တကယ့်အရည်အချင်း

တခါတုန်းက ဥသြငှက်တကောင်ဟာ တေးသီဆိုနေပါတယ်။ သူရဲ့ တေးသံဟာ ကောင်းလှတယ်လို့ မဆိုသာပေမယ့် အနီးအနားမှာ ရှိကြတဲ့ တောကောင်လေးတွေဟာ သဘောကျ နှစ်ခြိုက်ကြပါသတဲ့။ ဥသြဟာ "ဥသြ ဥသြ" ဆိုတဲ့ အသံကလွဲရင် တခြား အသစ်အဆန်း သီဆိုနိုင်ခြင်းတော့ မရှိပဲ ဖြစ်နေပြန်တယ်။

အဲဒီအချိန်မှာပဲ တေးသီငှက် (နိုက်တင်ဂေးလ်) တကောင်ဟာ သူ့အသိုက်ကနေ နိုးထလာပြီး တေးသီချင်း သီဆိုပြန်တယ်။ နိုက်တင်ဂေးလ်ငှက်ကလေးဟာ သီချင်းသံစဉ်ပေါင်း များစွာကို သီဆိုနိုင်တဲ့ အပြင် အသံနေ အသံထားကပါ ကောင်းလွန်းတဲ့အတွက် တောကောင်တွေတင်မက တောထဲကို ထင်းခွေလာကြသူများ အပြင်၊ တောလိုက်မုဆိုးများကပါ ချီးကျူးထောပနာ ပြုကြရပြန်တယ်။

အဲဒီလို နိုက်တင်ဂေးလ် ငှက်ကလေးက စတင်သီဆိုတဲ့ အချိန်မှာတော့ ဥသြငှက်ရဲ့ သီချင်းကို နားထောင်နေကြတဲ့ တိရစ္ဆာန်တွေဟာ ဥသြငှက်ကို စွန့်ခွာပြီး နိုက်တင်ဂေးလ် ငှက်ကလေးထံကို လာရောက်ပြီး နားဆင်ကြခဲ့ကြတယ်။ ဥသြငှက်ဟာ သူ့ရဲ့ ပရိတ်သတ် စွန့်ခွာခြင်းကို ခံရတဲ့အတွက် အင်မတန်မှပဲ စိတ်ဆိုးဒေါသ ထွက်ပြန်တယ်။

သူဟာ ဒေါသ ထွက်လွန်းတဲ့အတွက် နိုက်တင်ဂေးလ်ငှက်ဆီကို လာရောက်ပြီး ဒီလိုပြောခဲ့တယ် "နိုက်တင်ဂေးလ်ငှက်စုတ်၊ နင့်ရဲ့အသံဟာ အင်မတန်မှ နားဝင်ဆိုးလှတယ်၊ ငါနဲ့ယှဉ်လိုက်တဲ့ အခါမှာတော့ နံ့သာဆီနဲ့ မစင်လို ကွာခြားတယ်။ ငါ့ရဲ့ ကောင်းမြတ်တဲ့ အသံကို နားမလည် မခံစားတတ်ကြတဲ့ တိရစ္ဆာန်ကောင်တွေကသာ နင့်သီချင်းကို နားထောင်ကြမှာပဲ ဖြစ်တယ်။ တကယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတယ်ဆိုရင်၊ နင်နဲ့ငါ သီချင်းဆို ပြိုင်ကြစို့လား" လို့ စိန်ခေါ်လိုက်တယ်။

အဲဒီအခါမှာတော့ နိုက်တင်ဂေးလ် ငှက်လေးဟာ မဆိုင်းမတွပဲ စိန်ခေါ်မှုကို လက်ခံလိုက်တယ်။ အဲဒီလို လက်ခံလိုက်တဲ့ အတွက် သူတို့ရဲ့ အဆိုပြိုင်ပွဲအတွက် အဆုံးအဖြတ် တစုံတရာ ပြုပေးဖို့အတွက် ဒိုင်လူကြီးတယောက် လိုအပ်လာပြန်တယ်။ အဲဒီအခါ ဥသြငှက်က "ဒီနားမှာက မင်းရဲ့ ပရိသတ်တွေပဲ ဆိုတော့ ဘက်လိုက်ပြီး ဆုံးဖြတ်ကြလိမ့်မယ်။ ဒါကြောင့် မင်းသီချင်းဆိုတာကို နားမထောင်ဘဲနေတဲ့ တိရစ္ဆာန်တကောင်ကောင်ကို ဆုံးဖြတ်ခိုင်းရမယ်" လို့ပြောဆိုပြန်တယ်။ နိုက်တင်ဂေးလ်ငှက်လေးကလည်း သဘောတူလိုက်ပြန်တယ်။

အဲဒီလိုနဲ့ ဥသြနဲ့ နိုက်တင်ဂေးလ်ငှက်တို့ဟာ ဒိုင်လူကြီးကို လိုက်လံ ရှာဖွေကြတယ်။ နောက်ဆုံးမှာတော့ တောစပ်မှာ မြက်စားနေတဲ့ မြည်းတကောင်ကို တွေ့ရှိကြတယ်။ တကယ်တော့ မြည်းဟာ နုံလွန်းတဲ့အတွက် သီချင်းသံစဉ်နဲ့ စာသားကိုတောင် ခွဲခြားပြီး သဘောမပေါက်သူသာလျှင် ဖြစ်တယ်။ တခြားသော တိရစ္ဆာန်တွေဟာ ဥသြငှက်နဲ့ နိုက်တင်ဂေးလ်တို့ရဲ့ သီချင်းများကို အသီးသီး နားလည်ကြတဲ့အတွက် သူတို့သီချင်းဆိုတဲ့အခါ သွားရောက် နားထောင်ကြတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မြည်းဟာ နုံလွန်းတဲ့အတွက် သီချင်းနားထောင်ခြင်းကို ပြုလုပ်ရကောင်းမှန်း မသိဘဲ သူ့ဟာသူ တောစပ်မှာ မြက်စားနေခဲ့တာပဲ ဖြစ်ပါသတဲ့။ မြည်းဟာ ဘာမှန်းမသိတဲ့အတွက် အစပိုင်းမှာ ငြင်းဆန်ခဲ့ပေမယ့် ဥသြငှက်နဲ့ နိုက်တင်ဂေးလ်ငှက်တို့ရဲ့ တောင်းပန်မှုကြောင့် ဒိုင်လုပ်ဖို့ သဘာတူခဲ့တယ်။

အဲဒီလိုနဲ့ ဥသြငှက်နဲ့ နိုက်တင်ဂေးလ်တို့ရဲ့ သီချင်းဆိုပြိုင်ပွဲ စတင်ခဲ့တယ်။ ပထမဦးဆုံး အနေနဲ့ နိုက်တင်ဂေးလ်ငှက်ငယ်က စတင်သီဆိုတယ်။ သူဟာ ဂီတပညာရဲ့ အမြင့်မားဆုံး၊ အခက်ဆုံးဆိုတဲ့ တေးသီချင်းတွေနဲ့ စတင်ပြီး သီဆိုခဲ့တယ်။ အသံအတိုးအကျယ်၊ အနိမ့်အမြင့်၊ အရှိုက်အငို စုံလင်အောင် အသံစွမ်းပြခဲ့တယ်။ သူ့ရဲ့အသံဟာ ကြားရသူရဲ့စိတ်နှလုံးကို ကြည်လင်စေခဲ့တယ်။

အဲဒီအချိန်မှာတော့ သူတို့ရဲ့တောအုပ်ထဲက ရှိရှိသမျှ သတ္တဝါတွေဟာ ရောက်ရှိလာကြပြီး နိုက်တင်ဂေးလ်ငှက်ငယ်လေးရဲ့ တေးသံမှာ နစ်မြောကြတယ်။ ဒါပေမယ့်လည်း နိုက်တင်ဂေးလ်ရဲ့ သီချင်းနဲ့ အသံရဲ့ကောင်းခြင်းကို မြည်းက နားမလည် မခံစားတတ်ဘဲ ဖြစ်နေခဲ့တယ်။ ဘာတွေဆိုနေတာလဲ မသိဘူး ဆိုပြီးလည်း တွေးနေပြန်တယ်။

နိုက်တင်ဂေးလ်ငှက်လေးရဲ့ သီချင်းအဆုံး မှာတော့ ဥသြငှက်က သီဆိုပြန်တယ်။ သူရဲ့သီချင်းဟာ "ဥသြ ဥသြ" ဆိုတဲ့ အသံပဲ ဖြစ်တယ်။ သူဟာ အဲဒီအသံကို ပဲ ထပ်ခါထပ်ခါ ပြုလုပ်သီဆို ပြန်တယ်။ မြည်းဟာ ရိုးရှင်းလှတဲ့ ဥသြသံကိုတော့ သဘောပေါက်ခဲ့တယ်။ နားရွက်နှစ်ဖက်ထောင်လာခဲ့ပြီး "ဟီး ဟီး ဟီး" ဆိုတဲ့ မြည်သံ ပြုလုပ်ပြီး သဘောကျကြောင်း ပြသခဲ့တယ်။ ပြိုင်ပွဲအပြီးမှာတော့ ဒိုင်ဖြစ်တဲ့ မြည်းရဲ့ စိတ်ကြိုက်သီဆိုနိုင်တဲ့ ဥသြငှက်ဟာ အနိုင်ရခဲ့ပါတော့တယ်။

ဒီပုံပြင်လေးဟာ ကျနော်တို့ကို ပြောပြတဲ့ အချက်ကတော့ "အရည်အချင်း အစစ်အမှန်" အကြောင်းပဲ ဖြစ်တယ်။ တကယ်တော့ မြည်းဟာ ဂီတရဲ့ ကောင်းခြင်း၊ ဆိုးခြင်း သဘောတရားကိုတောင်မှ မသိသူဘဲ ဖြစ်တယ်။ သူဟာ နိုက်တင်ဂေးလ်ငှက်ရဲ့ ပြောင်မြောက်လှတဲ့ သီချင်းတွေကို နားလည်နိုင်စွမ်းမရှိသူ သာလျှင် ဖြစ်တယ်။ အဲဒီအတွက် သူလက်လှမ်းမှီရာ၊ သူနားလည်ရာ ဥသြငှက်ရဲ့ သီချင်းသံကိုသာ ကောင်းတယ်၊ ကြိုက်တယ် ဆိုတဲ့ ဟီးသံကို ပေးခဲ့တာသာ ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ ကိုယ့်ရဲ့အရည်အချင်း၊ ကိုယ့်လုပ်ရည်ကိုင်ရည် စတဲ့အရာများကို ပြန်လည် စီစစ်လိုတဲ့အခါ ၊ ကိုယ့်အရည်အချင်းအမှန်ကို သိလိုတဲ့အခါ တစုံတယောက်သော သူများကို ဝေဖန်စေ၊ အကဲဖြတ်စေလေ့ ရှိတယ်လို့ ဆိုတယ်။ အဲဒီလို ဝေဖန်အကဲဖြတ် စေတဲ့အခါ၊ ကိုယ်ချဉ်းကပ်မိသူဟာ အရာရာကို တတ်ကျွမ်းနားလည် ဆုံးဖြတ်ပေးနိုင်သူ ဖြစ်ခဲ့ရင်တော့ ကိုယ့်အရည်အချင်းအမှန်ကို သိခွင့်ရကြမှာပဲ ဖြစ်ပါတယ်။

အဲဒီလိုမှ မဟုတ်ဘဲ မိမိကို ဝေဖန်စေသူဟာ မိမိလောက် အသိဉာဏ်ကြွယ်ဝခြင်း၊ ဗဟုသုတပြည့်စုံခြင်း မရှိသူ ဖြစ်ခဲ့ရင်တော့ သူ့ရဲ့ဝေဖန်၊ချီးမွမ်း ခြင်းဟာ အချဉ်းနှီးသာဖြစ်တယ်။

ကျွန်တော်တို့ တစုံတခုကို ပြုမူ၊ ပြောဆို၊ ရေးသားတိုင်းမှာ ချီးကျူးသူများရှိသလို၊ ဝေဖန်ကဲ့ရဲ့ သူများလည်း ရှိတတ်ကြတယ်။ ကျနော်တို့ကို ချီးမွမ်းထောပနာ ပြုကြတဲ့အခါမှာတော့ ဝမ်းသာပီတိ ဖြစ်ကြပြီး "တယ်ဟုတ်တဲ့ ငါပါလား၊ ငါ့အရည်အချင်း တော်တော်တက်လာပြီ" ဆိုတဲ့ အတွေးတွေနဲ့ ပျော်မြူးနေတတ်ကြပေမယ့် ကိုယ့်ကို ဝေဖန်မှုနဲ့ ကြုံလာတဲ့အခါမှာတော့ စိတ်နှလုံးနောက်ကျိကာ စိတ်ဓါတ်ကျ ကြပြန်တယ်။

အဲဒီလို စိတ်ဓါတ်ကျစေတဲ့ ဝေဖန်ခြင်းမျိုးနဲ့ ကြုံရတဲ့အခါမှာလည်း ကိုယ့်ကိုဝေဖန်သူဟာ တကယ်ပဲ နားလည်တတ်ကျွမ်းလို့ ဝေဖန်ခြင်းလား၊ ကိုယ့်လောက်မှ ဗဟုသုတကြွယ်ဝခြင်းမရှိ၊ ကိုယ့်လောက်မှ မသိသူများက ဝေဖန်ခြင်းလား ဆိုတာကို သေချာစီစစ်သင့်ပါတယ်။

ကိုယ်ဟာ ရည်ရွယ်ချက်တခုနဲ့ တစိုက်မတ်မတ် ကြိုးစားခဲ့ပါလျက်၊ အရည်အချင်းလည်း ပြနိုင်ပါလျက် ဝေဖန်ခြင်း တစုံတရာ၊ နှိုင်းယှဉ် ရှုံ့ချခြင်း တစုံတရာနဲ့ တွေ့လာခဲ့ရင်တော့ ဝေဖန်သူရဲ့အရည်အချင်းပေါ်သာ မူတည်တယ်လို့ သတ်မှတ်ရမှာပဲ ဖြစ်ပါတယ်။ အဲဒီလို သူတွေရဲ့ ဝေဖန်ဆုံးဖြတ်ချက်ဟာ ကိုယ့်အရည်အချင်း အစစ်အမှန် မဟုတ်ဘူးလို့ ယူဆရမှာပဲဖြစ်တယ်။

မြည်းလိုလူတွေရဲ့ ဝေဖန်ခြင်းကို ခံရတဲ့အခါမှာလည်း I will not let anyone walk through my mind with their dirty feet ကျွန်ုပ်၏ စိတ်အစဉ်ထဲသို့ ဘယ်သူ့ရဲ့ ညစ်ပေတဲ့ခြေထောက်နဲ့မှ ဖြတ်လျှောက်တာကို ခံမှာမဟုတ်ဘူး ဆိုတဲ့ မဟတ္တမဂန္ဓီရဲ့ စကားကို လက်ကိုင်ထားကြရမှာပဲ ဖြစ်ပါတယ်။ နိမ့်ကျလှတဲ့ ခြေထောက်နဲ့တူတဲ့ လူဗာလတွေရဲ့ စကားတွေကြောင့် သင့်ရဲ့ ကြည်လင်နေတဲ့ စိတ်ကို အနှောက်အယှက် မဖြစ်ပါစေနဲ့လို့ အကြံပေးလိုက်ပါရစေ။ Crd Phyo Thuta

Post a Comment

0 Comments