မောင်ပေါက် ဥပုသ်စောင့်သလို

ဟိုးရှေးရှေးတုန်းက ရွာတရွာမှာ မောင်ပေါက်နဲ့ မကောက် လို့ အမည်ရတဲ့ ဇနီးမောင်နှံ နှစ်ဦး ရှိခဲ့ဖူးတယ်။ မကောက်က သဒ္ဓါစရိုက် ရှိသူပီပီ ဥပုသ်သီလ ဆောက်တည်တာကို ဝါသနာပါတယ်။ မောင်ပေါက်ကတော့ မကောက်နဲ့ ညားပြီးကတည်းက တကြိမ်တခါမျှ ဥပုသ်စောင့်တာမျိုး မရှိဘဲ ဘာသိဘာသာပဲ နေသတဲ့။

အဲဒီလို မောင်ပေါက် တခဏမျှ ဥပုသ်စောင့် မလိုက်တာကို မကောက်က မကြိုက်နှစ်သက်တော့ ဥပုသ်စောင့်ဖို့ မကြာခဏ တိုက်တွန်းတတ်ပါတယ်။ ဒါပေမဲ့ မောင်ပေါက် ကတော့ ဥပုသ်စောင့်ပါမယ် လို့လည်း အာမ မခံ၊ ဘာမျှလည်း ပြန်မပြောဘဲ ပြုံးရုံ ပြုံးနေတတ်တယ်။

မကောက်လည်း မောင်ပေါက်ဟာ ဥပုသ် မစောင့်ရုံက လွဲပြီး အရက်မသောက်၊ ဖဲမရိုက်၊ အပျော်အပါး မလိုက်စားဘဲ အိမ်မှုကိစ္စ အဝဝကို လေးစားမှန်မှန် ဆောင်ရွက်တတ်တာမို့ သူ့ယောက်ျားရဲ့ ပြန်မပြော၊ နားမထောင်ပုံစံကို ခွင့်လွှတ်နိုင်ပါတယ်။

ဒီလိုနဲ့ ဝါကျွတ်ဖို့ တဥပုသ်ပဲ လိုတော့တဲ့ သီတင်းကျွတ် လဆန်း ၈ ရက်နေ့မှာတော့ မကောက်က မောင်ပေါက်ကို ဥပုသ်စောင့်ဖို့ တိုက်တွန်း ပြန်ပါတယ်။

"ကိုပေါက်၊ တော် ဒီလိုချည်းနေလို့ မဖြစ်ပါဘူး။ ဝါတွင်းမှာ ဥပုသ်လေးဘာလေး စောင့်ဦးမှပေါ့။ သူများကဲ့ရဲ့စရာ ဖြစ်နေပါ့မယ်။ သီလမရှိရင် အသက်မရှည်ဘူး ကိုပေါက်ရဲ့။ ကိုပေါက်လည်း ဗုဒ္ဓဘာသာဝင် တယောက်ပဲ၊ ဒီလောက်တော့ သိမှာပါ၊ မဟုတ်ဘူးလား။ ဒီဥပုသ်မှာ ကျုပ်နဲ့ အတူတူ ဥပုသ်လိုက်ခဲ့ပါနော်" ဆိုတော့၊ မောင်ပေါက်က "ဟ မကောက်ရဲ့၊ မင်းပြောတာက လွယ်တယ်။ ငါက ဥပုသ်ကို တခါမျှ စောင့်ဖူးတာမှ မဟုတ်ဘဲ" လို့ပြောသတဲ့။

ဒီအခါ ဇနီးမကောက်က "အမလေး ကိုပေါက်ရယ်၊ ဥပုသ် သီလစောင့်တာများ ခက်တာ မဟုတ်ပါဘူး။ ဘုန်းကြီးဆိုတဲ့အတိုင်း လိုက်ပြီး ဆိုရုံပါပဲ" လို့ သင်ပေးပါတယ်။

မောင်ပေါက်ကလည်း "ဟယ် ဒါလောက် လွယ်မှန်းသိရင် ငါဥပုသ် စောင့်ပါတယ်ဟယ်။ အစက ပြောရောပေါ့" လို့ ဆိုပြီး မကောက်ရဲ့ ပြောစကားအတိုင်း အဝတ်အစားလဲ၊ တဘက်ကလေး ခေါင်းပေါင်းကာ ဥပုသ်စောင့်ဖို့ ဘုန်းတော်ကြီး ကျောင်းကို အစောကြီး ရောက်သွားသတဲ့။

ဘုန်းကြီးကလည်း ကျောင်းကို တခါမျှ မလာဘူးတဲ့ မောင်ပေါက် ရောက်လာတာမို့ ဆီးကြိုပြီး နှုတ်ဆက်ပါတယ်။ အဲဒီအခါမှ အိမ်က ထွက်လာကတည်းက ဘုန်းကြီး ဆိုသမျှ လိုက်ပြီး ဆိုရမယ်လို့ စိတ်ကူးထားတဲ့အတိုင်း ဘုန်းကြီးနောက်က လိုက်ပြီး ဆိုပါတော့တယ်။

"ဒကာမောင်ပေါက် ဥပုသ်စောင့် လာသလား" "ဒကာမောင်ပေါက် ဥပုသ်စောင့်လာသလား"

"အို ဒီကောင် ငါ့ပြောင်နေပြန်ပြီ" "အို ဒီကောင် ငါ့ပြောင်နေပြန်ပြီ"

"ဟဲ့ နင် ရူးများနေသလား" "ဟဲ့ နင် ရူးများနေသလား"

"တယ် ငါရိုက်မိ ပြန်တော့မယ်" "တယ် ငါရိုက်မိပြန်တော့မယ်"

ဒီလို ဘုန်းကြီးပြောသမျှ နောက်က လိုက်ပြီး ဆိုနေတဲ့အခါ ဘုန်းကြီးက စိတ်တို လာပြီးတော့ မောင်ပေါက်ကို ထပြီး နပန်းလုံး ပါရော။ ဒီအခါ မောင်ပေါက်ကလည်း ပြန်ပြီး နပန်းလုံးတာမို့ ဘုန်းကြီးနဲ့ မောင်ပေါက် ဘတပြန် ကျားတပြန် အထက်ရောက်လိုက် အောက်ရောက်လိုက်နဲ့ ဖြစ်နေတော့တာပေါ့။

တော်တော်ကြာတဲ့အခါ ကျောင်းပေါ်မှာ ဖျန်ဖြေသူလည်း မရှိ။ နှစ်ဦးသားလုံးလည်း အားအင်ကုန်ခန်း နွမ်းနယ် နုံးချည့် နေတာမို့ လူချင်းခွဲလိုက်ကြသတဲ့။ အဲဒီအခါ မောင်ပေါက်လည်း ခေါင်းက ပြုတ်ကျနေတဲ့ တဘက်ကလေးကို ကောက်ယူပြီး မောမော ပန်းပန်းနဲ့ အိမ်ပြန်လာခဲ့တာပေါ့။

ဒီလိုအိမ်ကို အစောကြီးပြန်လာတဲ့ မောင်ပေါက်ကို ကြည့်ပြီး ဘာကြောင့် အစောကြီး ပြန်လာပါလိမ့် လို့ တွေးနေတဲ့ မကောက်က "ဟင်၊ ကိုပေါက် ပြန်လာတာ စောလှချည်လား" လို့ မေးပါတယ်။ ဒီတော့ မောလွန်းလို့ ရေအိုးစင်မှာ ရေသောက်နေတဲ့ မောင်ပေါက်က

"အေး၊ စောစော ပြန်လာလို့သာပေါ့ကွာ၊ မိုးချုပ်ရင် သေရချည်ရဲ့" လို့ ညည်းညူပြီး ပြောတဲ့အခါ အကြောင်းစုံ မသိသေးတဲ့ မကောက်က ထမင်းဆာတာကို ရည်ရွယ်ပြောတာ မှတ်လို့ "ကိုပေါက်နှယ်၊ ဆာတတ်လိုက်တာတော်၊ မနက် အစောကြီး ရှိပါသေးတယ်" လို့ ပြောဆိုပါတယ်။

ဒီအခါ မောင်ပေါက်က "ဟေ့ မကောက်၊ ဥပုသ် စောင့်တယ်ဆိုတာ မင်းပြောတော့ လွယ်လွယ်လေးရယ်၊ အမှန်တော့ မလွယ်လှဘူးခင်ဗျ။ နပန်းချတတ်မှ ဖြစ်တာ" လို့ ပြန်ပြောလိုက် ပါသတဲ့။

ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ ပုံပြင်ထဲက မောင်ပေါက်လို လူတွေဟာ အပြင်လောကမှာလည်း အထင်အရှား ရှိနေပါတယ်။ မောင်ပေါက်လောက် အမြီး အမောက်မတည့်၊ ကပေါက်တိ ကပေါက်ချာ မဖြစ်ရုံဘဲ ရှိပါတယ်။ သူတို့တတွေလည်း သူများတွေ ဥပုသ်စောင့် ဆိုလို့သာ လိုက်ပြီး စောင့်ကြရတာပါ။ အဖြူ၊ အမည်း ကွဲကွဲပြားပြား နားလည်တာ မျိုးလည်း မဟုတ်၊ အတိမ်အနက်ကို ဉာဏ်သက်ဝင်ပုံလည်း မရှိကြပါ။

နံနက်စောစော ဘုန်းတော်ကြီးကျောင်းကို သွားပြီး သီလခံယူ။ စားသောက်ပြီးရင် လေကန်၊ အချိန်တန် ညနေစောင်းရင် စိပ်ပုတီး လက်ဆွဲပြီး အိမ်ပြန်လာရင် ဥပုသ်သည် ပီပြင်ပြီလို့ ခံယူထားကြတဲ့ သူတွေပဲ များပါတယ်။

တကယ်တော့ ဥပုသ်ရဲ့ အဓိပ္ပါယ်၊ ဥပုသ်စောင့်ခြင်းရဲ့ ရည်ရွယ်ချက်၊ ဥပုသ်သည်ရဲ့ အသွင်သဏ္ဌာန်နဲ့ အနှစ်သာရ၊ စနစ်တကျ ဥပုသ်စောင့်ပုံ အစီအစဉ်၊ ဥပုသ်အမျိုးမျိုး ကွဲပြားပုံနဲ့ ဥပုသ်ရဲ့ အကျိုးတွေဟာ အလေးအနက် ပြုထိုက်၊ မြတ်နိုးတန်ဖိုးထားထိုက်တဲ့ ဘာသာရေး ယဉ်ကျေးမှု အမွေအနှစ်တွေပဲ ဖြစ်ပါတယ်။ အပ္ပာမာဒ ဓမ္မရသမဂ္ဂဇင်း၊ ၂၀၀၁ ခုနှစ်၊ သြဂုတ်လ Crd

Post a Comment

0 Comments