ငန်းပေါက်လေး ပိစိ

တခါက ငန်းမိသားစု တစုဟာ ကျောက်တုံးကြီး ကြားမှာ နေထိုင်ကြတယ်။ ငန်းမနဲ့ ငန်းပေါက်လေး ခြောက်ကောင်တို့ ရှိကြပြီး သူတို့ထဲက အငယ်ဆုံး ငန်းပေါက် ပိစိလေးဟာ သိပ်ကို ဆိုးတယ်။ သူ့အကို ငန်းတွေကိုလည်း အနိုင်ကျင့်ပြီး အစာစားရင် သူများ ပါးစပ်ထဲက လုယက်ပြီး စားလေ့ ရှိတယ်။

တနေ့တော့ ငန်းပေါက်လေးတွေ ဆော့ကစားနေ ကြတဲ့အချိန် အငယ်ဆုံး ငန်းပေါက်လေးဟာ ကျောက်တုံးကြီးပေါ် တကောင်တည်း တက်ဆော့တယ်။ ငန်းမကြီး ပြန်လာတော့ ကျန်တဲ့ အကောင်လေးတွေက ပိစိကို တိုင်တော့ အဆူ ခံရတာပေါ့။

အဲဒီအပေါ်မှာ စွန်တွေ၊ သိန်းငှက်တွေရဲ့ အန္တရာယ် ရှိတယ်။ အဲ့ဒီပေါ်မှာ ဆော့အုံးမလား ဆိုပြီး ငန်းအမေကြီးဟာ ငန်းပိစိကို ရိုက်တာပေါ့။

ငန်းပေါက်လေး ပိစိဟာ ချောင်မှာ သွားငိုနေတယ်။ နေ့လည် ရောက်တော့ စိတ်ဆိုးနေတဲ့ ပိစိလည်း ဘယ်သူမှ မသိအောင် တကောင်တည်း တောထဲကို ထွက်လာခဲ့ တာပေါ့။

ဒီလိုနဲ့ သူဟာ လျှောက်သွားနေရင်းက တနေရာကို ရောက်တော့ မြေခွေး ခြေရာတွေကို တွေ့လိုက်ရတယ်။ ဒီတော့ ပိစိဟာ အကြံရသွားတယ်။ ငါ့ကို အဆူခံရအောင် လုပ်တဲ့ ငါ့အကို အမတွေကို ပြန်ဒုက္ခ ပေးရမယ်။

ဒီလိုနဲ့ ပိစိဟာ မြေခွေးခြေရာ အတိုင်း လိုက်သွားတယ်။ တနေရာ ရောက်တော့ သစ်ပင်အောက်မှာ အိပ်နေတဲ့ မြေခွေးကို တွေ့လိုက်ရတယ်။ ဒီအခါ မြေခွေးကို နှိုးလိုက် တာပေါ့။

"ခင်ဗျား၊ ငန်းသား စားချင်လား၊ စားချင်တယ် ဆိုရင် ကျွန်တော် လိုက်ပြမယ်" ဆိုပြီး ငန်းပိစိလေးဟာ ရှေ့ကနေ မြေခွေးကို လမ်းပြကာ ခေါ်ဆောင်ခဲ့တယ်။ မကြာခင်မှာ သူ့အမေတွေ ရှိတဲ့ ကျောက်တုံးနဲ့ မလှမ်းမကမ်းက ခြုံတွေနား ရောက်လာတယ်။

"ဟိုနားက ကျောက်တုံးကြားမှာ ငန်းလေးတွေ ငါးကောင်တောင် ရှိတယ်။ ပြီးတော့ အသိုက်ထဲမှာ ငန်းဥ တွေလည်း ရှိတယ်။ ခင်ဗျား သွားစားပေတော့" ဆိုပြီး မြေခွေးကို ပြောလိုက်တယ်။

ဒါပေမယ့် မြေခွေးက "နေဦး ပြီးတော့မှ ငါသွားစားမယ်၊ ခုလောလောဆယ် မင်းက ငါ့ပါးစပ်ရှေ့ အရင် ရောက်နေတဲ့ မင်းကို အရင်စားမယ်" ဆိုပြီး ပိစိကို ပြေးဟပ်လိုက်တယ်။

အဲ့ဒီ အချိန်မှာဘဲ ခြုံနောက်ကနေ သူ့အမေ ငန်းမကြီးနဲ့ သူ့အကို ဘဲငန်းလေးတွေ ပြေးထွက်လာပြီး မြေခွေးကို ထိုးဆိတ် တိုက်ခိုက် ကြပါတော့တယ်။ မြေခွေးလည်း ငန်းပေါက်ကို ချပြီး တောထဲကို ပြန်ပြေးရတာပေါ့။

အဲ့ဒီနောက် မြေခွေး အစွယ်ကြောင့် ဒဏ်ရာရသွားတဲ့ ပိစိကို ပြန်ခေါ်လာ ကြပါတယ်။ ပြီးတော့ ဒဏ်ရာတွေကို ဆေးထည့်ပေးကြတယ်။ "မေမေတို့ ဘယ်တုန်းက ရောက်လာကြတာလဲဟင်"

"သား ထွက်သွားပြီး ကတည်းက နောက်ကနေ တချိန်လုံး လိုက်ကြည့်နေတာ၊ ခုတော့ လောကကြီး အကြောင်း သိပြီမဟုတ်လား" လို့ ပိစိလေးကို ပြောလိုက်ပါတော့တယ်။

ဒီပုံပြင်ရဲ့ သင်ခန်းစာလေး ကတော့ မိဘတွေက သားသမီးတွေကို ဆူတာ ရိုက်တာဟာ ဒုက္ခမရောက်အောင် စေတနာနဲ့ ပြောကြ၊ ဆုံးမကြတယ် ဆိုတာကို သားသမီးတိုင်း နားလည် သဘောပေါက် စေဖို့ပါ။ Crd

Post a Comment

0 Comments