လူပျိုကြီးဖြစ်ရခြင်း အကြောင်း

ဂျာမန် တွေးခေါ် ပညာရှင်ကြီး အီမန်နျူရယ် ကန့် (Immanuel Kant) သည် အတွေးအခေါ် ပညာတွင် လွန်စွာ ထူးချွန်ထင်ရှားကာ ကျော်ကြားသူလည်း ဖြစ်သည်။ သူသည် ကွယ်လွန်သည် အထိ မြို့တမြို့တည်းတွင် အခြေချကာ နေထိုင်ခဲ့သည်။

အဘယ်ကြောင့် ထိုသို့ တနေရာတည်းတွင် နေရသနည်း ဆိုသည့် သူ့အဖြေက ရှင်းသည်။ သူက အပြောင်းအလဲကို မကြိုက်။ အိမ်သစ်၊ လူသစ်၊ ပတ်ဝန်းကျင် အသစ်တွေကို စိတ်မဝင်စား။ အပြောင်းအလဲများက သူ့ကို အနှောင့်အယှက် ပေးသည်ဟု ယူဆ ထားသောကြောင့် ဖြစ်သည်။

အရာရာသည် မပြောင်းမလဲ ပုံမှန်အတိုင်း မြင်နေ၊ တွေ့နေရလျှင် အတွေးအမြင် တို့ကို ပြီးဆုံးသည့် တိုင်အောင် တွေးခေါ်ရန် အထောက်အကူ ပြုလိမ့်မည်ဟု သူက ယူဆသည်။

ကန့်သည် လူပျိုကြီး ဖြစ်သည်။ သူ့ဘဝတွင် အိမ်ထောင်ပြုခြင်း မရှိခဲ့ဟု သိရသည်။ သို့သော် အမျိုးသမီးတဦးက သူ့ကို လက်ထပ်ရန် အခွင့်အရေး ပေးခဲ့သည်။ ကန့်က "ကျွန်တော် စဉ်းစားပါရစေ" ဟု ပြန်ဖြေခဲ့သည်။ သဘောတရားအရ ယောက်ျားက လက်ထပ်ခွင့် တောင်းရန် ဖြစ်သော်လည်း သူကတော့ မိန်းမက သူ့ကို ကမ်းလှမ်းရသည့် အနေအထား ဖြစ်သည်။

အမျိုးသမီးကလည်း သူ့ကိုလာပြီး လက်ထပ်ခွင့် တောင်းနိုးနိုးနှင့် စောင့်စား လာလိုက်သည်မှာ ရောက်မလာ။ နောက်ဆုံး မိန်းကလေးဘက်က စလိုက်ပြန် လိုက်တော့လည်း ကန့်က "စဉ်းစားပါရစေ" ဟုသာ မတင်မကျ ဖြေလိုက်သည်။

ကန့်က မိန်းမတယောက်ကို လက်ထပ်ရန် မည်မျှ စဉ်းစားခဲ့သည် ထင်ပါသနည်း။ သုံးနှစ် ကြာသွားသည်။ သူ အမျိုးမျိုး စဉ်းစားသည်။ နှိုင်းဆသည်၊ တွက်ချက်သည်၊ ပယ်ဖျက်သည်။ နောက်ဆုံး သုံးနှစ် ကြာမှ သူက အမျိုးသမီး၏ အိမ်တံခါးကို သွားခေါက် ဖြစ်တော့သည်။ သူ့စိတ်ထဲတွင် အမျိုးသမီးကို ပြောရမည့် စကားများကို စဉ်းစားလာသည်။

"ဆုံးဖြတ်ချက်ချဖို့ အထိကို ကျွန်တော် ခက်ခဲပါတယ်။ ခင်ဗျားကို လက်ထပ်ဖို့နဲ့ လက်မထပ်ဖို့ ဆိုတာ ဟိုဘက် သည်ဘက် လွန်ဆွဲနေတယ်။ ကျွန်တော့် အနေနဲ့ ပိုပြီးတော့ ယုတ္တိဗေဒနည်းကျအောင်၊ သိပ္ပံနည်းကျအောင်၊ ပိုပြီးတော့ ဒဿနနည်းကျအောင် စဉ်းစားပေမယ့် ခင်ဗျားကို လက်ထပ်ဖို့ ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး ဆိုတာ သိလိုက်ရပါတယ်။ ဒါကြောင့် ခင်ဗျားတစ်ယောက် ယောက်နဲ့သာ လက်ထပ်လိုက်ပါတော့ဗျာ"

သူက အမျိုးသမီးကို ပြောရန် စဉ်းစားလာခဲ့ခြင်း ဖြစ်သည်။ သူ့ကို တံခါးလာဖွင့် ပေးသူမှာ အမျိုးသမီး၏ ဖခင်ဖြစ်သည်။ "ဦးခင်ဗျား ဦးသမီးရှိပါသလား"

"ရှိသပေါ့ကွယ် ဘာကိစ္စများပါလိမ့်"

"ကျွန်တော်တို့ လက်ထပ်ဖို့ ကိစ္စ ပြောမလို့ပါ ခင်ဗျာ"

"အလိုကွယ်၊ မောင်ရင် ရောက်လာတာ နောက်ကျနေပြီပေါ့။ သမီးက လက်ထပ်ပြီးပြီကွယ့်။ ကလေး တယောက်တောင် ရနေပြီ"

"ဘာပဲ ဖြစ်ဖြစ်ပါ ဦးရယ် ကျွန်တော် ပြောချင်တာ ကိုတော့ ဦးသမီးကို ပြန်ပြောပြပေးပါလား ခင်ဗျာ"

"ဘာများလဲ မောင်ရင်"

"ကျွန်တော့်အနေနဲ့ ဦးသမီးကို လက်ထပ်ဖို့ ကိစ္စမှာ ဘယ်လိုမှ အဖြေရှာ မရနိုင်အောင် ဖြစ်ခဲ့ရပါတယ်။ သူ့ကို လက်ထပ်မယ်လို့ ဆုံးဖြတ် လိုက်တိုင်း လက်မထပ်ဖို့ အကြောင်းတွေ ကလည်း ပေါ်လာတယ်။ ကျွန်တော် မညာချင်ဘူး ခင်ဗျာ"

"ဘာကိုများ မညာချင်တာလဲမောင်"

"ကိုယ့်ကိုယ်ကို မညာချင်လို့ပါ"

သူ့အတွေးအမြင် တခုကို ဖော်ပြလိုသည်။ “Experience without theory is blind, but theory without experience is mere intellectual play” သဘောတရား မပါသော အတွေ့အကြုံသည် အကန်းနှင့် တူပြီး၊ အတွေ့အကြုံ မပါသော သဘောတရားသည် ဉာဏ်ကစားခြင်း မျှသာ ဖြစ်သည်ဟု လက်ခံထားသောသူ တဦး အနေဖြင့် မိန်းမတယောက်ကို သုံးနှစ် ကြာအောင် လက်ထပ်ရန် စဉ်းစားပြီး၊ လူပျိုကြီး ဖြစ်ရခြင်းမှာ မဆန်းဟု ဆိုရမည်သာ။

(Ref: Contemplation of a philosopher) တင်ညွန့် ၅.၄.၂၀၂၂

Post a Comment

0 Comments