တောင်းမှာအကွပ် လူမှာအဝတ်

တခါတုန်းက ရွာတရွာမှာ ကိုဒီး ဆိုတဲ့ လူတယောက် ရှိတယ်။ တနေ့မှာ ကိုဒီးဟာ ခရီးသွားရင်း မျက်စိလည် လမ်းမှားပြီး လမ်းစရိတ်တွေ ပြတ်ကာ အစာရေစာကလည်း မစားရနဲ့ အဝတ်အစားတွေကလည်း စုတ်ပြတ် ညစ်ပေနေတာပေါ့။

ဒီလိုနဲ့ "ငါ့ဝမ်းပူဆာ မနေသာ" ဆိုသလို ဗိုက်ဆာဆာနဲ့ နီးစပ်ရာ ရွာလေးတွေဆီ တအိမ်ဝင် တအိမ်ထွက် စားစရာ လိုက်တောင်းပါ တော့တယ်။ "ကျွန်တော့်ကို စားစရာလေး နည်းနည်းလောက် ကျွေးပါခင်ဗျာ။ ကျွန်တော် ခရီးသွားရင်း လမ်းစရိတ် ပြတ်လာလို့ပါ"

လူတွေက သူရဲ့ ဟောင်းနွမ်း စုတ်ပြဲနေတဲ့ အဝတ်အစားတွေကို ကြည့်ပြီး ဒီလူ အရူးပဲ လို့ ထင်ခဲ့ ကြတော့တယ်။ တအိမ်ကဆို သူ့ကို "ဝေးဝေး သွားစမ်း" လို့ အော်ဟစ်ပြီး မောင်းနှင် ထုတ်ခဲ့တယ်။ ဒါကြောင့် တနေ့လုံး ကိုဒီးတယောက် ဘာကိုမှ မစားရဘူး။

နောက်တနေ့မှာတော့ သူဌေးတယောက်ဟာ လမ်းမှာ လျှောက်သွားနေတဲ့ ကိုဒီးကို သနားပြီး အင်မတန်မှ တန်ဖိုးရှိတဲ့ အဝတ်အစား တစုံ ပေးကမ်းလိုက်တယ်။ ကိုဒီးဟာ တန်ဖိုးကြီး အဝတ်သစ်တွေကို ဝတ်ပြီး အရင်နေ့လိုပဲ စားစရာ ရလိုရငြား လိုက်တောင်းခဲ့ ပြန်တယ်။

မနေ့က သူ့ကို အော်ခဲ့တဲ့ အိမ်ရောက်တော့ ကိုဒီးလည်း "ဒီနေ့ ထပ်တောင်းကြည့်ဦးမှ" လို့ စိတ်ကူး ရပြီး "ကျွန်တော့်ကို စားစရာလေး နည်းနည်းလောက်"

ကိုဒီး ပြောစကား မဆုံးခင်မှာပဲ အိမ်ရှင်အမျိုးသမီး သူ့ရဲ့ ဝတ်စားထားပုံကို ကြည့်ပြီး "ကြွပါရှင်၊ ဘယ့်နှယ် တံခါးအဝမှာ ရပ်နေရပါလိမ့်။ အိမ်ထဲကို ဝင်ပါရှင့်" လို့ တရိုတသေ ပြောပြီး စားစရာတွေနဲ့ တည်ခင်းဧည့်ခံ ပါတော့တယ်။

စားပွဲပေါ်မှာ အသီးနှံနဲ့ စွပ်ပြုတ်မျိုးစုံ၊ အချိုပွဲတွေ၊ ထမင်းဟင်းတွေ အပြည့်။ ကိုဒီးလည်း အရင်ဆုံး ဆုတောင်းမေတ္တာ ပို့သ လိုက်ပြီး မုန့်တခုကို လက်နဲ့ လှမ်းယူပြီး သူ့အဝတ် အစားတွေကို ကျွေးခဲ့တယ်။ "စား စား"

အိမ်ရှင်အမျိုးသမီးက ကိုဒီးရဲ့ အပြုအမူမြင်တော့ "မဟုတ်တာ အမောင်လုလင်ရယ်၊ အဝတ်အစားက ဘယ်စားပါ့မလဲ။ ဘာကြောင့် ကျွေးရတာလဲရှင့်" လို့ မေးလိုက်တယ်။ အဲ့အခါ ကိုဒီးက မျက်ရည်တွေ ကျပြီး ပြန်ဖြေခဲ့တယ်။

"ဒီအဝတ်အစား သစ်သစ်လွင်လွင်နဲ့ တန်းဖိုး ရှိလွန်းတာကြောင့် ကျွန်တော် ဒီနေ့ စားစရာ ရခဲ့တာပါ။ မနေ့က ကျွန်တော် ဒီအိမ်ကို အစာနည်းနည်းလောက် လာတောင်းတုန်းက ခွေးမောင်းသလို မောင်းထုတ်ခံ ခဲ့ရတယ်။ ဒါကြောင့် ဒီအဝတ်အစားတွေကို ကျွန်တော် ကျေးဇူး တင်လွန်းလို့ သူနဲ့ ထိုက်တန်တဲ့ အစာတွေကို ကျွေးနေတာပါဗျာ" တဲ့။

လူအများစုဟာ တပါးသူရဲ့ အပေါ်ယံ အပြင်အဆင်ကို ကြည့်ပြီး အဆင့်အတန်း ခွဲခြားတတ် ကြပါတယ်။ ဒါ့ကြောင့်လည်း တောင်းမှာအကွပ် လူမှာအဝတ် ဆိုတဲ့ စကားပုံလေး ဖြစ်လာတာပါ။ ခြင်းတောင်း တလုံးမှာ အနား ကွပ်ထားတာ မရှိရင် လှပမှု မရှိသလို ခိုင်ခန့်မှုလည်း မရှိပါဘူး။ လူတွေမှာလည်း အဝတ်အထည်က အရေးကြီးတယ် ဆိုတာ အထက်မှာ ဖေါ်ပြခဲ့တဲ့ ပုံပြင်လေးက ပြောပြနေ ပါတယ်။

Crd Argi Phoomyatchel

Post a Comment

0 Comments