တခါက ဆရာဝန် တယောက်ဟာ သူအလုပ် လုပ်နေတဲ့ ဆေးရုံထဲကို အလျင် အမြန်နဲ့ ပြေးဝင် သွားတယ်။ အရေးကြီး ခွဲစိတ်မှု တခု ချက်ချင်း လုပ်ဖို့ လိုအပ်လို့ ဖုန်းဆက် ခေါ်တဲ့ အတွက် ဖုန်းရရချင်း ချက်ချင်း အဝတ်အစား လဲပြီး ရောက်လာ တာပါ။
ရောက်ရောက်ချင်းပဲ ခွဲစိတ်ဆောင်များ ရှိရာကို ပြေးသွားခဲ့ ပါတယ်။ အထဲရောက်တော့ လူမမာ ကောင်လေးရဲ့ ဖခင်ဟာ နံရံကို မှီပြီး ဆရာဝန် ဖြစ်တဲ့ သူ့ကို စောင့်နေတာ တွေ့လိုက် ရတယ်။ သူ့ကို တွေ့တွေ့ချင်း လူမမာကောင်လေးရဲ့ ဖခင်က ဒေါသတကြီးနဲ့ အော်လိုက်တယ်။
"ခင်ဗျား ဘာလို့ ဒီလောက် ကြာနေတာလဲ ဗျာ။ ကျွန်တော့် သားရဲ့ အသက် အန္တရာယ် စိုးရိမ်ရတဲ့ အခြေ အနေမှာ ရောက်နေ တယ်ဆိုတာ ခင်ဗျား မသိဘူးလား။ ခင်ဗျားမှာ တာဝန် ယူတတ်တဲ့ စိတ်ဓာတ် မရှိဘူးလား"
ဆရာဝန်က ပြုံးလိုက်ရင်း ပြန်ဖြေတယ်။ "ကျွန်တော် တောင်းပန် ပါတယ်ဗျာ။ ကျွန်တော် ဆေးရုံမှာ မရှိခဲ့လို့ပါ။ ဖုန်း ရရချင်း မြန်နိုင် သမျှ မြန်အောင် လာခဲ့ ပါတယ်။ အခု အကို ခဏလေး စိတ်ငြိမ်ငြိမ် ထားလိုက်ပါနော်။ ကျွန်တော် အတတ်နိုင်ဆုံး ကောင်းအောင် ခွဲစိတ် ပေးပါ့မယ်"
"စိတ်ငြိမ်ငြိမ် ထားရမယ် ဟုတ်လား။ ခင်ဗျားရဲ့သား ဒီလို ခွဲခန်းထဲမှာ ရောက်နေရင် ခင်ဗျား စိတ်ငြိမ်ငြိမ် ထားနိုင် မှာလား။ တကယ်လို့ ခင်ဗျားသားသာ သေသွားခဲ့ရင် ခင်ဗျား ဘယ်လို လုပ်မလဲ" ဆိုပြီး အဖေ လုပ်သူက စိတ်ဆိုး မာန်ဆိုး နဲ့ ပြန်ပြောတယ်။
ဆရာဝန်က နောက်တကြိမ် ထပ်ပြုံးလိုက်ပြီး "အကို စိတ်ချပါဗျာ ကျွန်တော် အစွမ်းကုန် ကြိုးစားပြီး ကုသပေး ပါ့မယ်" လို့ ပြောပြီး ချက်ချင်း ခွဲစိတ်ခန်းထဲကို ဝင်သွားတယ်။ နာရီ အနည်းငယ်လောက် ခွဲစိတ်မှု ပြုလုပ်ပြီးတဲ့ နောက်မှာ ဆရာဝန်က ဝမ်းသာစွာနဲ့ ခွဲစိတ်ခန်း ထဲက ပြန်ထွက် လာသတဲ့။
"ဘုရားရဲ့ ကျေးဇူးပါ ပဲဗျာ။ အကို့ သားလေးရဲ့ ခွဲစိတ်မှု အောင်မြင် ပါတယ်" ဆိုပြီး ပြောပြော ဆိုဆိုနဲ့ ကောင်လေးအဖေရဲ့ ပြန်ဖြေမှုကိုတောင် မစောင့် တော့ပဲ "ခင်ဗျား တခုခု မေးစရာ ရှိရင် သူနာပြု ဆရာမကြီး တွေကို မေးနိုင် ပါတယ်ဗျာ" လို့ အော်ပြီး ကမန်းကတန်းနဲ့ ပြေးထွက်သွားတယ်။
ဖခင်ဖြစ်သူလည်း "ဒီဆရာဝန် ဘာကြောင့် ဒီလောက် မောက်မာ နေလဲ မသိဘူး။ ငါ့သား အခြေအနေလေးကို မေးဖို့ မိနစ်ပိုင်း လေးတောင် မစောင့်နိုင်ဘူး" လို့ တွေးပြီး မေးမြန်းဖို့ သူနာပြု ဆရာမကို သွားတွေ့တယ်။ သူနာပြု ဆရာမက မျက်ရည်တွေ စီးကျရင်းနဲ့ ပြန်ဖြေလိုက်တာ ကတော့
"ဒေါက်တာ့ သားလေးက မနေ့တုန်းက ကားအက်စီးဒန့် ဖြစ်ပြီး ဆုံးသွား တာပါ။ ဒေါက်တာ အသုဘ အခမ်းအနား မှာ ရောက်နေတုန်း ရှင့်သားရဲ့ အရေးပေါ် ခွဲစိတ်မှု ရှိတာကြောင့် ကျွန်မတို့ ဖုန်းဆက်ပြီး ခေါ်လိုက်တာပါ။ အခု ရှင့်သားရဲ့ အသက်ကို ကယ်ပြီး သူ့သားလေးရဲ့ အသုဘ အခမ်းအနား ပြီးဆုံးချိန် အမှီ ပြန်ပြေးသွား တာပါ" တဲ့။
ဘယ်သူ့ကိုမှ အလွယ်တကူ မဝေဖန် လိုက်ပါနဲ့။ ဘာလို့လဲ ဆိုတော့ သူတို့ ဘယ်လို ဘဝမျိုးကို ကြုံတွေ့ နေရတယ် ဆိုတာ သင် သိချင်မှ သိမှာ မို့လို့ပါ။ Crd
0 Comments