ငွေတပြားရဲ့ တန်ဖိုး

တခါတုန်းက ဉာဏ်ပညာ အင်မတန် ကြီးမားပြီး ကြွယ်ဝ ချမ်းသာတဲ့ သူဌေးကြီးတယောက် ရှိပါသတဲ့။ သူဌေးကြီးဟာ အရာရာကို ဉာဏ်ရည်နဲ့ ချင့်ချိန်တတ်သလို၊ အလုပ် လုပ်ရာမှာလည်း ဇွဲကြီးလှတာကြောင့် သူဌေးကြီး လုပ်ကိုင်သမျှ အလုပ်တိုင်းဟာ အမြဲလိုလို အဆင်ပြေပြီး အမြတ်အစွန်း များစွာ ရရှိတယ်။

အဲဒီလို သူဌေးကြီးရဲ့ လုပ်ငန်းဆောင်တာတွေ အဆင်ပြေနေ တာကြောင့်လည်း သူဌေးကြီးရဲ့ စည်းစိမ်ဥစ္စာတွေဟာ တနေ့တခြား တိုးပွားလာတယ်။ အဲဒီလို အင်မတန် အလုပ် ကြိုးစားတဲ့ သူဌေးကြီးမှာ အလုပ် လုပ်ကိုင်ဖို့ ပျင်းရိသလောက် အပျော်အပါး မက်မောတဲ့ သားတယောက်လည်း ရှိတယ်။

သူဌေးကြီးဟာ အသက်အရွယ် ကြီးရင့်လာလို့ သားဖြစ်သူကို လုပ်ငန်းတချို့ လွှဲပြောင်း ပေးချင်ပေမယ့်လည်း သားဖြစ်သူ ကတော့ အလုပ်လုပ်ဖို့ အမြဲလိုလို ငြင်းဆန်နေခဲ့ ပြန်တယ်။ သူဌေးသားဟာ ဘာအလုပ်မှ မယ်မယ်ရရ မရှိတဲ့ အပြင် အင်မတန် မှလည်း အသုံးအဖြုန်း ကြီးပြန်တယ်။ အံစာဝိုင်း၊ လောင်းကစားဝိုင်း နဲ့ အပျော်အပါး အသောက်အစား မှန်သမျှကို လိုက်စားရင်း နေ့ရက်တွေကို ကုန်လွန်စေတယ်။

အဲဒီလို သားဖြစ်သူရဲ့ အနာဂတ် မကောင်းတဲ့ အလားအလာကို သူဌေးကြီး တွေ့မြင့်တဲ့အခါ သူ့သားကို ဆုံးမဖို့ ကြံစည်ပါသတဲ့။ တနေ့မှာတော့ သူဌေးကြီးဟာ သားဖြစ်သူကို ခေါ်ပြီး ပြောတယ်။ "ငါ့သား၊ မင်းသေချာနားထောင်။ မင်းဟာ ဘာအလုပ်မှ လက်ကြော တင်းအောင်မလုပ်ချင်တဲ့ အလကားကောင်ပဲကွ။ အလကားကောင် ဆိုတာ တန်ဖိုးမရှိတဲ့ ကောင်ပေါ့ကွာ။ တန်ဖိုးမရှိတဲ့ကောင် ဆိုတော့ တန်ဖိုးရှိတဲ့ ငွေကို သုံးဖို့ မထိုက်တန်ဘူးပေါ့။

အဲဒီတော့ မင်းကို ဒီနေ့က စပြီး အသုံးစရိတ် တပြားမှ မပေးတော့ဘူး။ အေး၊ မင်းအသုံးစရိတ် လိုချင်ရင်တော့ မင်းအစွမ်းအစ နဲ့မင်း ငွေတပြား ရအောင် ရှာလာပြီး ငါ့ကို ပြရမယ်။ မင်းဟာမင်း ရှာလာတဲ့ ငွေကို ပြနိုင်တဲ့နေ့ မင်းအသုံးစရိတ် ရတဲ့နေ့ပေါ့။ တပြားမှ ရမလာတဲ့နေ့ ဆိုရင်တော့ အသုံးစရိတ် ရဖို့ လုံးဝ မမျှော်လင့်နဲ့ ကြားလား ဟေ့ကောင်"

အဲဒီလို သူဌေးကြီးရဲ့ စကားကို ကြားတဲ့အခါ သားဖြစ်သူက မကျေမနပ်နဲ့ ထွက်ခွာသွားတယ်။ ဒါပေမယ့်လည်း သူနေ့စဉ် သုံးဖြုန်းနေတဲ့ ငွေကြေးကိုတော့ ရယူလိုတယ်။ အဲဒါကြောင့် သူဌေးသားဟာ သူဌေးကြီး အလစ်မှာ မိခင်ဆီကနေ ငွေတပြားကို ငိုယိုပြီး တောင်းလာခဲ့တယ်။ အဲဒီနောက်မှာတော့ သူဌေးကြီးကို ငွေတပြား ပေးလိုက်ပြီး သူက ဒီလိုပြောတယ်။ "ဖေဖေ၊ ဒီငွေက သားလုပ်အားနဲ့ ရလာတဲ့ ငွေတပြားပါ။ အဖေ့ ကတိအတိုင်း ဒီနေ့အတွက် မုန့်ဖိုးပေးတော့"

သူဌေးကြီးဟာ သူ့သားကို တချက် အကဲခတ် လိုက်ပြီး "ကောင်းပြီလေ၊ မင်းအတွက် အသုံးစရိတ်ကို ပြီးရင် ငါပေးမယ်။ ခု မင်းရှာလာတဲ့ ငွေတပြားကို ရေတွင်းထဲ ပစ်ချလိုက်" လို့ ပြောလိုက်တယ်။ သူဌေးသားဟာ ဝမ်းသာအားရပဲ ငွေတပြားကို ရေတွင်းထဲ ပစ်ချလိုက်တယ်။ ပြီးတဲ့အခါ သူဌေးကြီးဆီက အသုံးစရိတ် တောင်းယူပြီး သူခါတိုင်း ပျော်ပါးသောက်စားရာ နေရာကို သွားပြန်တယ်။ "ဒီနေ့ အတွက်တော့ အဆင်ပြေပြီ" လို့ သူ တွေးတောနေ ပြန်တယ်။

တကယ်တော့ သူဌေးကြီးဟာ သူ့သားရဲ့ ငွေတပြား ဘယ်ကလာတယ် ဆိုတာ သဘောပေါက်ထားပြီး ဖြစ်တယ်။ ဒါကြောင့် သူဟာ နောက်တနေ့မှာတော့ သူ့ဇနီးကို ယောက္ခမရဲ့ အိမ်ကို ပို့ထားလိုက်တယ်။ အဲဒီနေ့မှာတော့ သူဌေးသားဟာ သူ့ရဲ့ အမဖြစ်သူ ဆီကို သွားပြီး ငိုကြွေးပူဆာပြီး ငွေတပြား တောင်းလာပြန်တယ်။

အဲဒီနောက်မှာလည်း ခါတိုင်းလိုပဲ သူဌေးကြီးကို လိမ်လည်ပြီး ငွေကြေး တောင်းဆိုပြန်တယ်။ သူဌေးကြီးကလည်း ပထမအခေါက် တုန်းကလိုပဲ သူဌေးသားရဲ့ ငွေတပြားကို ရေတွင်းထဲ ပစ်ချစေ ပြန်တယ်။ သူဌေးသားလည်း ဝမ်းသာအားရ ပစ်ချပြန်တယ်။ သူဌေးကြီးဆီက ငွေကြေးတောင်းယူပြီး ခါတိုင်းလိုပဲ ပျော်ပါး သောက်စားပြန်တယ်။

ဒီတကြိမ်မှာတော့ သူဌေးကြီးဟာ သူ့ဇနီးအပြင်၊ သမီးကြီးနဲ့တကွ သူဌေးသား မှီခိုလို့ရမယ့် သူတွေအားလုံးကို တနေရာစီကို ပို့ထားလိုက်တော့တယ်။ အဲဒီအခါမှာတော့ သူဌေးသားအတွက် ရွေးချယ်စရာ မရှိဘဲ အလုပ် လုပ်ရမယ့် အခိုက်အတန့်ကို ရောက်ရှိလာတယ်။ သူဌေးသားဟာ မြို့စွန်က ဈေးကို သွားပြီး အလုပ်အကိုင် ရှာဖွေတယ်။ အဲဒီလို ရှာဖွေတဲ့အခါ ကုန်ပစ္စည်းထမ်းပို့ သယ်ဆောင်ရမယ့် အလုပ်တခုကို ရရှိခဲ့တယ်။

သူဌေးသားဟာ အင်မတန် လေးလံလှတဲ့ ဆန်အိတ်တွေ၊ ဆီပုံးတွေနဲ့ အခြားသော ဝန်စည်စလယ် တွေကို ပုခုံးနဲ့ ထမ်းပိုးရင်း ပင်ပန်းကြီးစွာ အလုပ် လုပ်ခဲ့တယ်။ သူဌေးသားရဲ့ ကျောပြင်ဟာ နေပူဒဏ်ကြောင့် ညိုမည်းလာတဲ့ အပြင် လေးလံတဲ့ ပစ္စည်းတွေကို ကျောမှာပိုးပြီး သယ်ဆောင် ရတာကြောင့်လည်း ကျောပြင်ဟာ ပွန်းပဲ့ ဒဏ်ရာတွေနဲ့ စုတ်ပြဲလာတယ်။ ညနေစောင်းမှာတော့ သူဌေးသားဟာ သူ့ရဲ့ အမှန်တကယ် လုပ်အားနဲ့ ရရှိလာတဲ့ ငွေနှစ်ပြားကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ပြီး အိမ်ကိုပြန်လာခဲ့တယ်။

သူဌေးသားအိမ်ကို ပြန်ရောက်လာစဉ် မှာပဲ အိမ်ပေါက်ဝမှာ ရပ်စောင့်နေတဲ့ ဖခင်ဖြစ်သူ သူဌေးကြီးကို တွေ့လိုက်ရတယ်။ သူဌေးသားဟာ သူရလာတဲ့ ငွေနှစ်ပြားကို ဖခင်ရဲ့ လက်ထဲကို ထည့်လိုက်တယ်။ ပြီးတော့ ဘာမှ မပြောဘဲ အိမ်ထဲကို တန်းပြီး ဝင်သွားပြန်တယ်။ အဲဒီအခါမှာတော့ သူဌေးကြီးက ဒီလို လှမ်းပြောလိုက်တယ်။ "သား၊ မင်းငွေနှစ်ပြားကို ရေတွင်းထဲ သွားပစ်ချ ချည်ဦးလေ"

အဲဒီလို သူဌေးကြီးရဲ့ စကားကို ကြားတဲ့အခါ သူဌေးသားက "အဖေ၊ ရေတွင်းထဲ ပစ်ချဖို့အတွက် ကျွန်တော့်ကို အလုပ် လုပ်ခိုင်းတာလား။ ဒီငွေနှစ်ပြား ကိုတော့ ပစ်မချချင်ဘူး အဖေ။ ပုခုံးတွေလည်း စုတ်ပြတ်သတ်နေပြီ" လို့ သူ့အဖေကို ပြောတယ်။ အဲဒီအခါမှာတော့ သူဌေးကြီးဟာ သားဖြစ်သူရဲ့ ကျောက ဒဏ်ရာဒဏ်ချက်တွေကို ကိုယ်တိုင် ဆေးထည့် ပေးပြန်တယ်။ အေးဆေးစွာ အနားယူစေတယ်။ ပြီးတဲ့အခါ သူက ဒီလို ပြောလိုက်တယ်။

"သား၊ လောကမှာ ကိုယ်တိုင်ရဲ့ ကြိုးပမ်းမှုကြောင့် ရလာတဲ့ အသီးအပွင့်လောက် မြတ်နိုးဖို့ ကောင်းတဲ့အရာ မရှိဘူး။ အဖေ့ရဲ့ စည်းစိမ်ဥစ္စာတွေကို တနေ့မှာ ငါ့သား ပိုင်ဆိုင်ရမှာ မှန်ပေမယ့် ဒါတွေဟာ ငါ့သားအတွက် ကိုယ် တိုင် ရှာဖွေထားတဲ့ ဥစ္စာလောက် မြတ်နိုးဖို့ကောင်းမှာ မဟုတ်ဘူး။ ငါ့သားအနေနဲ့ အလွယ်ရတဲ့ငွေကြေးကို အလွယ်ပဲ သုံးဖြုံးပစ်မှာပဲ။ အခု ကိုယ်တိုင် ပင်ပင်ပန်းပန်း ရှာဖွေထားရတဲ့ ငွေနှစ်ပြားကို ကျတော့ ရေတွင်းထဲ ပစ်မချရက်သလို ငါ့သားကိုယ်တိုင် ရှာဖွေလို့၊ တကယ် အလုပ်လုပ်လို့ ရလာတဲ့ ငွေကြေး ဥစ္စာကိုလည်း ထိန်းသိမ်းရ ကောင်းမှန်း သိလာလိမ့်မယ်"

အဲဒီအချိန်က စလို့ သူဌေးသားဟာ ဖခင်ကြီးရဲ့ အလုပ်တွေကို ကိုယ်တိုင် ကြိုးစား လုပ်ကိုင်လာတယ်။ ကိုယ်တိုင် အားထုတ်ခြင်းကြောင့် ရရှိလာတဲ့ ငွေကြေးကို တန်ဖိုးထားတတ် လာသလို အလုပ် လုပ်ခြင်းရဲ့ တန်ဖိုးကိုပါ နားလည် သဘောပေါက်သူ တယောက် ဖြစ်လာပါတော့တယ်။ PhyoThuta

Post a Comment

0 Comments