ဟိုးရှေးရှေးတုန်းက ပင်လယ်ပြင် ကျယ်ကြီးထဲမှာ ကျွန်းကြီးတကျွန်းရှိတယ်။ အဲဒီကျွန်းပေါ်မှာ ချစ်ခြင်းမေတ္တာ အပါအဝင် ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ အသိပညာနဲ့ တခြား ခံစားချက်တွေ နေထိုင်ကြတယ်။
တနေ့မှာတော့ သူတို့ဆီကို ကြေငြာချက် တခု ရောက်လာခဲ့တယ်။ အဲဒါကတော့ သူတို့ နေထိုင်ရာ ကျွန်းကြီးဟာ မကြာခင် အချိန်မှာပဲ ပင်လယ်ပြင်အောက်ကို နစ်မြုပ်တော့မှာ ဖြစ်ကြောင်း၊ ဒီကျွန်းကြီးကနေ အမြန်ဆုံး ထွက်ခွာဖို့ ပြင်ဆင်ကြဖို့ ပါပဲ။
အဲဒါကြောင့် သူတို့အားလုံးဟာ ကျွန်းပေါ်ကနေ ထွက်ခွာဖို့ အတွက် လှေဆောက်ကြတာပေါ့။ အသီးသီး ထွက်ခွာဖို့ လှေဆောက်နေ ကြပေမယ့် ချစ်ခြင်းမေတ္တာ ကတော့ လှေဆောက်တဲ့ အထဲမှာ မပါခဲ့ဘူး။ ချစ်ခြင်းမေတ္တာဟာ နောက်ဆုံး အခြေအနေ တခုအထိ ကျွန်းကနေ ထွက်ခွာမသွားချင်တဲ့ တဦးတည်းသောသူ ဖြစ်ပါတယ်။
ဒါပေမယ့် ကံအကြောင်း မလှစွာပဲ ကျွန်းကြီး နစ်မြုပ်တော့မယ့် အချိန်ကို ရောက်လာတာပေါ့။ ရေတွေ တဖြည်းဖြည်း တက်လာလိုက်တာ ကျွန်းကြီး တခုလုံး နစ်မြုပ်တော့မယ့် အချိန်ရောက်လာတဲ့အခါ ချစ်ခြင်းမေတ္တာ ဟာလည်း သူများနည်းတူ ကျွန်းကြီးကို စွန့်ခွာသွားဖို့ ဆုံးဖြတ်ရတော့ တာပေါ့။
ဒါပေမယ့် သူဟာ လှေမဆောက်ရသေးတဲ့ အတွက် အခြားသူတွေကို သူ့ကို တင်ခေါ်သွားဖို့ အကူအညီ တောင်းရတော့တယ်။ ချမ်းသာခြင်းရဲ့ ကြီးမားလှတဲ့ လှေကြီးဟာ သူ့အနားကနေ ဖြတ်သန်းသွားတာကို တွေ့လိုက်ရတဲ့အခါ၊ ချစ်ခြင်းမေတ္တာက "ချမ်းသာခြင်းရေ၊ မင်းရဲ့ လှေကြီးနဲ့ ငါ့ကို တင်ခေါ်သွားနိုင်မလား၊ ငါလည်း လိုက်ပါရစေ" လို့ ခွင့်တောင်းတာပေါ့။
"မရဘူး၊ ငါ့လှေပေါ်မှာ ရွှေတွေ၊ ငွေတွေ၊ ကျောက်သံပတ္တမြားတွေ အပြည့်ပဲ။ ဒီမှာမင်းအတွက် နေရာမရှိဘူး" လို့ ငြင်းဆန်ခဲ့တယ်။ ချစ်ခြင်းမေတ္တာဟာ မြုပ်လုလု ကျွန်းပေါ်မှာ ကျန်နေခဲ့ရတာပေါ့။ အဲဒီအချိန်မှာပဲ ခမ်းနားလှတဲ့ လှေတစင်း သူ့အနားကနေ ဖြတ်သွားတာကို တွေ့လိုက်ရတယ်။
လှေပေါ်ကို ကြည့်လိုက်တဲ့အခါ မောက်မာခြင်းကို သူတွေ့လိုက်ရတယ်။ "မောက်မာခြင်းရေ၊ ငါ့ကိုကယ်ပါဦးကွာ" လို့ ချစ်ခြင်းမေတ္တာက လှမ်းအော်လိုက်သတဲ့။ "မင်းကို ငါမကယ်နိုင်ဘူး ချစ်ခြင်း၊ မင်းတကိုယ်လုံးလည်း ရွံ့တွေ၊ ရေတွေနဲ့ စိုရွှဲနေတာပဲ၊ မင်းကြောင့် ငါ့လှေကြီး ပျက်စီးသွား နိုင်တယ်၊ မင်းကိုငါ ခေါ်မသွားနိုင်ဘူး" လို့ ပြန်ပြောခဲ့တယ်။
ချစ်ခြင်းမေတ္တာဟာ တကိုယ်တည်း ကျန်ခဲ့ရတာပေါ့။ ဝမ်းနည်းခြင်း ပိုင်တဲ့ လှေကြီး သူ့အနားကို ရောက်လာတဲ့အခါ ချစ်ခြင်းမေတ္တာက "ဝမ်းနည်းခြင်းရေ ငါ့ကို မင်းနဲ့အတူ လိုက်ခွင့်ပြုပါ" လို့ လှမ်းအော်လိုက်တယ်။ "ဟာ အချစ်ရေ၊ အခုငါ အရမ်း ဝမ်းနည်းနေတယ်ကွာ၊ ငါတယောက်တည်း နေပါရစေ" လို့ပြောပြီး ထွက်ခွာသွား ပြန်တယ်။
ပျော်ရွှင်ခြင်းကလည်း ချစ်ခြင်းမေတ္တာကို ချန်ထားခဲ့ပြန် တယ်တဲ့။ ဘာကြောင့်လဲ ဆိုတော့ သူဟာ အရမ်းပျော်ရွှင် နေတဲ့အတွက် ချစ်ခြင်းမေတ္တာရဲ့ လှမ်းအော်သံ ကိုတောင် မကြားနိုင်တော့လို့ ပါဘဲ။
အဲဒီအချိန်မှာပဲ "ငါ့ဆီလာခဲ့ ချစ်ခြင်းရေ၊ ငါမင်းကို ခေါ်သွားမယ်" ဆိုတဲ့ အသံကို ကြားလိုက်ရသတဲ့။ အဲဒါဟာ လှေတစင်းရဲ့ ခေါင်းဆောင်တယောက်ဆီက လာတဲ့အသံ ဖြစ်တယ်။ ချစ်ခြင်းမေတ္တာဟာ အရမ်း ဝမ်းသာ ပျော်ရွှင်သွားပြီး အဲဒီခေါင်းဆောင်ကို သူ့တို့ ဘယ်ကိုသွားနေကြသလဲ ဆိုတာတောင် မေးဖို့ မေ့လျော့သွားတယ်။
အဲဒီခေါင်းဆောင်ရဲ့ ဦးဆောင်ရာကို လိုက်သွားခဲ့ပြီး နောက်ဆုံးမှာတော့ ကုန်းမြေတခုကို ရောက်သွားခဲ့တယ်။ ချစ်ခြင်းမေတ္တာဟာ ဒီခေါင်းဆောင်အပေါ် သူအကြွေးတင်သွားခဲ့ပြီ ဆိုတာနားလည်ခဲ့တယ်။ အဲဒါကြောင့် အခြားခေါင်းဆောင်တဦးဖြစ်တဲ့ ဗဟုသုတကို "ကျွန်တော့်ကို ကူညီခဲ့တဲ့ ခေါင်းဆောင်က ဘယ်သူလဲ" လို့ မေးလိုက်တယ်။
"အဲဒါအချိန်ပဲ" လို့ ဗဟုသုတက တိုတိုရှင်းရှင်း ဖြေလိုက်တယ်။ "အချိန်လား၊ အချိန်က ကျွန်တော့်ကို ဘာလို့ကူညီရတာလဲ" ချစ်ခြင်းမေတ္တာက ထပ်မေးလိုက်တယ်။ ဗဟုသုတက နက်နက်ရှိုင်းရှိုင်း ပြုံးရင်း "မင်း(ချစ်ခြင်းမေတ္တာ)ဟာ ဘယ်လောက် တန်ဖိုးရှိသလဲ ဆိုတာ သူ (အချိန်) တယောက်တည်းကပဲ နားလည်နိုင်စွမ်း ရှိလို့ပေါ့"
ပုံပြင်လေးက ဒီနေရာလေးမှာပဲ အဆုံးသတ် သွားခဲ့ပါတယ်။ ဒီပုံပြင်ထဲကလိုပဲ ကျွန်တော်တို့ရဲ့ လက်တွေ့ဘဝမှာပဲ လူအချို့က ချမ်းသာခြင်းတွေကြောင့် ချစ်ခြင်းမေတ္တာကို မလိုအပ်သလို သဘောထားလာ ကြတယ်။ တချို့က မောက်မာခြင်းတွေကြောင့် ချစ်ခြင်းမေတ္တာကို တန်ဖိုးမထားကြ တော့ဘူး။ ဝမ်းနည်းခြင်းတွေကြောင့် ချစ်ခြင်းမေတ္တာကို စွန့်ပစ်ပြီး တကိုယ်တည်း နေကြတဲ့ သူတွေ ရှိသလို ပျော်ရွှင်ခြင်းတွေအပြည့်နဲ့မို့ ချစ်ခြင်းမေတ္တာကို လစ်လျူရှုတတ် လာကြပါတယ်။
တကယ်တော့ ကျွန်တော့်တို့ ဖြတ်သန်းကြရတဲ့ ဘဝခရီးလမ်းက တကယ်ကို ကြမ်းတမ်းပါတယ်။ ဆူကြုံနိမ့်မြင့် ရွေ့လျား လှုပ်ရှားနေတဲ့ ဘဝလှိုင်း ထမ်းပိုးတွေရဲ့ ဒါဏ်ကို ချစ်ခြင်းမေတ္တာ မပါဘဲ ဖြတ်သန်းဖို့ ဆိုတာ မှားယွင်းတဲ့ ရွေးချယ်မှုပါပဲ။
အဲဒီလိုပဲ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ ဆိုတာဟာလည်း အချိန်ရဲ့ တိုက်စားခြင်းကြောင့် ပိုပြီး အရောင် လက်လာရပါတယ်။ ချစ်ခြင်းမေတ္တာ မပါဘဲ ဘဝကိုး မဖြတ်သန်းလိုက်ပါနဲ့ မိတ်ဆွေ။ Crd
0 Comments