မုန်းတိုင်းကျတောင် အိပ်ပျော်တတ်သူ

တခါတုန်းက လယ်မြေတွေ ပိုင်တဲ့ သူဌေးကြီးက သူ့လယ်တွေကို ကြီးကြပ်ဖို့ လူတယောက် ရှာနေတယ်။ သူ့ရွာက လူတော်တော်များများဟာ အလုပ်ကြမ်း မလုပ်ချင် ကြလို့ သူဌေးကြီးဟာ လူရှာမရ ဖြစ်နေတယ်။

တနေ့မှာ လူကောင် ပိန်သေးသေး အသက်ကြီးကြီး လူတယောက် သူ့ဆီမှာ အလုပ် လာလျှောက်တယ်။ သူဌေးကြီးက သူ့ကို ဒီအလုပ် လုပ်နိုင်မလား လို့ မေးတယ်။

သူက မုန်တိုင်း ကျရင်တောင် အိပ်ပျော်ပါတယ် လို့ ဖြေတယ်။ သူဌေးကြီးဟာ သူ့အဖြေကို သဘောမကျ ပေမဲ့ အလုပ်လျှောက်သူ မရှိလို့ သူ့ကိုပဲ လက်ခံပြီး ခန့်လိုက် ရတယ်။

အဲ့ဒီညမှာပဲ လေပြင်း မုန်တိုင်းကြီး ကျပါ တော့တယ်။ သူဌေးကြီးက အိပ်နေတဲ့ သူကို သွားနိုးပြီး အော်ပြောတယ်။ "ဟေ့လူ ထ ထ မုန်တိုင်း ကျနေပြီ၊ အပြင် ထွက်ကြည့် လိုက်အုံး"

ဟိုလူက တဖက်ကို လှည့်စောင်းပြီး ပြန်အိပ်ရင်း "ကျနော် ပြောထားတယ်လေ မုန်တိုင်းကျရင် အိပ်ပျော်ပါတယ်လို့"

သူဌေးကြီးက သူ့ကို ချက်ချင်း အလုပ် ဖြုတ်ပစ် ချင်တယ်။ ဒါပေမဲ့ လောလောဆယ် အပြင်ဖက်မှာ ဘာတွေ ဖြစ်ပျက်နေတယ် ဆိုတာ သွားကြည့် လိုက်တယ်။

ကောက်ရိုးပုံတွေ သပ်သပ်ရပ်ရပ် ပုံထားပြီး အပေါ်မှာ မိုးကာတွေနဲ့ အုပ်ထားတယ်။ နွားတွေ အားလုံး နွားခြံထဲကို မောင်းသွင်းထားပြီး ခြံတံခါးကို လုံလုံခြုံခြုံ ပိတ်ထားတယ်။

ကြက်တွေကိုလည်း ကြက်ခြံ အမိုးအောက်မှာ ထည့်ပြီးပြီ။ ရှိတဲ့ တဲတွေကို ကြိုးနဲ့ မြေကြီးမှာ ငုတ်ဆိုက် ချည်ထားတယ်။ မုန်တိုင်းကြောင့် လွှင့်ပျံ မတက် သွားအောင်ပါ။ အဲ့တာတွေကို လူသစ်က နေ့လည်ထဲက လုပ်ထားခဲ့ တာပါ။

သူဌေးကြီးဟာ အခုမှ သဘောပေါက် သွားတယ်။ လူသစ်ဟာ စီစဉ်စရာ ရှိတာတွေကို မုန်တိုင်း မလာခင် ကတည်းက စီစဉ်ပြီးသားမို့ မုန်တိုင်း လာချိန်မှာ သူကောင်းကောင်း အိပ်နေနိုင်တာကိုး။

သူဌေးကြီးလည်း အဲ့ဒီညမှာ အိပ်ရာဝင်ပြီး ကောင်းကောင်း အိပ်ပျော် သွားပါတယ်။ အလုပ်ရှင်တွေက အလုပ်ခန့်ထား ချင်သူတွေဟာ သူ့လို လူမျိူးတွေပါ။ Crd Bamaw TheinPhe

Post a Comment

0 Comments