မျောက်ကို ဆုံးမ ထားပါ

ဟိုးရှေးအခါက တိုင်းပြည် တပြည်မှာ ဆရာတော်ကြီး တပါး ရှိသတဲ့။ သူ့ရဲ့ ကျောင်းမှာ အရမ်းလိမ္မာတဲ့ မျောက်ကလေး တကောင် ရှိတယ်။ မျောက်ကလေးဟာ ဆရာတော်ကြီးကို ဆွမ်းကပ်တာ ကအစ ဝေယျာဝစ္စတွေ လုပ်ပေး နိုင်တယ်လို့ နာမည် ကြီးတယ်။

တနေ့တော့ ဘုရင်မင်းကြီးဟာ နာမည်ကြီးတဲ့ မျောက်လိမ္မာလေး သတင်းကြားတာနဲ့ တွေ့လိုဇောနဲ့ ဆရာတော် ကျောင်းမှာ ဆွမ်းကပ်ဖို့ စီစဉ်တယ်။ ဘုရင်ကြီးဟာ ကျောင်းဝင်းထဲ ဝင်လိုက်တာနဲ့ အရမ်း လှပတဲ့ ကျောင်းရှေ့က ပန်းခြံကြီးကို တွေ့လိုက် ရတယ်။

ဆရာတော်ကြီးကို ကန်တော့ပြီး ဆွမ်းကပ်ဖို့ ပြင်ဆင်တယ်။ မျောက်ကလေးက ဆရာတော်ကို ဆွမ်း ရိုရို သေသေလေး ကပ်နေတာကို အနားက လိုက်ကပ် နေတဲ့ ဘုရင်မင်းကြီးက ကြည့်ရင်း အရမ်း ပီတိ ဖြစ်နေတယ်တဲ့။

အဲဒီအချိန်မှာ မျောက်ကလေးဟာ ရေခွက်ကပ်ရင်း ရေခွက် မှောက်ကျ သွားတယ်။ ဒီတော့ ဆရာတော်ကြီးက မျောက်ရဲ့ ဦးခေါင်းကို ဒေါက်ခနဲ ခေါက်လိုက်တယ်။ ဒါကို လှမ်းမြင် လိုက်တဲ့ ဘုရင်ကြီးက ထောင်းကနဲ ဒေါသ ထွက်သွားပြီး ပြောလိုက်တယ်။

"အရှင်ဘုရား ဒီလောက် လိမ္မာတဲ့မျောက်ကို ရေခွက်လေး မှောက်ရုံနဲ့ ဒီလိုကြီး မလုပ်သင့် ပါဘူး။ သင်္ကန်းကြီး ဝတ်ထားပြီး ဒီလောက်လေးမှ ခန္တီတရားလေးတောင် မထားနိုင်ဘူးလား" လို့ စိတ်ဆိုးစွာနဲ့ ပြောလိုက်တယ်။

ဆရာတော်က တော့ "တိရိစ္ဆာန် ဆိုတာ ဆုံးမ ရတယ်။ မဟုတ်ရင် မလိမ္မာဘူး" လို့ ဘယ်လိုဘဲ ဖြောင်းဖြ ဆုံးမပေမဲ့ ဘုရင်က လက်မခံဘူး။ အဲဒါနဲ့ ဘုန်းကြီးက ရှင်းပြလို့ မရတဲ့ အဆုံး

"ကဲ ဒကာတော် မင်းကြီး ဘယ်လိုမှ ရှင်းပြလို့ မရရင်လဲ ဒီလို လုပ်ပါ။ ဒကာတော်မင်းကြီး ပြောသလို ခန္တီ တရားနဲ့ နေပါ့မယ်။ နောက်တနှစ် တိတိ ပြည့်ရင် ဒီကျောင်းကို နောက်တခေါက် ပြန်ကြွခဲ့ပါ" လို့ ဘုရင်ကြီးကို ပြောလိုက်တယ်။ ဘုရင်ကြီးလည်း စိတ်တွေဆိုးပြီး ဦးတောင် မချတော့ဘဲ ကျောင်းပေါ်က ဆင်းသွားတော့ တယ်။

နောက်တနှစ်လောက် ကြာတော့ ဘုရင်ကြီးဟာ အဲဒီအကြောင်းကို ပြန်သတိရ လာတယ်။ အဲဒါနဲ့ မှုးမတ်တွေ ကိုခေါ်ပြီး ဘုန်းကြီးကျောင်းကို သွားတယ်။ ကျောင်းရှေ့ဥယျာဉ်လည်း ရောက်ရော ဥယျာဉ် တခုလုံး ရစရာ မရှိအောင် ပျက်စီး နေပြီး ပန်းပင်တွေ ဟာလည်း နှုတ်ပြီး ကိုက်ဖြတ် ထားတဲ့အတွက် ပြန့်ကျဲနေတယ်။

ကျောင်းကို လှမ်းကြည့်လိုက်တော့ ကျောင်းခေါင်မိုးတွေ ဖွာလန် လွင့်ကျဲ နေတယ်။ ကျောင်းပြူတင်းပေါက် တွေကလည်း ပြုတ်တာက ပြုတ်၊ တွဲလောင်း ဖြစ်တာကဖြစ်။ ဘုရင်ကြီးက စိတ်ပူသွားတာနဲ့ အမြန် ကျောင်းပေါ် တက်ပြီး ဘုန်းကြီးကို လိုက်ရှာတယ်။

တကျောင်းလုံး ရစရာ မရှိအောင် ပျက်စီး ရှုပ်ပွ နေတယ်။ ကျောင်းဒေါင့်က အမှိုက်ပုံ ကြားတနေရာ မှာတော့ ဘုန်းကြီးဟာ ငုတ်တုတ်လေး ထိုင်နေတယ်။ မျောက်ကတော့ ဘုန်ကြီးဂုတ်ကို ခွစီးပြီး ဘုန်းကြီးခေါင်းကို ခေါက်ကစား နေလေရဲ့။

ပြောလိုတာက လူ့စိတ် ဆိုတာ မျောက်နဲ့ တူပါတယ်။ ဆုံးမမှု မရှိဘူး ဆိုရင် ဆုံးမမှုတည်း ဟူသော အသိတရား၊ သတိတရား မရှိဘူး ဆိုရင် မိမိတို့ရဲ့ စိတ်ဟာ လူစင်စစ်က မျောက်လို ဖြစ်နေတတ် ပါလား ဆိုတာ သတိရပါ။ သင်္ခန်းစာ ယူတတ်ကြပါစေ။ Crd

Post a Comment

0 Comments