ဘဝမှာ အရေးအကြီးဆုံးက

ကျွန်တော့်ဇနီး ညစာ ပြင်ဆင်နေတဲ့ အချိန်မှာ ကျွန်တော် အိမ်ပြန် ရောက်ခဲ့ပါတယ်။ သူရဲ့လက်ကို ကိုင်ပြီး ကျွန်တော် ပြောလိုက်တယ်။ "မင်းကိုငါ ပြောစရာရှိတယ်" သူကတော့ တိတ်တိတ် ဆိတ်ဆိတ် ထိုင်နေပြီး ညစာ စားနေခဲ့ ပါတယ်။

သူ့ရဲ့ မျက်လုံးတွေထဲမှာ နာကျင်မှုကို တွေ့မြင် နေရပါတယ်။ ကျွန်တော်ဘယ်က စပြောရ မှန်းတောင် မသိဘူး။ ဒါပေမယ့် ကျွန်တော် ဘာတွေ တွေးနေတယ် ဆိုတာကို သူ့ကိုပြောရမှာပါ။ ကျွန်တော် သူ့ကို ကွာရှင်းဖို့ ကိစ္စပေါ့။

တည်တည်ငြိမ်ငြိမ်ပဲ ကျွန်တော် စပြောခဲ့တယ်။ သူ့ကို ကြည့်ရတာတော့ ကျွန်တော့် စကားလုံးတွေ ကို စိတ်ပျက်နေပုံ မတွေ့ရဘူး။ ကျွန်တော့်ကို နူးညံ့စွာပဲ မေးခဲ့ပါတယ်။ "ဘာကြောင့်လဲ" တဲ့။ သူ့မေးခွန်းကို မဖြေဘဲ စကားလွှဲလိုက် ပါတယ်။ အဲဒါကြောင့်ပဲ သူ ဒေါသ ထွက်သွားတယ်။ လက်ထဲကိုင်ထားတဲ့ တူတွေကို လွှင့်ပစ်ပြီး ကျွန်တော့်ကို အော်တယ်။ "နင်ယောက်က်ျား ဟုတ်ဘူးလား"

အဲဒီညက ကျွန်တော်တို့ စကား မပြောဖြစ် ကြတော့ပါဘူး။ သူကတော့ ငိုပဲ ငိုနေခဲ့ ပါတော့တယ်။ ကျွန်တော်တို့ရဲ့ အိမ်ထောင်သည် ဘဝမှာ ဘာမှားယွင်းနေလဲ သူတွေးနေမယ် ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် သူကျေနပ်မယ့် အဖြေမျိုး ကျွန်တော် မပေးနိုင်တာ ခက်တယ်။

ကျွန်တော် ဂျိန်းကို ချစ်မိနေလို့ သူ့ကို ဆက်မချစ်နိုင် တော့တာပါ။ သူ့ကို ကရုဏာ သက်ရုံက လွဲလို့ ကျွန်တော် ဘာမှ မတတ်နိုင် တော့ပါဘူး။ ကိုယ့်ကိုယ်ကို အပြစ် တော်တော်ကြီးတယ် လို့ ခံစား နေရင်းပဲ ကွာရှင်းဖို့ သဘော တူညီချက် တွေကို ကျွန်တော် ရေးခဲ့ပါတယ်။

သူဟာ လက်ရှိ အိမ်ရယ် ကားရယ် ကျွန်တော့် ကုမ္ပဏီက ရှယ်ယာ ၃၀% ရယ်ကို ရမှာ ဖြစ်ပါတယ်။ သူကတော့ အဲဒီသဘောတူညီချက်ကို ဖြတ်ကနဲ တချက်ကြည့်ပြီး အပိုင်းပိုင်း အစစ စုတ်ဖြဲ ပစ်လိုက်ပါတယ်။ ကျွန်တော်နဲ့ ဆယ်နှစ်လုံးလုံး ပေါင်းသင်းလာတဲ့ မိန်းမ ဖြစ်ပေမယ့် ကြည့်ရင်း ကြည့်ရင်း သူစိမ်း ဆန်လာသလို ခံစားရ ပါတယ်။

ကျွန်တော် သူ့ရဲ့ အချိန်တွေ၊ စွမ်းအင် တွေကို ဖြုန်းတီးသလို ဖြစ်ခဲ့တာကို ဝမ်းနည်းပေမယ့် ဂျိန်းကို နူးညံ့ငြင်သာစွာ ပြောခဲ့တဲ့ ချစ်တယ် ဆိုတဲ့ စကားကို တော့ ပြန်မရုတ်သိမ်းနိုင် တော့ပါဘူး။ နောက်ဆုံးတော့ သူဟာ ကျွန်တော့်ရှေ့မှာ ကျွန်တော် မျှော်လင့် ထားခဲ့သလို ကျယ်လောင်စွာ ငိုကြွေးပါတော့တယ်။

သူဒီလို ငိုနေတာက ကျွန်တော့်ကို သက်သာရာ ရစေပါတယ်။ ကျွန်တော့်စိတ်ထဲမှာ ရက်သတ္တပတ် ပေါင်းများစွာ တနုံ့နုံ့ ဖြစ်နေခဲ့တဲ့ ကွာရှင်းခြင်းဟာ ခုတော့ ပိုမို ရှင်းလင်းခိုင်မာ လာပါပြီ။

နောက်တနေ့မှာ ကျွန်တော်အိမ်ကို တော်တော် နောက်ကျမှ ပြန်လာတော့ သူ့မှာကို စားပွဲမှာ ထိုင်ပြီး စာရေးနေတာ တွေ့ရပါတယ်။ ကျွန်တော်ညစာ မစားခဲ့ရ သေးပေမယ့် တနေ့ကုန် ဂျိန်းနဲ့ စီစဉ်စရာ ရှိတာတွေ စီစဉ်ခဲ့ရတော့ မြန်မြန် အနားယူချင်တာပဲ သိပါတယ်။

ကျွန်တော် တရေးနိုး လာတော့ သူ့ကို စားပွဲမှာပဲ စာရေးနေတာ တွေ့တယ်။ သိပ်စိတ်မဝင်စားလို့ ဟိုဖက်လှည့်ပြီး ဆက်အိပ်ခဲ့ပါတယ်။ မနက်ရောက်တော့ ကွာရှင်းခြင်းအတွက် သူ့ဖက်က တောင်းဆိုချက်တွေကို ကျွန်တော့ကို ပြပါတယ်။

သူ ကျွန်တော့်ဆီက ဘာမှမလိုချင်ပါဘူး။ ဒါပေမယ့် မကွာရှင်းခင် တလကြိုတင် အကြောင်းကြားဖို့ တောင်းဆိုပါတယ်။ ပြီးတော့ အဲလို တောင်းဆိုပြီး တလအတွင်းမှာ သာမန် ဘာမှမဖြစ်သလို နေထိုင်ဖို့ လည်း သူက တောင်းဆိုပါတယ်။

သူ့ရဲ့ အကြောင်းပြချက် ကတော့ ရှင်းပါတယ်။ ရှေ့လမှာ ကျွန်တော်တို့ သားရဲ့ စာမေးပွဲ ရှိတယ်။ ကျွန်တော်တို့ရဲ့ ကွာရှင်းပြတ်စဲ မှုကြောင့် သားရဲ့ပညာရေးကို မထိခိုက်စေချင်တာ ပါပဲ။ ဒါကို ကျွန်တော် လက်ခံနိုင်ပါတယ်။ ဒါပေမယ့် သူ့ဖက်က တောင်းဆိုတာ နောက်ထပ် ရှိပါသေးတယ်။

သူ တောင်းဆိုတာက ကျွန်တော်တို့ မင်္ဂလာဆောင်တဲ့နေ့က သတို့သမီး ဝတ်စုံလဲခန်းထဲ ကနေ သူ့ကို ပွေ့ချီပြီး ခေါ်ထုတ်ခဲ့သလို ပြန်သရုပ်ဆောင် ပေးဖို့ပါပဲ။ အဲဒီတလ အတွင်းမှာ နေ့တိုင်းနေ့တိုင်း ကျွန်တော်တို့ အခန်းထဲကနေ အိမ်ရှေ့တံခါးထိ သူ့ကို ပွေ့ချီပြီး ခေါ်ထုတ်ဖို့ပါပဲ။

ကျွန်တော် ထင်လိုက်တာကတော့ သူရူးနေပြီ ဆိုတာပါပဲ။ ကျွန်တော့်တို့ရဲ့ နောက်ဆုံး လတလကို အတူတူ သည်းခံမှာပဲလေ ဆိုပြီးတော့ ဒီတောင်းဆိုချက်ကိုလည်း ကျွန်တော် လက်ခံလိုက်ပါတယ်။

ဂျိန်းကို ကျွန်တော့်ဇနီးရဲ့ တောင်းဆိုချက်တွေကို ပြောပြလိုက်တယ်။ ဂျိန်းက အော်ရယ်ပြီး တော်တော် ကို့ရိုးကားယား နိုင်တာပဲ လို့ပြောပါတယ်။ ကျွန်တော့်ဇနီး ဘာလှည့်ကွက်တွေပဲ လုပ်နေ လုပ်နေ ဒီကွာရှင်းမှုကို ရင်ဆိုင်မှာပဲလို့ အရေးမစိုက်သလို ပြောပါတယ်။ ကျွန်တော်ရော ကျွန်တော့်ဇနီးရော ကွာရှင်းမှု မလုပ်ရသေးသ၍ ဘယ်သူ့ကိုမှ အဆက်အသွယ် သိပ်မလုပ်တော့ပါဘူး။

ပထမဆုံး သူ့ကို အခန်းထဲက ပွေ့ချီပြီး ခေါ်ထုတ်ရမယ့်နေ့မှာ ကျွန်တော်တို့ နှစ်ယောက်လုံး အချိုးမပြေတဲ့ ပုံစံ ပေါက်နေပါတယ်။ သားကတော့ ကျွန်တော့်တို့ နောက်ကနေ ဖေ့ဖေ့က မေမေ့ကို ပွေ့ထားတယ်ကွ ဆိုပြီး လက်ခုပ်တွေ တီးနေပါတော့တယ်။ သားရဲ့ စကားလုံးတွေက ကျွန်တော့်ကို နာကျင်စေပါတယ်။ အိပ်ခန်းထဲကနေ ထွက်တယ်၊ ဧည့်ခန်းကို ဖြတ်တယ်၊ ပြီးတော့ တံခါးဆီကို သွားတယ်။

သူ့ကို ပွေ့ချီပြီး ဆယ်မီတာလောက် ကျွန်တော် လမ်းလျှောက်ခဲ့ပါတယ်။ သူကတော့ မျက်လုံးတွေမှိတ်ထားပြီး ကွာရှင်းမယ့်အကြောင်း သားလေးကို မပြောဖို့ တိုးတိုးလေး ကျွန်တော့်ကို ပြောနေပါတယ်။ ကျွန်တော့်ခေါင်း ငိုက်စိုက်ကျသွားပြီး တစုံတခုကို စိတ်ပျက်သလို ခံစားရပါတယ်။ အိမ်ပြင်ရောက်တော့ သူ့ကို အောက်ချပေးလိုက် ပါတယ်။ သူက အလုပ်သွားဖို့ ဘတ်စ်ကား မှတ်တိုင်ဆီ လမ်းလျှောက်သွားပါတယ်။ ကျွန်တော်ကတော့ ရုံးကို ကားမောင်းလာခဲ့ပါတယ်။

ဒုတိယနေ့မှာတော့ ကျွန်တော်တို့ နှစ်ယောက်စလုံး သရုပ်ဆောင်ရတာ ပိုလွယ်လာ ပါပြီ။ သူက ကျွန်တော့ ရင်အုံပေါ်မှာ မှီထားပါတယ်။ သူ့ရဲ့ ဘလောက်စ်အင်္ကျီက ရနံ့လေးတွေတောင် ကျွန်တော် ရနေခဲ့ပါတယ်။ ကျွန်တော် ဒီမိန်းမကို သေချာ မကြည့်ဖြစ်တာ တော်တော်တောင် ကြာနေပြီ ဆိုတာလည်း သတိထားမိတယ်။

ထပ်ပြီး သတိထားမိ တာကတော့ သူ မငယ်တော့ဘူး ဆိုတာပါပဲ။ သူ့ရဲ့မျက်နှာ ပေါ်မှာ အရေးအကြောင်းတွေ တွေ့နေရပါပြီ။ သူ့ဆံပင်ကလည်း ခပ်မွဲမွဲ ဖြစ်နေပါပြီ။ ကျွန်တော်တို့ရဲ့ အိမ်ထောင်သည်ဘဝက သူ့ကို ဒါမျိုးဖြစ်စေတာလား ဆိုတာ ကျွန်တော် စဉ်းစားနေမိပါတော့တယ်။

စတုတ္ထမြောက်နေ့ မှာတော့ သူ့ကိုစပြီး ပွေ့ချီလိုက်ချိန်မှာပဲ ရင်းနှီးတဲ့ စိတ်ခံစားမှု တခု ပြန်ရလိုက်ပါတယ်။ ဒီမိန်းမဟာ သူ့ဘဝရဲ့ ဆယ်နှစ်တာ ကာလကို ကျွန်တော့်ကို ပေးခဲ့တာပဲ။ ပဉ္စမမြောက်နေ့နဲ့ ဆဌမမြောက်နေ့ မှာလည်း ကျွန်တော်တို့ ကြားထဲက ရင်းနှီးမှုဟာ ပိုမိုကြီးမား လာခဲ့တာကို ခံစားရပါတယ်။

ဒီအကြောင်းတွေ ကိုတော့ ကျွန်တော် ဂျိန်းကို မပြောဖြစ်ပါဘူး။ သူ့ကို ပွေ့ချီပြီး လမ်းလျှောက်ရတာ တနေ့ထက် တနေ့ ပိုမို ပေါ့ပါးလာသလို ခံစားရပါတယ်။ နေ့စဉ် လုပ်နေရတာ ဆိုတော့ အကျင့်ဖြစ်သွားတယ် ထင်ပါရဲ့။

တနေ့ မနက်ခင်း မှာတော့ သူဘာဝတ်ရမလဲ ရွေးနေပါတယ်။ ဝတ်စုံ လေးငါးစုံ လဲကြည့်ပြီးတာတောင် သူမကျေနပ်သေးဘူး။ ပြီးတော့ သူသက်ပြင်းပြီး ပြောတယ်။ “ငါ့အကျီတွေ အားလုံးက ကြီးကုန်ပြီဟယ်” အဲဒီမှာ ကျွန်တော် သတိထားမိတာက သူတော်တော် ပိန်သွားတယ်ဆိုတာပဲ။ အော် ဒါကြောင့် သူ့ကို ပွေ့ချီပြီး လမ်းလျှောက်ရတာ တဖြည်းဖြည်း ပေါ့လာတာကိုး။

ရုတ်တရက် ဖြတ်အရိုက်ခံရသလို ခံစားလိုက်ရတယ်။ သူဟာ နာကျင်မှုတွေနဲ့ ခါးသီးမှုတွေကို သူ့နှလုံးသား ထဲမှာပဲ သိမ်းထားတာကိုး။ ဘာလုပ်မိမှန်း မသိလိုက်ခင်ပဲ ကျွန်တော် သူ့အနား ရောက်သွားပြီး သူ့ခေါင်းကို အသာအယာ ထိလိုက်မိတယ်။

အဲဒီအချိန်မှာပဲ သားက ဝင်လာပြီး ပြောတယ်။ "ဖေဖေရေ မေ့မေ့ကို ပွေ့ခေါ်ရမယ့် အချိန်ရောက်ပြီလေ" သားအတွက်ကတော့ သူ့ဖေဖေက သူ့မေမေကို ပွေ့ပြီး ခေါ်ထုတ်တာဟာ သူ့ရဲ့ ဘဝအစိတ်အပိုင်း တခုလို့ လက်ခံထားပုံ ရပါတယ်။ ကျွန်တော့် ဇနီးက သားကို လက်ယပ်ခေါ်ပြီး ခပ်တင်းတင်း ပွေ့ဖက်ထား ပါတော့တယ်။

အဲဒီအချိန်မှာ ကျွန်တော်ကတော့ မျက်နှာလွှဲထားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအချိန်လေးအတွင်းမှာ ကျွန်တော့်စိတ် ပြောင်းလဲသွားမှာ စိုးလို့ပါပဲ။ အဲဒါပြီးတော့ ကျွန်တော် သူ့ကို ပွေ့ချီလိုက်ပါတယ်၊ ပြီးတော့ အခန်းထဲက လမ်းလျှောက်ထွက်ခဲ့တယ်၊ ဧည့်ခန်းကို ဖြတ်ပြီး အိမ်ရှေ့တံခါးထိ ပေါ့။

သူ့ရဲ့လက်တဖက်က ကျွန်တော့်လည်ပင်းကို ညင်ညင်သာသာနဲ့ ဘာမှ မဖြစ်သလို ပွေ့ဖက်ထားပါတယ်။ ကျွန်တော် သူ့ရဲ့ ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ် ပွေ့ထားပါတယ်။ ဒါဟာ ကျွန်တော်တို့ မင်္ဂလာဆောင်တဲ့ နေ့ကအတိုင်း အတိအကျပါပဲ။ ဒါပေမယ့် သူ့ရဲ့ ပိုမိုပေါ့ပါးလာတဲ့ ကိုယ်ခန္ဓာက ကျွန်တော့်ကို ဝမ်းနည်းစေပါတယ်။

နောက်ဆုံးနေ့ ရောက်လို့ သူ့ကို ပွေ့လိုက်တဲ့အချိန်မှာတော့ ကျွန်တော်ဟာ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းကို ခက်ခက်ခဲခဲ လှမ်းနေရပါတော့တယ်။ သားကတော့ ကျောင်းသွားပါပြီ။ ကျွန်တော်သူ့ကို တင်းတင်းကြပ်ကြပ်ပွေ့ပြီး ပြောလိုက်တယ်။ "ငါတို့ကြားတဲ့က ရင်းနှီးချစ်ခင်မှုတွေ ပျောက်ပျက်သွားမှာ ငါမလိုချင်တော့ဘူး"

အဲလို ပြောပြီးတော့ ရုံးကို ချက်ချင်း ကားမောင်းလာခဲ့တယ်။ ကားထဲက ခပ်မြန်မြန် ခုန်ထွက်တယ်။ ကားတံခါးတောင် လော့မချမိဘူး။ ဒီအချိန်မှာ နှောင့်နှေးမှုတခုခုက ကျွန်တော့်စိတ်ကို ပြောင်းလဲသွားမှာ ကျွန်တော် ကြောက်လို့ပါပဲ။

ကျွန်တော် ရုံးအပေါ်ထပ်ကို တက်သွားတယ်။ ဂျိန်းရဲ့ အခန်းတံခါးကို ဖွင့်ပြီး ဂျိန်းကို ပြောလိုက်တယ်။ "ဆောရီပါ ဂျိန်းရယ် ငါမကွာရှင်းတော့ဘူး" ဂျိန်းက ကျွန်တော့်ကို အံ့အားတသင့်နဲ့ ကြည့်တယ်။ ပြီးတော့ ကျွန်တော့်နဖူးကို စမ်းပြီးမေးတယ်။ "နေကောင်းရဲ့လား"

ကျွန်တော် နဖူးပေါ်က ဂျိန်းရဲ့လက်ကို ဆွဲဖယ်လိုက် ပါတယ်။ "ဆောရီး ဂျိန်း ငါမကွာရှင်းနိုင်တော့ဘူး" လို့ ကျွန်တော်ပြောလိုက်တယ်။ "ငါ့ရဲ့ အိမ်ထောင်သည် ဘဝဟာ ငါနဲ့ ငါ့ဇနီး တယောက်ကို တယောက် မချစ်တော့လို့ ပျင်းစရာ ကောင်းနေတာမဟုတ်ပါဘူးဟာ။ ငါတို့ ဘဝရဲ့ တန်ဖိုးကို ငါတို့ နားမလည်ခဲ့လို့ပါ။ အခု ငါသဘောပေါက် သွားပြီ။

သူ့ကို ငါတို့ မင်္ဂဆောင်တဲ့နေ့ကလို အခန်းထဲကနေ ပွေ့ချီပြီး နေ့တိုင်း ခေါ်ထုတ်သွားတော့မယ်။ ငါတို့ သေခွဲခွဲရတဲ့ နေ့အထိပေါ့ဟာ" လို့ ကျွန်တော်ဆက်ပြောလိုက်တယ်။ ဂျိန်းက ရုတ်တရက် အိပ်ရာက နိုးထလာသူလို ဖြစ်သွားပါတယ်။ ကျွန်တော့်ကို ဖျန်းခနဲ ရိုက်လိုက်တယ်။ ပြီးတော့ တံခါးကို ဆောင့်ပိတ်သွားပြီး အကြီးအကျယ် ငိုကြွေးနေပါတော့တယ်။

ကျွန်တော်ကတော့ အောက်ထပ်ကို ပြန်ဆင်းလာပြီး ကားလျှောက်မောင်းနေမိ ပါတော့တယ်။ လမ်းမှာတွေ့တဲ့ ပန်းဆိုင်မှာ ဇနီးသည်အတွက် ပန်းခြင်းတခြင်း ဝင်မှာခဲ့ပါသေးတယ်။ အရောင်းစာရေးမလေးက ကဒ်ပေါ်မှာ ဘယ်လို ရေးပေးရမလဲ လို့ မေးတော့ ကျွန်တော်ပြုံးပြီး ဖြေလိုက်တယ်။

"ငါတို့ မသေမချင်း မင်းကိုနေ့စဉ် အခန်းထဲကနေ ပွေ့ချီပြီး ခေါ်ထုတ်သွားပါ့မယ်" လို့ပေါ့ဗျာ။ အဲဒီညနေ အိမ်ပြန်ရောက်တော့ ကျွန်တော့်လက်ထဲမှာက ပန်းတွေနဲ့ ကျွန်တော့မျက်နှာပေါ်မှာက အပြုံးတွေနဲ့ပေါ့ဗျာ။ လှေကားထစ်တွေကို ကျွန်တော် ပြေးတက်လာတယ်။

ဒါပေမယ့် အဲလို ပြေးတက်လာ ခဲ့တာဟာ အိပ်ခန်းထဲက သေဆုံးသွားပြီဖြစ်တဲ့ ဇနီးရဲ့ ခန္ဓာကိုယ်ကို ကြည့်ဖို့ သက်သက် ဖြစ်လာပါတော့တယ်။ ဟုတ်ပါတယ်။ တကယ်တော့ ဇနီးသည်ဟာ ကင်ဆာရောဂါကို ခံစားနေခဲ့ရတာ လပေါင်းများစွာ ကြာမြင့်နေခဲ့ပါပြီ။ ကျွန်တော်ကသာ အလုပ်တွေ များလွန်းလို့ သတိမထားမိခဲ့တာ။ သူကတော့ သူမသေခင်မှာ သားက ကျွန်တော့်အပေါ် အဆိုးမြင်သွားမှာ လုံးဝ မလိုလားခဲ့ဘူးလေ။ ကျွန်တော်တို့ ကွာရှင်းဖြစ်ခဲ့သည့် တိုင်အောင် သားရဲ့ အမြင်မှာ ကျွန်တော်ဟာ ယောက်ျားကောင်း တယောက် ဖြစ်နေစေချင်ခဲ့တယ်။

ကဲ မိတ်ဆွေရဲ့ ဘဝမှာ ဘာအရေးကြီးလဲဆိုတာ သိလောက်ပါပြီ။ ဘဝမှာ ပျော်ရွှင်မှုတွေ သယ်ယူလာနိုင်တာ ဘာတွေလဲ။ အိမ်ကောင်းကောင်း မဟုတ်ပါဘူး၊ ကားကောင်းကောင်း မဟုတ်ပါဘူး၊ ပစ္စည်းဥစ္စာတွေ ပိုက်ဆံတွေလည်း မဟုတ်ပါဘူး။ အဲဒါတွေက ပတ်ဝန်းကျင်ကို ပျော်စရာ ဖြစ်အောင်တော့ လုပ်ပေးပါတယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင် ကတော့ ပျော်စရာတွေ မပေးစွမ်း နိုင်ပါဘူးလေ။

ဒါကြောင့် သင့်အိမ်ထောင်ဖက်ရဲ့ သူငယ်ချင်းတယောက်လို ရင်းနှီးခင်မင်မှုလေးတွေ တည်ဆောက်လိုက်ပါ။ သင့်ရဲ့ အိမ်ထောင်သည်ဘဝ သာယာနိုင်ပါစေ။ ဒီစာကို သင်ပြန်လည် မမျှဝေလည်း ဘာမှ ဖြစ်သွားမှာ မဟုတ်ပါဘူး။ မျှဝေလိုက်ရင်တော့ သင်ဟာ အိမ်ထောင်သည် ဘဝတခုကို ကယ်တင်လိုက်နိုင်တာပါပဲ။ ပေးဆပ်လိုက်ရင် ဘာတွေ အောင်မြင်နိုင်မလဲဆိုတာ မသိတဲ့ လူတွေပဲ ကျရှုံးကြတာပါ။ ဘာသာပြန်သူ ပေါက်ကျိုင်းဆန်း

Post a Comment

0 Comments