တခါတုန်းက ဘုရင်ကြီး တပါးဟာ နန်းတော်ကြီး တခုကို ဆောက်ခိုင်း လိုက်တယ်။ နန်တော်ကြီးဟာ လှပ ခမ်းနား ကြီးကျယ်လွန်းလှ ပါတယ်။ နန်းတော်ကြီးရဲ့ တနေရာမှာ ခန်းမကျယ်ကြီး တခုကိုလည်း ထူးဆန်းအောင် လုပ်ထားတယ်။
အဲဒါက ခန်းမကြီးရဲ့ နံရံ လေးဘက်၊ မျက်နှာကြက်၊ တံခါးပေါက်တွေ၊ ကြမ်းပြင် အားလုံးကို အင်မတန် ကြည်လင်တဲ့ မှန်ချပ်တွေနဲ့ ကာထားတယ်။ မှန်တွေဟာ ကြည်လွန်းလို့ ခန်းမထဲကို ရောက်လာသူဟာ မှန်တွေနဲ့ ကာထား မှန်းတောင် မသိကြဘူး။
နောက်ပြီး ခန်းမထဲမှာ စကား ပြောလိုက်ရင် အော်လိုက်ရင် ကျယ်လောင်တဲ့ ပဲ့တင်သံတွေ ပေါ်ထွက် အောင်လည်း လုပ်ထား ပါသေးတယ်။
တရက်မှာ နန်းတော်ထဲမှာ မွေးထားတဲ့ ခွေးတကောင်ဟာ ခန်းမကြီးရဲ့ ဟနေတဲ့ တံခါးပေါက် ကနေ တိုးဝင်ပြီး အထဲကို ရောက်လာတယ်။ ခွေးဟာ အထဲရောက်တာနဲ့ တံခါးဟာ ပြန်ပိတ်သွားလို့ အပြင်ကို ပြန်ထွက်လို့ မရတော့ဘူး။
ခွေးဟာ မှန်ခန်းကြီးရဲ့ အလယ်ခေါင်ကို ရောက်လာတဲ့ အခါ သူ့ကို အပေါ် အောက် ဘေးပတ်ပတ်လည်မှာ ခွေးတွေ အများကြီး ဝိုင်းနေတာကို တွေ့လိုက်ရတယ်။ အမှန်က မှန်တွေမှာ ပေါ်နေတဲ့ သူ့ရုပ်ပုံတွေ ဆိုတာကို ခွေးက နားမလည် ရှာဘူး။
ခွေးက သွားတွေ ဖြဲပြီး မာန်ဖီ လိုက်တယ်။ ပတ်ပတ်လည်က ခွေးတွေကလည်း သူ့ကို ပြန် မာန်ဖီကြ ပြန်တယ်။ ခွေးဟာ ကြောက်လာလို့ ဟောင်လိုက်တယ်။ ပတ်ပတ်လည်က ခွေးတွေကလည်း သူ့ကို ပြန်ဟောင် ကြတယ်။
သူက ပိုပြီး ကျယ်တဲ့ အသံနဲ့ ဟောင်ပြန်တယ်။ ခွေးတွေက အဲဒီထက် ပိုကျယ်တဲ့ အသံတွေနဲ့ ပြန်ဟောင်ကြ ပြန်တယ်။ ခွေးဟာ ပဲ့တင်သံ ဆိုတာကို နားမလည် ရှာဘူးလေ။
ဒါနဲ့ ခွေးဟာ ပတ်ပတ်လည်က ခွေးတွေထဲက တကောင်ကောင်ကို ကိုက်ဖို့ အနား ကပ်လိုက်တဲ့ အခါ ခွေးတွေ အားလုံးလည်း သူ့ကို ကိုက်ဖို့ ပြေးလာကြတယ်။
နောက်တနေ့ မနက်မှာ ခွေးပျောက်လို့ လိုက်ရှာနေကြတဲ့ အစောင့်တွေဟာ သူတို့ရှာနေတဲ့ ခွေးကို ခန်းမကြီးထဲမှာ တွေ့လိုက်ရတယ်။ ခွေးဟာ အသက် မရှိတော့ဘဲ ကြမ်းပြင်ပေါ်မှာ လဲကျ သေဆုံး နေပါတယ်။ သူ့ဘေး ပတ်ပတ်လည် မှာလည်း သေဆုံးနေတဲ့ ခွေးတွေရဲ့ ပုံရိပ်တွေကို မြင်ကြရ ပါတယ်။
ဒါဟာ ဘာကို ပြသလဲ ဆိုတော့ ကျွန်တော်တို့နေတဲ့ ကမ္ဘာကြီးဟာ သက်မဲ့ပါ။ ကောင်းတာလည်း မလုပ်တတ်သလို ဆိုးတာလည်း မလုပ်တတ် ပါဘူး။
ဒါပေမဲ့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက် နေတာတွေ အားလုံးဟာ ကျွန်တော်တို့ရဲ့ အတွေး စိတ်ကူးတွေ၊ ခံစားချက်တွေ၊ ဆန္ဒတွေ၊ ပြုမူပုံတွေရဲ့ ရောင်ပြန် ဟပ်နေတာပါ။ သင့်ရဲ့ အဆိုးအကောင်းပေါ် မူတည်ပြီး ကမ္ဘာကြီး ပြောင်းလဲ နေပါတယ်။ ကမ္ဘာကြီးဟာ မှန်ချပ်ကြီးတခုပါ။ Crd
0 Comments