မင်းသမီးလေးရူပစန္ဒီ

တခါတုန်းက ဘုရင်ကြီးတပါးမှာ ရူပစန္ဒီ ဆိုတဲ့ မင်းသမီးလေး တပါး ရှိတယ်။ ရူပစန္ဒီ လေးဟာ ဘုရင့်သမီးတော်လေး ဖြစ်တဲ့အပြင် ရုပ်ရည်ကလည်း အင်မတန် ချောမောလွန်းလို့ နန်းတော်တခုလုံးမှာ သူ့ကို မချစ်ခင်တဲ့သူ မရှိဘူးတဲ့။ အားလုံးက ဖူးဖူး မှုတ်ထားတာပေါ့။

အဲဒီလောက် ကံကောင်းပြီး ချောမောနေပေမယ့် ရူပစန္ဒီဟာ လှသထက်ပဲ ပိုပြီး လှချင်လို့ အချိန်ရှိသရွေ့ အလှပဲ ပြင်နေတယ်။ စာပေပညာ ရပ်တွေလည်း မသင်၊ မိန်းကလေးတွေ တပ်အပ်တဲ့ ပညာရပ်တွေ ကိုလည်း မလေ့လာဘဲ လှသထက် လှဖို့ တခုတည်းကိုပဲ စဉ်းစားနေတယ်တဲ့။

တနေ့မှာတော့ သူရဲ့အထိန်းတော်က "တောစပ်နားမှာ နေတဲ့ ပုဏ္ဏားတယောက်က ချောမော လှပလာအောင် မန်းမှုတ်တတ်တယ်လို့ ကြားသိခဲ့ရပါတယ် သခင်မလေး" လို့ လျှောက်တင်လိုက်တယ်။ ရူပစန္ဒီလည်း ချက်ချင်းပဲ "ဒီသတင်းဟာ အမှန်ပဲလား ဝမ်းသာလိုက်တာ" လို့ ပြောပြီးပိုလှလာဖို့ အတွက် ဘယ်လို လုပ်ရမလဲ ဆိုတာ အကြံထုတ် တော့တယ်။

အဲဒီနောက်တော့ ရူပစန္ဒီလေးဟာ ခမည်းတော်မင်းကြီး မသိအောင် နန်းတော်ထဲကနေ တိတ်တဆိတ် ထွက်လာခဲ့ပြီး တောစပ်နားက ပုဏ္ဏားကြီး ရှိရာကို အရောက်သွားတော့ သတဲ့။ ကံကောင်းစွာပဲ ပုဏ္ဏားကြီးနဲ့ တခါတည်း တွေ့လို့ ရူပစန္ဒီလေးက "အို ပုဏ္ဏားကြီး ကျွန်မကို လှပလာအောင် နည်းလမ်းကောင်းလေးများ ရှိရင် ပြောပြပေးပါဦး" လို့ မေးလိုက်တယ်။

ထိုအခါ ပုဏ္ဏားကြီးက "သမီးတော်လေး၊ သင်ဟာ လှပြီးသားပဲ။ မလိုအပ်တော့ ပါဘူး" လို့ ပြန်ပြောတယ်။ "အို၊ ဒီထက် ပိုပြီး လှချင်လို့ပါကူညီပါဦး ပုဏ္ဏားကြီးရယ်" လို့ ရူပစန္ဒီက အတင်း တောင်းဆိုတော့တယ်။ ပုဏ္ဏားကြီးလည်း "ကဲ ကဲ ပြောမရတော့လည်း ကူညီပေးရတာပေါ့" လို့ ပြောပြီး ရူပစန္ဒီကို ထူးဆန်းတဲ့ ပုလည်လည်ဆွဲလေး တကုံးကို ထုတ်ပေးလိုက် တယ်။

"ဒီလည်ဆွဲဟာ ကျွန်ုပ် တတ်ကျွမ်းတဲ့ ရူပမန္တာန်တော်နဲ့ မန်းမှုတ် စီရင်ထားတဲ့ လည်ဆွဲ ဖြစ်ပါတယ်။ ဒီလည်ဆွဲကို ဆင်မြန်းလိုက်တာနဲ့ သင်ဟာ ဗမ္ဗူတခွင်မှာ အချောဆုံး အလှဆုံး မိန်းကလေး ဖြစ်သွားလိမ့်မယ်။ ဒါပေမယ့် ဒီလည်ဆွဲကို ပြန်ချွတ်မိ လိုက်တာနဲ့ သင်ဟာ အိုမင်းရင့်ရော်သွားပြီး အကျည်းတန် အရုပ်ဆိုး သွားရလိမ့်မယ်။ ကဲ ဘယ်လို သဘောရလဲ" လို့ ပုဏ္ဏားကြီးက ရူပစန္ဒီ မင်းသမီးလေးကို ပြောလိုက်တယ်။

ရူပစန္ဒီ မင်းသမီးလေးဟာ အလှဆုံး ဖြစ်ဖို့ပဲ အရေးကြီးနေလို့ ကျန်တာကို ဘာမှ တွေးမနေတော့ပဲ "ကိစ္စမရှိပါဘူး၊ အမြဲတမ်း လှနေအောင်အမြဲတမ်း ဝတ်ထားလိုက်မှာပေါ့" လို့ အလွယ်တကူ ပြောလိုက်တယ်။ အဲဒီနောက်မှာတော့ မင်းသမီးလေးဟာ ပုဏ္ဏားကြီးဆီက လည်ဆွဲကြိုးကို ယူပြီး ဝတ်ဆင်လိုက် တော့တယ်။ ရူပစန္ဒီလေးလည်း ဝမ်းသာအားရနဲ့ နန်းတော်ကို ပြန်လာခဲ့တော့တယ်။

နန်းတော်ရောက်တဲ့ အခါမှာ ရူပစန္ဒီလေးကို ခမည်းတော် ဘုရင်ကြီးက တွေ့လိုက်တော့ အရမ်း အံ့သြသွားတယ်။ "သမီးတော်ရယ် ဒီလောက်လှလွန်းတော့ သမီးတော်အတွက် အန္တရာယ် များလွန်းပါတယ် အစစမှာ သတိထား နေပါကွယ်" လို့ ဘုရင်ကြီးက ဆုံးမလိုက်တယ်။ ဒါပေမယ့် ရူပစန္ဒီလေးဟာ မသိဟန်ပြုပြီး ဘုရင်ကြီးရှေ့က ထွက်ခဲ့တယ်။ သူ့ရဲ့ စိတ်ထဲမှာတော့ သူ့အလှအတွ အရမ်း ဝမ်းသာနေတာပေါ့။ ဒီလိုနဲ့ ရူပစန္ဒီလေးဟာ အတိုင်းတိုင်း အပြည်ပြည်ရဲ့ ဘယ်မင်းသမီးကမှ မယှဉ်နိုင်အောင် ချောမော လှလွန်းနေတော့ တာပေါ့။

တနေ့မှာတော့ရူပစန္ဒီလေးက အင်းနန်းတော်ထဲက ရေကန်တော်မှာပဲ အမြဲချိုးနေရတာ ငါ့စိတ်ထဲ မသန့်ရှင်းဘူး။ နန်းမြို့တောင်ဘက်က ကြည်လင် အေးမြပြီး တသွင်သွင် စီးဆင်းနေတဲ့ ကျောက်စက်ရေ စမ်းချောင်းလေးမှာသာ ရေသွားချိုးလိုက်ရရင် ငါ့ရဲ့ အသားအရည်တွေဟာ ဒီထက်ပိုပြီး စိုပြေလှပလာမှာပဲ လို့ စဉ်းစားမိတယ်။

ဒါကြောင့် မယ်တော်ဆီမှာ သွားရောက်ပြီး ခွင့်တောင်းကြည့်တယ်။ ဒါပေမယ့် မယ်တော်က မြို့ပြင်မှာ သားရဲတိရိစ္ဆာန် တွေက ပေါများလှပါဘိနဲ့ မယ်တော် ခွင့်မပြုနိုင်ဘူး သမီးတော် လို့ ပြန်ပြောလိုက်တယ်။ မယ်တော်မိဖုရား ခွင့်မပြုတော့ ရူပစန္ဒီလေးဟာ သိပ်စိတ်ညစ်သွားတယ်။ ဘယ်အထိန်းတော်တွေ ကမှလည်း မိဖုရားကြီးရဲ့ အမိန့်ကို လွန်ဆန်ပြီး မပို့ရဲကြ ရှာဘူးပေါ့။ ဒီတော့ ရူပစန္ဒီလေးလည်း သူ့ဆုံးဖြတ်ချက်အတိုင်း ဘယ်သူမှ မသိအောင် တိတ်တိတ်လေး ထွက်လာခဲ့တယ်။

စမ်းချောင်းလေးနား ရောက်တော့ သူ့သဘောကျ တသွင်သွင် စီးနေတဲ့ စမ်းချောင်းရေထဲ ဆင်းပြီး ရေချိုးတော့တာပေါ့။ ရူပစန္ဒီလေးဟာ ဒီလိုနဲ့ စမ်းချောင်းထဲမှာ ရေချိုးနေရင်း ကျောက်တုံးတတုံးကို ချော်နင်းမိပြိး ရေထဲကို လဲကျသွား တော့တယ်။ စမ်းချောင်းလေးဟာ သိပ်မနက်ပေမယ့် ရေစီးနေတော့ ရူပစန္ဒီလေးဟာ ရေစီးထဲမှာ မျောပါမလို ဖြစ်သွားတယ်။ အဲဒီအချိန်မှာ သူ့လည်ပင်းက ပုလဲလည်ဆွဲလေးဟာ ရေထဲကို ပြုတ်ကျသွားသ တဲ့။

ကံဆိုးချင်တော့ အဲဒီအချိန်မှာ သူ့အနားကို ကူးလာတဲ့ ငါးကြီးတကောင်က မြင်ပြိး အစာမှတ်လို့ ထိုးဟပ် သွားတယ်။ ချက်ချင်းပဲ ရူပစန္ဒီလေးလည်း ချောမောလှပ နေရာကနေ အကျည်းတန်တဲ့ အဖွားအိုကြီးပုံ ဖြစ်သွားတော့တယ်။ ဒါကြောင့် ငါးကြီးရဲ့ နောက်ကို ချက်ချင်း ရေကူးပြီး အမီလိုက်ပေမယ့် ငါးကြီးကို မတွေ့ရတော့ဘူး။ ဒါပေမယ့် ဇွဲမလျော့ဘဲ စမ်းချောင်းလေး စီးဆင်းရာ လမ်းတလျောက် လိုက်ရှာနေ မိတယ်။

အဲဒီအချိန်မှာပဲ ပုလဲလည်ဆွဲကို ထိုးဟပ်သွားတဲ့ ငါးကြီးကို တံငါသည်တဦးက ဖမ်းမိသွာတယ်။ တံငါသည်လည်း အိမ်ရောက်လို့ ငါးရဲ့ ဗိုက်ကိုခွဲမိတော့ အထဲကနေ ပုလဲလည်ဆွဲက ထွက်ကျလာတာပေါ့။ ဒါနဲ့ တံငါသည်လည်း လည်ဆွဲကို ကိုင်ပြီး တအံ့တသြနဲ့ ငေးကြည့်နေတုန်း တံငါည်ရဲ့ အနားမှာရှိတဲ့ သစ်ပင်ပေါ်က ဗျိုင်းတကောင် ဆင်းလာပြီး ပုလဲကုံးကို သုတ်ချီ ပျံပြေးသွားတယ်။

အဲဒီအချိန်မှာ စမ်းချောင်းတလျောက် လိုက်ရှာနေတဲ့ ရူပစန္ဒီတဖြစ်လည်း အကျည်းတန် အဖွားအိုဟာ တံငါသည်ရှိရာကို ရောက်လာသတဲ့။ အမောင်လုလင် ကျွန်ုပ်ရဲ့ ပုလဲလည်ဆွဲ ငါးကြီး စားမျိုသွားလို့ တွေ့မိပါသလား လို့ တံငါသည်ကို မေးမြန်းလိုက်တယ်။ တံငါသည်လည်း အခုလေးတင်ပဲ အဲဒီလည်ဆွဲကို ဗျိုင်းတကောင် သုတ်ချီပြီး အနောက်ဘက် အရပ်ကို ပျံပြေးသွားပါတယ် လို့ အမှန်အတိုင်း ပြောပြလိုက်တယ်။

ဒါနဲ့ အမေအိုလည်း အချိန် မဆိုင်းတော့ဘဲ အနောက်ဘက် အရပ်ကို ချက်ချင်း လိုက်သွားတော့တယ်။ လမ်းမှာ တွေ့သမျှ လူတွေကို မေးမြန်းကြည့်ပေမယ့် ဘယ်သူမှ မသိကြဘူးတဲ့။ တချို့လူတွေက ဆိုရင် "ဟာအဖွားကြိး တယ်ရှုပ်ပါလား သွားစမ်းပါဗျာ" လို့တောင် အော်ငေါက်မောင်းထုတ်လိုက် ကြတယ်။

ဒါနဲ့ သူမဟာ စိတ်ညစ်ပြီး ထွက်လာတုန်း တနေရာ အရောက် သစ်ပင်ပေါ်မှာ ပြိုးပြိုးပျက်ပျက် လက်နေတဲ့ အရာတခုကို တွေ့မိတယ်။ သေချာ မော့ကြည့်တော့မှ ဗျိုင်းတကောင်ရဲ့ လည်ပင်းမှာ သူမရဲ့ ပုလဲလည်ဆွဲ စွပ်လျက်သား ဆွဲမိနေတာကို တွေ့ရတယ်။ အဲဒီဗျိုင်းဟာ ကိုယ်ရောင်ကိုယ်ဝါတွေ တောက်ပနေ တာပေါ့။ သူမလည်း လည်ဆွဲ ပြန်လိုချင်လို့ ဗျိုင်းကို အောက်ကနေ အော်ဟစ် ခြောက်လှန့် လိုက်တယ်။

ဗျိုင်းလည်း လန့်ပြီး ထ ပျံ ပြေးသွားတော့ သူမဟာ ဗျိုင်း ပျံပြေးတဲ့ နောက်ကို အမီလိုက်တော့ တာပေါ့။ ဗျိုင်းဟာ မိုးပေါ်ကနေ ပျံသွားရင်းသင်္ချိုင်းတခုမှာ မီးသဂြိုလ်နေတဲ့ မီးပုံပေါ်က ဖြတ်ပျံမိတယ်။ ဒီတော့ မီးအပူ ဟပ်ပြီး ဗျိုင်းဟာ မီးပုံထဲ ပြုတ်ကျ သွားတော့သတဲ့။ အဲဒီနောက် တော့ ဗျိုင်းလည်း မီးလောင် သေသွားပြီး ဗျိုင်းငှက်နဲ့အတူ ပုလဲလည်ဆွဲလေးလည်း ပြာမှုန့် ဖြစ်သွားတယ်။

ဒီအကြောင်းတွေကို နောက်က ပြေးလိုက်လာတဲ့ အကျည်းတန် အဖွားအို ရူပစန္ဒီ တွေ့သွားပြီး ပြာပုံထဲမှာ သူ့ရဲ့လည်ဆွဲကို တွေ့လို့ တွေ့ငြား လိုက်ရှာမိသေးတယ်။ ဒါပေမယ့် ပြာတွေက လွဲလို့ ဘာမှ ရှာမတွေ့တော့ အဖွားအိုလည်း မျှော်လင့်ချက် မဲ့သွားရတော့ တာပေါ့။

ငါတော့ဒုက္ခရောက်ပြီ။ ပုလဲလည်ဆွဲလေး မရှိတော့ဘူး ဆိုတော့ ငါဟာ အခုလို အကျည်းတန် အဖွားအိုအဖြစ်နဲ့ တသက်လုံး နေသွားရတော့မှာပါလား လို့ တွေးမိပြီး ပြာပုံ အနီးအနားမှာပဲ နေပြီး ပြာမှုန့်ကနေ သစ်ပင် ပေါက်လာမယ့် အချိန်ကို ထိုင်စောင့် မျှော်နေရှာသတဲ့။

"အင်း ပုလဲလည်ဆွဲ ပြာမှုန့်တွေက အပင်ပေါက်လာပြီး အသီး သီးလာရင် အဲဒီ အသီးတွေကို လည်ဆွဲလုပ်ပြီး ဝတ်ရမယ်။ ဒီတော့မှ ငါဟာ အရင်လို ချောမောလှပတဲ့ ရုပ်အဆင်းကို ပြန်ရနိုင်မယ်" လို့ တယောက်တည်း စိတ်ကူးယဉ်ပြီး တွေးတောနေ သတဲ့။

နွေမိုးဆောင်း ရာသီတွေ ပြောင်းတဲ့တိုင်း အဲဒီသစ်ပင် ပေါက်လာမလား ဆိုပြီးတော့ အမြဲတမ်း ရှာဖွေနေသတဲ့။ သူ့ကို တွေ့ကြတဲ့ လူတွေအားလုံးကလည်း သူ့ကို ရူပစန္ဒီမင်းသမီးလေးမှန်း ဘယ်သူမှ မသိကြဘူးပေါ့။ သူ့ကိုကြည့်ပြီး "ဒီအဖွားကြီးဟာ ဒီသုဿန်တဝိုက် မှာပဲ ရစ်သီရစ်သီ လာလုပ်နေတယ်။ ဘယ်ကမှန်းလည်း မသိပါဘူးကွာ" လို့ လူတဦးက ပြောတော့ "အိုအရူးမကြီး နေမှာပေါ့" လို့ တခြားတဦးကည်း ဖြေလိုက်တယ်။

ဒီလိုနဲ့ နောက်ဆုံးတော့ ပိုမို အကျည်းတန်လာတဲ့ အဖွားအိုဟာ သူ့ရဲ့ ရုပ်ရည်ကို ရေအိုင်တအိုင်မှာ ပြန်မြင်မိပြီး ထိတ်လန့် သေဆုံးသွားတော့တယ်။ သူမဟာ သေဆုံးသွားပြီးတဲ့နောက် ငှက်တကောင် ဖြစ်သွားတော့တယ်။

အဲဒီငှက်ဟာ အလွန် အရုပ်ဆိုး အကျည်းတန်ပြီး တောစပ် သင်္ချိုင်းကုန်းတွေ နားမှာ အမြဲ ရစ်သီရစ်သီ နေတတ်တဲ့ ဠင်းတငှက် ပေါ့ကွယ်။ လှချင်လွန်းပြီး မစဉ်းစားမဆင်ခြင် လုပ်တတ်ရင် အဲဒီလိုပဲ ဖြစ်တတ် လို့ ဒီပုံပြင်လေးက ပြောပြနေပါတော့တယ်။ Crd

Post a Comment

0 Comments