မယ်ဝေဠု

ဥယျာဉ်ထဲတွင် ဝါးရုံတောကြီး တတော ဖြစ်ထွန်းနေသည်။ ထိုဝါးရုံတော ထဲတွင် ထူးခြားလှစွာ ဝါးပင်ကြီး တပင်သည် ကြီးမားသန်စွမ်း လှပေသည်။ ဥယျာဉ်မှူးက လိုက်ကြည့်ရင်း ဝါးပင်ကြီးကို တွေ့လိုက်သောအခါ

"မယ်ဝေဠု မယ်ဝေဠု ကောင်းကျိုးပြုမယ့် မယ်ဝေဠု၊ ဥယျာဉ်ကြီးကို ဝေဝေဆာ မညှိုးနွမ်းအောင် လုပ်မယ် မဟုတ်လားဗျာ" ဟု မေးလိုက်လေသည်။

ဝါးပင်ကလည်း "ဟုတ်ကဲ့ပါရှင်၊ ဥယျာဉ်ကြီးတခုလုံး ရွှင်ပြုံးချမ်းသာ ရှိမယ်ဆိုလျှင် ကျွန်မဘဝကို ပေးဆပ်ရန် အသင့်ပါရှင်" ဟု ပြန်ပြောလိုက်လေသည်။ ဝါးပင်ကြီးသည် မြင့်သည်ထက် မြင့်လာသည်။ ကောင်းကင်ကို ထိုးဖောက်တော့မည့် အလားဖြစ်သည်။ လုံးပတ်ပင်စည် ကလည်း ကြီးမားခိုင်ထွားလာသည်။

တနေ့တွင် ဥယျာဉ်မှူးက ရောက်လာသည်။ မယ်ဝေဠုက "ဥယျာဉ်မှူးရှင့်၊ ကျွန်မ အသင့်ဖြစ်ပါပြီ" ဟု ဆိုလိုက်သည်။ ဥယျာဉ်မှူးက စိတ်မကောင်းစွာဖြင့် မျက်နှာလေးကို အောက်ချကာ "မယ်ဝေဠု မယ်ဝေဠု ကောင်းကျိုးပြုတဲ့ မယ်ဝေဠုရယ်၊ ဒါဆိုလျှင် သင့်ကို ကျွန်ုပ် အောက်ခြေက ခုတ်ကာ လှဲချရ ပါလိမ့်မယ်"

"အို ကျွန်မကို ခုတ်မယ်တဲ့လား၊ လှဲချမှ ဖြစ်မှာတဲ့လားရှင်"

"ကျုပ်မှာလည်း အခြားရွေးချယ်စရာ မရှိပါ မယ်ဝေဠုရယ်၊ သင့်ကို မခုတ်ဘဲ ဘယ်လို သုံးရမလဲ"

"လှဲချမှ ဖြစ်မယ် ဆိုလည်း လှဲချလိုက်ပါရှင်၊ ဥယျာဉ်ကြီးတခုလုံး ကောင်းဖို့ သာယာဖို့ ဆိုပါလျှင် ခုတ်ဖြတ် လိုက်ပါရှင်"

ဥယျာဉ်မှူးက စိတ်မကောင်းစွာဖြင့် ဝါးပင်ကြီးကို အောက်ခြေက ခုတ်ချလိုက်သည်။ ထို့နောက်

"မယ်ဝေဠု မယ်ဝေဠု"

"ဘာများလဲရှင်"

"သင့်ကို ခုတ်ပြီးလျှင် ကျွန်ုပ် သင့် အကိုင်း အခက် အလက်တွေကို ဆက်ပြီး ခုတ်ရပါလိမ့်မည်"

"အလို၊ ကျွန်မတကိုယ်လုံးကို ခုတ်ဦးမလို့လားရှင်"

"အကိုင်း အခက် အလက်တွေကို မရှင်းလျှင် သုံး၍ မရနိုင်ပါ"

"ကောင်းပါပြီလေ ကျွန်မဘဝ အားလုံးအတွက် ပေးဆပ်ထားပြီပဲ၊ လိုရာကို ဆောင်ရွက်ပါလေ"

ဥယျာဉ်မှူးကို အကိုင်း အခက် အလက်တွေကို ရှင်းထုတ်လိုက်ပြီးနောက်

"မယ်ဝေဠု မယ်ဝေဠု"

"ဘာများ လုပ်ဦးမလို့လဲရှင်၊ လိုရာကို သုံးပါတော့"

"သင့်ကို ထက်ပိုင်းခွဲ၊ အသည်းနှလုံးနဲ့ တူတဲ့ အကန့်တွေကို ထိုးကော်ထုတ်မှ သုံးလို့ရမယ်။ စိတ်မကောင်းလိုက်တာကွယ်"

"အို ရက်စက်လိုက်တာရှင်၊ ကျွန်မရင်ကိုခွဲ အထဲက အသည်းနှလုံးကို ထုတ်မှ ဖြစ်မှာလားရှင်"

"ဤနည်းက လွဲ၍ အခြားမရှိပြီ မယ်ဝေဠုရယ်"

"ကောင်းပါပြီ စိတ်ကြိုက်ပြုပါလော့"

ဥယျာဉ်မှူးက ဝါးကို ထက်ခြမ်းခွဲသည်။ ထို့နောက် အလယ်ရှိ အကန့်များကို ထိုးဖောက် ကော်ထုတ် လိုက် သည်။

"မယ်ဝေဠု မယ်ဝေဠု"

"ဘာများကျန်သေးလဲရှင်၊ ကျွန်မ ဆတ်ဆတ်ခါ နာကျင်လှပါပြီ"

"သင့်ကို ဥယျာဉ်ကြီး ကောင်းကျိုးချမ်းသာအတွက် ကျွန်ုပ် အသုံးချပါတော့မည်"

ဥယျာဉ်မှူးသည် ဝါးကို ထက်ခြမ်းခွဲကာ ဖြစ်လာသည့် ရေတံလျောက်ကို ထမ်းသွားသည်။ ထို့နောက် ရေတံခွန်က တဆင့် ခမ်းခြောက်နေသော ရေအိုင်ထဲသို့ ရေကိုသွယ်သည်။ ရေတံလျောက်မှ ရေများ စီးဆင်းလာပြီး ရေအိုင်ကို ပြည့်စေသည်။ ဥယျာဉ်မှူးက ရေအိုင်ထဲက ရေတွေကိုခပ်ကာ ဥယျာဉ်ထဲရှိ သစ်ပင် ပန်းပင်များကို ရေလောင်းသည်။

"မယ်ဝေဠု မယ်ဝေဠု"

"ရှင်"

"အသင်မြင်ပြီလော၊ သင့်ကြောင့် ဥယျာဉ်ကြီးတခုလုံး စိမ်းလန်း စိုပြည်လာသည်ကို မြင်ပြီလော၊ ကြည့်လော့"

"မြင်ပါသည်၊ ပျော်ပါသည်၊ စိတ်ချမ်းသာရပါသည်။ ကျွန်မ ရင်ကိုခွဲကာ အသည်းနှလုံးတွေကို ထုတ်ပေးရကျိုး နပ်ပါသည်" ဟု ပျော်ရွှင်စွာ ပြောလိုက်လေသည်။ တင်ညွန့်

Post a Comment

0 Comments