ရောင်ပြန်ဟပ်သော စေတနာ

တကယ့် အဖြစ်အပျက်လေး တခုပါ။ တနေ့မှာ ဆင်းရဲသား ကောင်လေး တယောက် တအိမ်တက် တအိမ်ဆင်းပြီး သူကျောင်းတက်ဖို့ အတွက် နွားနို့ လိုက်ရောင်း နေပါတယ်။

လိုက်ရောင်းရင်း ဗိုက်ကဆာလာတယ်။ နွားနို့က စက်ရုံထုတ်ဖြစ်တဲ့အတွက် ဖောက်သောက်ရင် ပိုက်ဆံက ပေးစရာ မရှိ၊ လူမိရင် အလုပ်ရှင်က အလုပ် ဖြုတ်နိုင်တယ်။

အဲဒါနဲ့ အိမ်တအိမ်မှာ ရေတခွက် တောင်းသောက်တယ်။ အိမ်ရှင်မက ဆင်းရဲသား ကောင်လေးကို ကြည့်ပြီး ကောင်လေးက ဗိုက်ဆာနေမှန်း သိတော့ ကောင်လေး ရောင်းတဲ့ နို့ကို ဝယ်ပြီး ခွက်ထဲ ထည့်ကာ ကောင်လေးကို တိုက်လိုက်တယ်။

ကောင်လေးက ဖြည်းဖြည်းချင်း သောက်ပြီး "ကျနော် အန်တီဆီက အကြွေး ဘယ်လောက် ရှိသွားသလဲ ခင်ဗျာ" လို့ မေးတယ်။ အိမ်ရှင်မ ကလည်း "ဘာအကြွေးမှ မရှိပါဘူး ကလေး" လို့ ပြန်ဖြေတယ်။ အဲဒီတော့ ကောင်လေးက "အမေက ပြောထားတယ် ဘယ်သူ့ ဆီကမှ ဘယ်တော့မှ အလကား မယူရဘူးတဲ့"

အိမ်ရှင်မက ပြုံးပြီး "အန်တီရဲ့ အမေကလည်း အကြင်နာ တရားကြောင့် ဖြစ်လာတဲ့ စေတနာဆီက ပိုက်ဆံ မယူဖို့ သင်ပြ ထားပါတယ် ကလေး" လို့ ပြန်ဖြေတယ်။

ကောင်လေးကလည်း "အဲဒါဆို ကျနော် နှလုံးသားက အရင်းတည်ပြီး ကျေးဇူးတင်ပါတယ် ခင်ဗျား" လို့ ပြောပြီး အိမ်ရှင်မကို သေချာ ကြည့်ကာ နူတ်ဆက်ပြီး သူ့နွားနို့ကို ဆက်ရောင်း ပြန်တယ်။

နှစ်တွေ အတော်ကြာပြီးတဲ့ နောက်မှာ အဲဒီ အိမ်ရှင်မဟာ ရုတ်တရက် အပြင်း ဖျားတော့တယ်။ ရောဂါကလည်း ရှာမတွေ့။ အဲဒါနဲ့ မြို့ကြီးကို ပို့ပြီး အထူးကုတွေ ဆီမှာ ကုသတယ်။

အဲဒီမှာ အထူးကု Dr. Howard Kelly (1858-1943) က အိမ်ရှင်မကို ကြည့်ပြီး ချက်ချင်းပဲ အစွမ်းကုန် ကုသပေးတယ်။ နောက်ဆုံး အိမ်ရှင်မမှာ ပြန်လည် ကျန်းမာလာတယ်။

သူမရဲ့ ယောင်္ကျားက ကွယ်လွန်သွားတဲ့ အတွက် ဆေးဖိုးတွေ အားလုံးအတွက် သူမရဲ့ ညီမက အိမ်ကို ရောင်းပြီး ပေးဖို့ အကြံပေးတော့ အိမ်ရှင်မ ကလည်း အဲလိုပဲ လုပ်ရတာပေါ့ ဆိုပြီး ဆေးရုံ counter မှာ ကျသင့်ငွေ ဘယ်လောက်လဲ ဆိုတာ သွားမေးကြတယ်။

အဲတော့ counter မှ စာရွက်လေး တရွက် သူ့ကို ပေးလိုက်တယ်။ အဲစာရွက်မှာ ရေးထားတာက "Paid in full with one glass of milk" တဲ့။ အဲဒီစာလေးကို ဖတ်ပြီး သူမ သဘောပေါက်သွားတယ်။ သူမ ကူညီခဲ့တဲ့ ကောင်လေးဟာ အထူးကု ဆရာဝန် ဖြစ်နေတယ် ဆိုတာပါ။

စေတနာဆိုတာ အမြဲတမ်း ရောင်ပြန် ဟပ်ပါတယ်။ ကိုယ့်စေတနာသာ မှန်ပါစေ နှစ်တွေ လတွေ ကြာသော်လည်း ရောင်ပြန် ပါတယ်။ ယုံပါ။ သုတစွယ်စုံကျမ်း

Post a Comment

1 Comments

  1. သတ်ပုံမှန်နဲ့ ရေးသား တင်ပြထားတဲ့ Love Media ကျေးဇူး + ကွန်ဂရက်ကျူလေးရှင်း။ ယောက်ျားတလုံးတည်းသာ ပြင်လိုက်တယ်။

    ReplyDelete