကို လက်သီးနဲ့ဆုပ်ပါ။
ပထမဆုံးအနေနဲ့ လက်ချောင်းတစ်ချောင်းချင်းစီကို လက်သီးနဲ့ တင်းတင်းကျပ်ကျပ်ဆုပ်ပါ။ လက်ချောင်းတစ်ချောင်းကို ၁ မိနစ်ကနေ ၂ မိနစ်အထိ ဆုပ်ကိုင်ထားပါ။ ဒီလေ့ကျင့်ခန်းကို နေ့စဉ်ပြုလုပ်ပေးတဲ့အခါ စိတ်ဖိစီးမှုတွေကို ထိန်းချုပ်နိုင်လာတာကို တွေ့ရမှာပါ။
၂။ လက်ဖဝါးရဲ့အလယ်ကို လက်မနဲ့ဖိထားပါ။
လက်ချောင်းတစ်ချောင်းချင်းစီကို လက်သီးနဲ့ဆုပ်တဲ့ လေ့ကျင့်ခန်းပြီးတဲ့နောက် ဒီလေ့ကျင့်ခန်းကို ပြုလုပ်လို့ရပါတယ်။ လက်ဖဝါးရဲ့အလယ်ကို လက်မနဲ့ တစ်မိနစ်ကြာအောင် ဖိထားပါ။ အဲဒီနောက် နာရီလက်တံလှည့်တဲ့အတိုင်း နှိပ်နယ်ပေးနိုင်ပါတယ်။ နှိပ်နယ်ပြီးတဲ့နောက် နှလုံးခုန်နှုန်း မြန်နေတာတွေ လျော့သွားမှာပါ။
၃။ အသက်ဝဝရှူပါ။
ညီညာတဲ့ကြမ်းပြင်ပေါ်မှာ လဲချလိုက်ပါ။ အဲဒီနောက် လက်တစ်ဖက်ကို ရင်ဘတ်ပေါ်ကို တင်ထားပါ။ နောက်တစ်ဖက်ကို ဝမ်းဗိုက်ပေါ်မှာ တင်ထားပါ။ အသက်ကို ဗိုက်ကနေ ပြင်းပြင်းရှူသွင်းလိုက်ပါ။ လက်တွေကိုတော့ မလှုပ်ဘဲ ထားရမှာပါ။ ပြီးရင် ပါးစပ်ကနေ အသက်ရှူထုတ်လိုက်ပါ။
ဒီလေ့ကျင့်ခန်းကို ၃ ကြိမ်ကနေ ၁၀ကြိမ်အထိ ပြုလုပ်ပေးလို့ရပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့အခါ မလောဘဲ စိတ်အေးအေးထားပြီး လုပ်ရမှာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ စိတ်ရော ခန္ဓာကိုယ်ပါ ပေါ့ပါးလန်းဆန်းနေတာကို တွေ့ရမှာပါ။
၄။ အကြောဆန့်ပါ။
အိမ်မှာတင် အကြောဆန့်တဲ့ လေ့ကျင့်ခန်းတွေကို လွယ်လွယ်ကူကူ ပြုလုပ်လို့ ရပါတယ်။ အဲဒီထဲမှာမှ အလွယ်ဆုံးလေ့ကျင့်ခန်း ၂ ခုကို ဖော်ပြပေးပါမယ်နော်။
- ခြေထောက်နှစ်ဖက်ကို ၄ ပေလောက်ခြားအောင် ဆန့်ကားထားပါ။ လက်တွေကို ခါးနောက်မှာထားပြီး ပုဝါတစ်ခုကို လက်နှစ်ဖက်လုံးနဲ့ ကိုင်ထားပါ။ ပြီးတော့ အဲဒီအနေအထားတိုင်းပဲ ခန္ဓာကိုယ်အရှေ့ဘက်ကို ကိုင်းလိုက်ပါ။
- နောက်တစ်နည်းကတော့ ထိုင်ခုံရဲ့အစွန်းမှာ ခါးမတ်မတ်ထားပြီး ထိုင်ပါ။ ညာဘက်လက်ကို ထိုင်ခုံရဲ့အနောက်မှာ တင်ထားပြီး ဘယ်လက်ကိုတော့ ညာဘက်ပေါင်ပေါ်မှာ တင်ထားပါ။ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ခါးကို လှည့်လိုက်ပါ။ ပြီးနောက် အသက်ကို ရှူထုတ်လိုက်ပါ။ နောက်တစ်ဖက်မှာလည်း အဲဒီနည်းအတိုင်းပဲ ပြုလုပ်ပေးပါ။
၅။ သတိမလွတ်အောင် အာရုံစိုက်ပါ။
ယခုလက်ရှိ အချိန်ကိုပဲ အပြည့်အဝ အာရုံစိုက်ပါ။ စိတ်ကိုတည်ငြိမ်နိုင်အောင် ရေချိုးနေတဲ့အချိန်၊ ညစာပြင်ဆင်တဲ့ အချိန်တွေမှာ လေ့ကျင့်နိုင်ပါတယ်။ နောက်တစ်နည်းကတော့ တရားရှူမှတ်သလို ဝမ်းဗိုက်မှာ အသက်ရှူနေတာကို အာရုံစိုက်ထားပါ။
အနည်းဆုံး ၅ မိနစ်ခန့် အခြားအတွေးတွေကို မတွေးဘဲ ဝမ်းဗိုက်မှာပဲ သတိကပ်ထားပါ။ အဲဒီအခါ စိတ်စုစည်းနိုင်လာပြီး စိတ်ဖိစီးမှုတွေ အများကြီး လျော့သွားတာကို တွေ့ရမှာပါ။
Zombie (lovemedia)
0 Comments