အမေတွေကို ကျေးဇူးတင်ဖို့ ဘယ်တော့မှမမေ့သင့်တဲ့အချက် (၇) ချက်

အမေတွေဟာ သားသမီးတွေအပေါ်မှာ အဆုံးမရှိတဲ့ မေတ္တာတွေကို အမြဲပေးသူတွေပါပဲ။ ငယ်စဉ်ကတည်းက ပြုစုစောင့်ရှောက်ခဲ့ရုံသာမက ကြုံလာသမျှ ပြဿနာတွေကိုလည်း ဖြေရှင်းပေးသူတွေပါ။

နီးလွန်းတဲ့အခါမှာ မမြင်ရသလို အမေရဲ့မေတ္တာတွေကို လွယ်လွယ်ကူကူ ရနေတာကြောင့် မမြင်နိုင်တာတွေလည်း ရှိပါတယ်။ အဲဒါကြောင့် အမေတွေကို ကျေးဇူးတင်ဖို့ မမေ့သင့်တဲ့အချက်တွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ မိသားစုအတွက် အနစ်နာခံခြင်း

အမေတွေက သားသမီးတွေအတွက်သာမက တစ်မိသားစုလုံးအတွက် ကိုယ်စောင့်နတ်လိုပါပဲ။ အခက်အခဲတွေ၊ အကျပ်အတည်းတွေ ရှိလာရင်တောင် အမေတွေက ကြံ့ကြံ့ခိုင်ဖြေရှင်း ပေးတတ်ကြပါတယ်။ အချို့အမေတွေက လူမှုအသိုင်းအဝိုင်းကြားကနေ အပစ်ပယ်ခံ ထားရပါတယ်။

ဒါပေမယ့် အမေတွေက သားသမီးတွေကိုတော့ ဘယ်တော့မှ ပစ်ပယ်သွားမယ့်သူမဟုတ်ပါဘူး။ သားသမီးတွေကို နွေးထွေးတဲ့မေတ္တာတွေနဲ့ ပွေ့ဖက်ထားပေးတဲ့ နတ်သမီးပါပဲ။

၂။ သားသမီးတွေကို အမြဲဦးစားပေးခြင်း

သားသမီးတွေက အမေတွေကို ဦးစားပေးချင်မှ ပေးမှာပါ။ ဒါပေမယ့် အမေတွေကတော့ သားသမီးတွေကို အမြဲဦးစားပေးပါတယ်။ အလုပ်၊ အခွင့်အလမ်း၊ အခွင့်အရေး၊ အလည်အပတ်ခရီး စတဲ့အရာတွေနဲ့ သားသမီးတွေနဲ့ ယှဉ်လာရင် သားသမီးတွေကို အမြဲဦးစားပေး ရွေးချယ်တတ်ကြပါတယ်။ အရင်က နွဲ့နှောင်းလှပခဲ့ဖူးတဲ့ အမေက သားသမီးတွေအတွက်ဆို ကျားရဲတစ်ကောင်လို သန်မာနေတတ်ပါတယ်။

၃။ ကလေးတွေအတွက် ပိုမိုကောင်းမွန်တဲ့ဘဝကို ဖန်တီးပေးခြင်း

သားသမီးတွေရဲ့ အနာဂတ်ကောင်းဖို့ဆိုရင် အမေတွေက မိုင်ထောင်ပေါင်းများစွာကိုလည်း သွားလာနိုင်ကြပါတယ်။ သူတို့အရမ်းချစ်တဲ့ ဇာတိမြေကိုလည်း စွန့်ခွာနိုင်ကြပါတယ်။ ကလေးတွေရဲ့ ပညာရေးအတွက် ခက်ခဲတဲ့ဘာသာစကားတွေ သင်ကြားနိုင်သလို အဆင်ပြေနေတဲ့ အလုပ်တွေ၊ ဝါသနာတွေကိုတောင် စွန့်လွှတ်နိုင်ကြပါတယ်။

၄။ ကလေးတွေအတွက် စံပြဖြစ်အောင် နေထိုင်ခြင်း

ဘဝက မျှော်မှန်းထားသလို ဖြောင့်ဖြူးနေတဲ့ ခရီးမဟုတ်ပါဘူး။ ဒါပေမယ့် အမေတွေက ရဲရင့်ပြီး သားသမီးတွေအတွက် ခေါင်းဆောင်ကောင်းဖြစ်အောင် ပြုမူနေထိုင်နိုင်တဲ့အစွမ်း ရှိကြပါတယ်။ ဒါ့အပြင် အမေတွေက စံပြဖြစ်အောင်နေထိုင်တဲ့ သန်မာတဲ့အမျိုးသမီးတွေပါ။ အဲဒီအတွက် အမေတွေရဲ့ ကျေးဇူးကို ရင်ထဲကနေ နှစ်နှစ်ကာကာ ကျေးဇူးတင်သင့်ပါတယ်။

၅။ အရွယ်ရောက်ချိန်မှာ ပြုမူနေထိုင်ရမယ့် နည်းလမ်းတွေကို လမ်းညွှန်ပြသပေးခြင်း

အမေတွေက ငယ်စဉ်ကတည်းက ပြုစုစောင့်ရှောက်ရုံ မဟုတ်ပါဘူး။ အရွယ်ရောက်ပြီးတာကောင် တတ်နိုင်သမျှ ပြုစုစောင့်ရှောက် နေပါသေးတယ်။ အမေတွေရဲ့ဘဝမှာ သိခဲ့ရတဲ့ အတွေ့အကြုံတွေကို သင်ပေးပြီး အမေမရှိတော့တဲ့ အချိန်မှာတောင် မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချတတ်အောင်၊ အခက်အခဲတွေ ရင်ဆိုင်တတ်အောင်၊ ရင့်ကျက်အောင် လမ်းညွှန်ပြသပေးသူတွေပါပဲ။

၆။ တန်ဖိုးရှိတဲ့ ဘဝသင်ခန်းစာတွေကို သင်ပေးခြင်း

လူမှန်းသိတတ်စ အရွယ်တည်းကနေ အမေသင်ပေးခဲ့တဲ့ အရာတွေက မရေမတွက်နိုင်အောင်ပါပဲ။ လမ်းလျှောက်ပုံ လမ်းလျှောက်နည်းကနေ ဘဝသင်ခန်းစာတွေ သင်ပေးတာကြောင့် အမေက လက်ဦးဆရာပါ။ အမေတွေရဲ့ သင်ကြားမှုတွေဟာ အစပိုင်းမှာ နားလည်ရခက်ပေမယ့် နောက်ပိုင်းမှာတော့ တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေဖြစ်လာပါတယ်။

၇။ အဆုံးမရှိတဲ့ ချစ်မေတ္တာတွေကိုပေးခြင်း

လူသားတွေအတွက် အမေ့လို ချစ်ပေးနိုင်မယ့် မေတ္တာကို ဘယ်သူ့ဆီကမှ မရနိုင်ပါဘူး။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် သင့်ဘက်မှာ အမေက အမြဲရပ်တည်ပေးနိုင်သူပါ။ အမေတွေမှာ သားသမီးတွေအတွက် စွမ်းအားတွေက အမြဲပြည့်နေဆဲပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments