တခါတုန်းက မြို့လေး တမြို့မှာ သားအဖ နှစ်ယောက် ရှိသတဲ့။ သူတို့ဟာ တဦးနဲ့ တဦး သိပ်ချစ်ကြ ပါတယ်။ ခက်တာက စားဝတ်နေရေး အတွက် ဖခင်ဖြစ်သူက အလုပ် ထွက်လုပ် ရပြီး နောက်ကျမှ အိမ်ပြန် လာတတ်တယ်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာ ကြာလာ ခဲ့တယ်။ သားဖြစ်သူကတော့ ဖခင်ဖြစ်သူ ပြန်လာမယ့် အိမ်ပေါက်ဝက အမြဲ ထိုင်စောင့် နေခဲ့ရ တာပေါ့။
တနေ့မှာတော့ ညမိုးချုပ်မှ အိမ်ပြန်လာတဲ့ ဖခင်ဖြစ်သူကို အသက် ရှစ်နှစ်သာ ရှိသေးတဲ့ သားငယ်က မေးခွန်းတခု မေးတယ်။ "ဖေဖေ နေ့တိုင်း အလုပ် လုပ်နေတာ အရမ်း ပင်ပန်းမှာနော်" "အင်း ပင်တော့ ပင်ပန်းတာ ပေါ့ကွာ" "ဖေဖေ့ စိတ်မဆိုးရင် သား တခုလောက် မေးပါရစေနော်။ ဖေဖေ တနေ့ကို ဒေါ်လာ ဘယ်လောက် ရလဲဟင်"
အရင်က ဒီလို တခါမှ မမေးဘူးတဲ့ အသက် (၈) နှစ် အရွယ် သားဖြစ်သူကို ကြည့်ရင်း အံ့အားသင့် သွားတယ်။ စိတ်ထဲမှာတော့ ကလေးတန်မဲ့ ဒါမျိုး မေးစရာလား။ နောက်တော့ မုန့်ဖိုး လိုနေပြီဟု တွေးပြီး စိတ်တိုသွားတယ်။ သူ့မှာတော့ နေ့စဉ်နဲ့ အမျှ အလုပ် လုပ်ရ၊ နောက်ကျမှ အိမ်ပြန်ရတယ်။ ဒီနေ့မှ ထူးထူး ခြားခြား မေးတယ် ဆိုတော့ ပိုက်ဆံ တောင်းမလို့ နေမှာဟု တွေးလိုက်မိတယ်။
ဖခင်ဖြစ်သူက မျက်မှောင် တချက်ကုပ်ပြီး "တရက်ကို ဒေါ်လာ ၁၀၀ ရတယ်လေ။ ဘာလဲ၊ မင်းမုန့်ဖိုး လိုနေလို့လား" သားမျက်နှာ အောက်ငုံ့ သွားသည်။ "ဟုတ်ပါတယ်။ သား ဝယ်ချင်တာလေး ရှိလို့။ ပိုက်ဆံ နည်းနည်း လိုနေလို့ပါ" "နေပါဦး မင်းက ဘယ်လောက် လိုနေလို့ လဲ" သားဖြစ်သူက ဖခင် မျက်နှာကို မဝံ့မရဲ လှမ်းကြည့်ရင်း
"၅ ဒေါ်လာလောက် လိုနေတာပါ။ သားကို အဲဒီ ငွေလေး ခဏ ပေးပါလားဟင်၊ နောက်ရက် သားမုန့်ဖိုး ထဲက ဖြတ်ချင် ဖြတ်ပါ" ဟု ပြောသည်။ ဖခင်ဖြစ်သူ တော်တော် စိတ်ဆိုးသွားသည်။ နေ့လည် ကလည်း အလုပ်မှာ သိပ် အဆင်မပြေ၊ ဒီကြားထဲ ဒီကလေးက အလိုက်ကန်းဆိုး မသိ မုန့်ဖိုး တောင်းတော့ ဒေါသ ထွက်လာသည်။
"မင်း တော်တော် အသုံးမကျတဲ့ ကောင်ပဲ၊ မင်းကို နေ့တိုင်း မုန့်ဖိုး ပေးနေတာတောင် မလောက်သေးဘူးလား။ သွားစမ်း မင်း အခု ချက်ချင်း ငါ့အနားက ထွက်သွားစမ်း" အော်ငေါက် လိုက်တော့ သားဖြစ်သူက မျက်ရည်တွေ ဝဲရင်း ဖခင်သူကို ကြည့်လိုက်သည်။ နောက်တော့ ဘာမှ မပြောတော့ဘဲ အခန်းထဲ တိတ်တဆိတ် ဝင်သွားသည်။
နာရီဝက်လောက် ကြာတော့ စောစောက သားဖြစ်သူ အပေါ် ပြောလိုက်သော စကားတို့ အတွက် နောင်တ ရသွားသည်။ သူ့မှာ ဒီသားလေး တယောက်ပဲ ရှိတာ မဟုတ်လား။ နောက်တော့ စိတ်ပြောင်းသွားရင်း သားဖြစ်သူ အခန်းတံခါးကို ခေါက်ရင်း "သား တံခါး ဖွင့်ပါဦး၊ ဖေဖေ့ကို စိတ်ဆိုးသွား လို့လား"
ခဏနေတော့ သားဖြစ်သူက အခန်း တံခါးကို ဖွင့်လိုက်သည်။ သူမျက်လုံးတွင် ကျိတ်၍ ငိုရှိုက်ထားဟန် မျက်လုံးတွေ ရဲနေသည်။ ဖခင်ဖြစ်သူလည်း စိတ်မကောင်း ဖြစ်သွားပြီး သူ့အိတ်ကပ် ထဲက ငွေစက္ကူ တရွက် ယူလိုက်ပြီး "ရော့ ဒီမှာ သားလိုချင်တဲ့ ငါးဒေါ်လာ၊ မငိုနဲ့တော့ နော်" ဟု ဆိုကာ ပေးလိုက်သည်။
သားဖြစ်သူက ဒေါ်လာကို ကြည့်ရင်း အခန်းထဲ အပြေး ဝင်သွားသည်။ နောက်တော့ ခေါင်းအုံးအောက် စုထားသော ငွေစက္ကူ အချို့ကို ယူပြီး ဖခင်ဖြစ်သူထံ လျှောက်လာသည်။ သူ့လက်ထဲ ကိုင်ထားသော ဒေါ်လာရွက်တွေ မြင်တော့ ဖခင်ဖြစ်သူ ဒေါ်သ ထွက်လာသည်။ "နေစမ်းပါဦး၊ မင်းမှာ စုထားတာတွေ ရှိရဲ့သားနဲ့ ဘာလို့ ထပ်တောင်း ရတာလဲ။ မင်းတော်တော် လောဘ ကြီးပါလား"
သားဖြစ်သူက ဖခင်ဖြစ်သူကို မဝံ့မရဲ လှမ်းကြည့်ရင်း သူ့လက်ထဲ ကျစ်ကျစ် ပါအောင် စုပ်ကိုင် ထားသော ငွေစက္ကူတွေကို ပေးလိုက်သည်။ "ဒါ ဖေဖေ ပေးတဲ့ မုန်းဖိုးတွေ အကုန်ပါ။ သား အရင်ကတည်းက စုထားခဲ့တာ ၉၅ ဒေါ်လာ ရှိပြီလေ။ အခု ဖေဖေ ပေးတာနဲ့ဆို ၁၀၀ ပြည့်ပြီ။ ဖေဖေ မနက်ဖြန် အလုပ် မသွားနဲ့တော့နော်၊ အိမ်မှာပဲ အေးအေးဆေးဆေး အနားယူပြီး သားအနားမှာ နေပေးပါ။ သား ဖေဖေ့ကို ထမင်း ချက်ကျွေးမယ်၊ နောက်ပြီး သားတို့ အတူထမင်း စားကြမယ်လေ နော်"
ဖခင်ဖြစ်သူ ဝမ်းနည်း ကြေကွဲစွာနှင့် သားဖြစ်သူကို လှမ်းကြည့်လိုက်သည်။ သူ့မျက်လုံးတွင် မျက်ရည်စတွေ ရစ်ဝဲလာသည်။ နောက်တော့ သားဖြစ်သူကို တငိးကျပ်စွာ ပွေ့ဖက်လိုက် မိသည်။ သားကလည်း ဖခင်ကို ပြန်လည် ပွေ့ဖက်ရင်း စကားတခွန်း ပြောသည်။ "သား ဖေဖေ ပေးတဲ့ မုန့်ဖိုးတွေကို ဘယ်တုန်းကမှ မသုံးဖြစ်ခဲ့ ပါဘူး ဖေဖေရယ်၊ အဲဒီမုန့်ဖိုးတွေက ဖေဖေ့နဲ့ အတူ နေရဖို့ အခွင့်အရေးလေး ဖြစ်နေလို့ ပါ" Crd ဒေါက်တာ အေးမင်းထူး
0 Comments