စိတ်ရှည်ပါ

ဟိုးရှေးရှေးတုန်းက လူတယောက်ဟာ အဖိုးတန် ရေနွေးကြမ်းအိုး တလုံးကို ပိုင်ဆိုင် ထားတယ်။ သူဟာ အဲဒီ ရေနွေးကြမ်းအိုးကို တန်ဖိုး ထားလွန်းလို့ ကုတင်ခေါင်းရင်း မှာပဲ ထားအိပ်သတဲ့။

တညမှာ ရေနွေးကြမ်းအိုးကို မတော်တဆ ထိမိလို့ ရေနွေးအိုး အဖုံးဟာ ကုတင်အောက် ပြုတ်ကျ ပါလေရော။

အဲဒီလူလည်း လန့်နိုးပြီး စိတ်သောက ရောက်သတဲ့။ အိုးဖုံး မရှိပြီ ဆိုမှတော့ အိုးက ဘာအသုံး ဝင်တော့မလဲ ဆိုပြီး အဲဒီလူဟာ အိုးကို လှမ်းဆွဲပြီး စိတ်တိုတိုနဲ့ ပြတင်းပေါက် အပြင်ဖက် ပစ်ထုတ် လိုက်သတဲ့။

မနက် လင်းလာတော့ အိုးအဖုံးဟာ ကံကောင်းစွာနဲ့ မွေ့ရာပေါ် ကျနေလို့ ကွဲမသွား ဘူးတဲ့။ အဲဒီမှာ အိုးကို သူပစ်ထုတ် လိုက်မိပြီ ဆိုပြီး စိတ်တိုတိုနဲ့ အဖုံးကို နင်းခြေ လိုက်သတဲ့။

အိမ်ပြင် ထွက်တော့ ညက လွင့်ပစ်လိုက်တဲ့ အိုးဟာ မကွဲမရှဘဲ သစ်ကိုင်း ထက်မှာ ချိတ်နေတာကို တွေ့လိုက်သတဲ့။

တခါတလေမှာ ကိစ္စရပ် တချို့က စောင့်တန်စောင့်၊ ကြည့်တန်ကြည့်၊ နှေးတန် နှေးရတယ်။ အလောတကြီး ဖြစ်ဖို့ မလိုဘူး။ ကိစ္စရပ် တော်တော် များများက ကိုယ်တွေး ထင်သလို မဟုတ် တတ်ဘူး။ လောတယ်၊ စိတ်ဆတ်တယ် ဆိုတာက မိစ္ဆာတကောင် လိုပါ။

ကိစ္စရပ် တော်တော်များများကို အဆိုးဘက် တွေးမြင်ပြီး ပိုဆိုးအောင် လုပ်မိစေတတ် သလို အဆင်မပြေမှု တွေနဲ့ ပိုရင်ဆိုင်ရတတ် ပါတယ်။ ဒါကြောင့် စိတ်ငြိမ်ဖို့၊ အေးအေးသာသာ တွေးဆတတ် ဖို့ကလည်း အသိဉာဏ် တမျိုး ဖြစ်ပါတယ်။

ဖြစ်ချင်တဲ့ ဆန္ဒတွေ ဖြစ်မလာသေးတဲ့ အခါ စိတ်လောပြီး ဇွတ်မလုပ်လိုက် ပါနဲ့။ တချို့သော ကိစ္စတွေက ကိုယ်ဘယ်လိုပဲ ကြိုးစားကြိုးစား ဖြစ်ချိန် မတန်ရင် ဖြစ်မလာတတ် သေးပါဘူး။

စိတ်ရှည်ပါ။ အခက်အခဲတွေ ကြုံတိုင်း စိတ်မြန်စွာ မဖြေရှင်း လိုက်ပါနဲ့။ တချို့သော အခက်အခဲတွေက ခုရှင်းမှ အဆင်ပြေတတ် ပေမယ့် တချို့သော စိန်ခေါ်မှုတွေက ကိုယ့်ရဲ့ သည်းခံ စိတ်ရှည်တဲ့ သက်လုံကို စမ်းသပ်မှုတွေ ပါနေပါတယ်။

စိတ်ရှည်ပါ။ စိတ်ရှည်ခြင်း ဆိုတာ အမှားနည်းစေ သလို အလုပ်ပြီးမြောက် အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်ပါ။ စိတ်ရှည်ခြင်း ဆိုတာ ရင့်ကျက်ခြင်းရဲ့ သင်္ကေတ ဖြစ်ပြီး တည်ငြိမ်မှုကို ရလာစေကာ အောင်မြင်မှုတွေ ရဖို့ အကောင်းဆုံး ဗျူဟာ တခုလို့ ပြောလို့ရပါတယ်။ Crd

Post a Comment

0 Comments