အချစ်၏ ဒုက္ခ

ထိုင်ဝမ်မှာ အမျိုးသမီးကြီး တဦး ရှိပါတယ်။ သူဟာ ကျောင်းဆရာမ တဦး ဖြစ်ပါတယ်။ အရွယ် ကောင်းတုန်းမှာပဲ ယောက်ျားဆုံးပါး သွားပါတယ်။ ငယ်ရွယ်တဲ့ သားလေးတယောက် ကျန်ရစ် ခဲ့ပါတယ်။ သားလေးကို ဘထွေးနဲ့ မကြုံစေချင်လို့ နောင်အိမ်ထောင် ထပ်မပြုပဲ အမေတခု သားတခုနဲ့ ပဲ သားလေးကို ပျိုးထောင်လာခဲ့ပါတယ်။

သားလေးလည်း အလွန် လိမ္မာပါတယ်။ အမေ့ ကိုလည်း အလွန် သိတတ်ပါတယ်။ ဒီလိုနဲ့ ဆရာမ ဝင်ငွေလေးနဲ့ သားလေးကို ရှိစုမဲ့စု ပျိုးထောင်လာ ခဲ့ပါတယ်။ သားကလည်း ထူးချွန်တာမို့ အမေရိကန် နိုင်ငံကို ပညာတော်သင် စေလွတ်နိုင် ခဲ့ပါတယ်။

အမေရိကမှာ သားကလည်း ထူးချွန်ပါတယ်။ ကျောင်းပြီးလို့ အလုပ်ကောင်းပြီး အမေရိက မှာပဲ အိမ်ထောင်ပြုပြီး ကိုယ်ပိုင်အိမ်တလုံး ဝယ်နိုင်ခဲ့ပါတယ်။ မြေးကလေးတယောက် ထွန်းကားခဲ့ ပါတယ်။ မိခင်ဖြစ်သူ ဆရာမကတော့ တာဝန်နဲ့မို့ ဆရာမ အဖြစ်ပဲ ထိုင်ဝမ်မှာ ဆက်လက် နေထိုင်ခဲ့ ပါတယ်။ ဒီလိုနဲ့ ဆရာမကြီးဟာ ပင်စင်ယူချိန် နီးလာ ပါတော့တယ်။

ပင်စင်ယူချိန် နီးလာလေလေ သားနဲ့ မြေးလေးကို သတိရ လေလေဖြစ်ပြီး သားလေး မိသားစုနဲ့ သွားရောက် နေထိုင်ဖို့ ဆန္ဒပြင်းပြ လာပါတယ်။ အမေ့ဖြစ်သူရဲ့ စိတ်ထဲမှာ သားလိမ္မာကြီးကို သတိရပြီး ပီတိ ဖြစ်နေတတ်ပါတယ်။ သြော် လုပ်ဖေါ်ကိုင်ဘက်တွေ ဒီသတင်း သိလိုက်ရင် တော့ဖြင့် ဘယ်လောက် အားကျလိုက်မလဲ ဆိုတာ တွေးတောပြီး ပြုံးနေတတ် ပါတယ်။

ဆရာမရဲ့ စာရေးချင်တဲ့ အမူအကျင့် အတိုင်း ဖုန်းခကို ချွေတာ တတ်သူမို့ သားဆီကို ပင်စင်ယူပြီးရင် အတူလာနေ ချင်ကြောင်း ရေးသားပေးပို့ လိုက်ပါတယ်။ သားဆီက ပြန်စာကို တော်တော်နဲ့ ပြန်မရဘူး။ အမေကလည်း ပင်စင်ယူဖို့ ပြင်ဆင်နေပြီး သားဆီက ပြန်စာကို မျော်နေတာပေါ့။ ပင်စင်ယူဖို့ တပတ်လောက် အလိုမှာ သားဆီက စာတစောင် ရောက်ရှိလာပါတယ်။ ဖောက်ဖတ် ကြည့်လိုက်တော့ ဒေါ်လာ သုံးသောင်းတန် ချက်လက်မှတ် တစောင်နဲ့ စာတစောင် တွေ့လိုက်ပါတယ်။ စာက ဒီလိုရေးထားပါတယ်။

"ချစ်လှစွာသော မေမေ သားနဲ့ သားဇနီး သေသေချာချာ ညှိနှိုင်းကြည့် ပြီးပါပြီ။ မေမေကို မလာစေချင် ပါဘူး။ မေမေသားကို ကျွေးမွေးခဲ့တာ မှန်ပါတယ်။ အဲဒီ ကုန်ကျ စားရိတ်ကို သားတို့ သေသေချာချာ တွက်ချက်ကြည့် ပြီးပါပြီ၊ ဒေါ်လာ (၂) သောင်းလောက် ကျပါတယ်။ အပို တသောင်းပါ ထပ်ပေါင်းလိုက်တော့ စုစုပေါင်း (၃) သောင်း မေမေ့ကို ပို့ပေးလိုက်ပါတယ်။ မေမေ နောက်ဆို သားဆီကို စာမရေးပါနဲ့တော့၊ သားမိန်းမက မကြိုက်လို့ပါ"

မိခင်ဖြစ်သူမှာ စာဆုံးအောင်ပင် ကောင်းကောင်း မဖတ်နိုင်ခဲ့ပါ။ မျက်ရည်နဲ့ မျက်ခွက် ဖြစ်နေပါပြီ။ အံ့သြခြင်း၊ ရင်နာခြင်း၊ယူကျုံးမရ ဖြစ်ခြင်း၊ မျော်လင့်ချက် တခုလုံး ပျောက်ဆုံးသွားခြင်း၊ စတဲ့ ခံစားချက်တွေနဲ့ ချုံးပွဲချ ငိုချလိုက် ပါတော့တယ်။ မိခင်ဆရာမ ဖြစ်သူကို တရားက ကယ်တင်သွားပါတယ်။ တရားစခန်း ဝင်တယ်။ တရားနာတယ်။ တရားထိုင်တယ်။ တော်တော်လေး စိတ်သက်သာရာ ရသွားပါတယ်။

နောက်တော့ သူမဟာ အဲဒီဒေါ်လာ ၃ သောင်းကို အသုံးပြုပြီး ကမ္ဘာပတ် ပါတော့တယ်။ ခရီးတလျှောက်လုံးမှာ ရှိတဲ့ သဘာဝတရားရဲ့ လှပဆန်းကျယ်မူကို သူမကောင်းစွာ ခံစားမိပြီး တခုခု အသိဝင် လိုက်သလို ခံစားလိုက်ရတယ်။ အဲဒါနဲ့ သူ့မသားကို စာတစောင် ထပ်မံ ရေးသားလိုက်ပါတယ်။

"ချစ်ရတဲ့ သား။ မေမေ့ကို စာထပ်မရေး ပါနဲ့တော့လို့ သားက ပြောထားပေမဲ့ မေမေပြောချင်တဲ့ စကား မပြည့်စုံသေးလို့ သားဆီကို စာထပ်ရေးလိုက် ရပါတယ်။ သားချက်လက်မှတ်နဲ့ ပိုက်ဆံကို ထုတ်ပြီး မေမေ ကမ္ဘာပတ် ခရီးသွားခဲ့ပါတယ်။ လည်ရင်းပတ်ရင်း စဉ်းစားရင်း ဆိုပါစို့၊ အဲလိုနဲ့ အသိတခု ဝင်လာသလိုပဲ။ ဟုတ်ပါတယ်။ သားကို ကျေးဇူးတင်ရမယ်။

တကယ်လို့ သားက မေမေကို ပြတ်ပြတ်သားသား စိမ်းကားတဲ့ စကား မဆိုခဲ့ဘူးဆိုရင် မေမေအဲလောက် သံဝေဂ တရား မြန်မြန်ရခဲ့မှာ မဟုတ်ပါဘူး။ အခုတော့ မေမေ နားလည်အသိနဲ့ သိသွားပါပြီ။ လောကကြီးမှာ အသေချာဆုံး၊ အရေရာဆုံး အရာဟာ မသေချာ မရေရာခြင်း ဖြစ်တယ်ဆိုတာ ကောင်းကောင်းကြီး သိသွားပါပြီ။ မေတ္တာလည်း အနိစ္စတရားကို ရှောင်ကွင်းလို့ မရဘူးဆိုတာ သိသွားပါပြီ။

တကယ်လို့ သားက မေမေကို မလိုချင်ပဲ လာခဲ့ပါလို့ အားနာနာနဲ့ ခေါ်ခဲ့မယ်ဆိုရင် အခုလောက်ဆို အားလုံးစိတ်ဒုက္ခ ရောက်နေလောက်ပါပြီ။ မေမေလည်း စိတ်ဆင်းရဲ ရပါမယ်။ အသက်တိုမယ်။ အခုတော့ မေမေ့စိတ်ထဲမှာလည်း သားဆိုတဲ့ အစွဲ မရှိတော့ပါဘူး။ သားရော မြေးပါ မေမေစိတ်ထဲမှာ လွှတ်ချနိုင် ခဲ့ပါပြီ။ ကိုယ့်မှာ အချစ်မရှိတော့ အချစ် ပြန်မလိုတော့ဘူးပေါ့။ အလိုမရှိတော့ ဒုက္ခကင်းတာပေါ့။ ဖြစ်ပေါ်ခဲ့တဲ့ အပြောင်းအလဲ အားလုံးကို မေမေ ကျေကျေနပ်နပ်ကြီးနဲ့ လက်ခံလိုက်ပါပြီ။ ကျေးဇူးတင်ပါတယ် သား"

ဇာတ်လမ်းလေးကတော့ ဒီလောက်ပါပဲ။ ပညာရှင်တဦးရဲ့ စကားကို သတိရစေပါတယ်။ "မိဘများရဲ့ အိမ်ဟာ သားသမီးများ အချိန်မရွေး ပြန်နိုင်တဲ့ အိမ်ဖြစ်ပါတယ်။ သားသမီးများရဲ့ အိမ်ဟာ မိဘများ အချိန်မရွေး သွားရောက် နေထိုင်နိုင်တဲ့ အိမ်မဟုတ်ပါ။ ကလေးကို မွေးဖွားခြင်းဟာ တာဝန်၊ ပျိုးထောင်ခြင်းဟာ ဝတ္တရား ဖြစ်ခဲ့မယ် ဆိုရင် အားကိုးလိုစိတ် မွေးမြူ ခဲ့ရင် မဟာအမှား ဖြစ်သွားပါလိမ့်မယ်။ အိုလာရင် ကိုယ့်ကျန်းမာရေးကို အတတ်နိုင်ဆုံး ဂရုစိုက်ပါ။ အိုစာနာစာ အမြဲချန်ထားပါ။ အိုဖို့ အတွက် မအိုခင်မှာ ကတည်းက ကြိုတင် ပြင်ဆင်ထားပါ။ အားလုံး ကျန်းမာချမ်းသာကြပါစေ။ Crd Ei Ei Khin

Post a Comment

0 Comments