ရှေးရှေးတုန်းက ဂင်္ဂါမြစ်ကမ်းမှာ ဆာဒူးကြီးတဦး ရှိသတဲ့။ တနေ့တော့ သူဟာ စကားမပြောဘဲ ဝဇီပိတ် ကျင့်ကြံနေသတဲ့။ သူပြောလိုတဲ့ အကြောင်း အရာတွေကို အမူအရာနဲ့ပဲ ပြပြီးပြောတာပေါ့။ သူ့ရဲ့ ထူးခြားတဲ့ အပြုအမူကြောင့် ဆာဒူးကြီးမှာ တပည့်တပန်း တွေလည်း ရှိလာပါတယ်။
တနေ့မှာတော့ သူဟာ ဂါနီလို့ အမည်ရတဲ့ သူရဲ့အိမ်ကို အလှူခံ ထွက်လာသတဲ့။ ဦးဂါနီရဲ့ သမီးလေး ဗီရှီဟာ အလွန်ချောမော လှပသတဲ့။ ချောမောလှပတဲ့ ဗီရှီလေးဟာ ဆာဒူးကြီးကို လှူဖွယ်ပစ္စည်းတွေ လှူဒါန်းသတဲ့။ ဆာဒူးကြီးဟာ ဗီရှီလေးကို အနီးကပ် မြင်လိုက်ရတဲ့ အခါမှာ သတိလက်လွတ် ဖြစ်သွားပြီး လှလိုက်တာလို့ ရေရွတ်မိသတဲ့။
အချိန်ခဏ အတွင်းမှာပဲ ဆာဒူးကြီးဟာ သတိလက်လွတ် ဖြစ်သွားရာကနေ သတိ ပြန်ဝင်လာပြီး နောက်ကို ဆုတ်လိုက်မိ သတဲ့။ ဒါပေမယ့် ဦးဂါနီ ကတော့ ဆာဒူးကြီး ရေရွတ်လိုက်တာကို လှမ်းမြင်လိုက် တာကြောင့် အနားကို လာပြီး မေးသတဲ့။ "အရှင်ရေ အရှင့်အနေနဲ့ စကားမပြောဘဲ ဝဇီပိတ် ကျင့်ကြံနေတယ်လို့ သိထားပါတယ်။ ဒါပေမယ့် ခုနက ကျွန်တော်မျိုး အိမ်ရှေ့မှာ တခုခု ရေရွတ် လိုက်တယ်လို့ ထင်ပါတယ်"
ဆာဒူးကြီးဟာ အမှန်အတိုင်း ဝန်မခံလို တာကြောင့် "ငါ့ရဲ့ ဝဇီပိတ် အကျင့်အကြံ ပျက်သွားတာဟာ မင်းရဲ့ သမီးကြောင့် ဖြစ်တယ်" လို့ လိမ်လည်ပြီး ဖြေဆိုလိုက်သတဲ့။ "အလို ဘယ်လိုကြောင့်များ ကျွန်တော်မျိုး သမီးရဲ့ အပြစ် ဖြစ်ရတာလဲ အရှင်ရဲ့" လို့ ဂါနီက မေးတဲ့အခါ "သင်ဟာ ကံဆိုးမိုးမှောင် ကျရတော့မယ် ဦးဂါနီရေ။ သင့်ရဲ့သမီးဟာ ကံကြမ္မာဆိုး တွေကို သယ်ဆောင် လာတဲ့သူ ဖြစ်တယ်။ သင့်ရဲ့ သမီးကို အိမ်ထောင် ပြုပေးလိုက်တာနဲ့ တပြိုင်နက် သင်ဒုက္ခ ရောက်ရလိမ့်မယ်" လို့ ပြောသတဲ့။
ဦးဂါနီလည်း တုန်လှုပ် ခြောက်ခြား သွားပြီး ဘယ်လိုလုပ်ရမလဲ ဆိုတာ အကြံဉာဏ် တောင်းတော့တာပေါ့။ လိမ်လည် လှည့်ဖျားလိုတဲ့ ဆာဒူးကြီးဟာ အခုလို ပြောသတဲ့။ "သင့်ရဲ့သမီးကို သေတ္တာတလုံး အတွင်းမှာ ထည့်ပြီး အဖုံးပိတ် လိုက်ပါ။ ပြီးရင် မြစ်ရေထဲမှာ မျှောလွှင့်လိုက်ပါ။ ဒါဆိုရင် သင်ဟာ တသက်လုံး ပျော်ပျော်ရွှင်ရွှင် နေထိုင် သွားရလိမ့်မယ်"
အသိဉာဏ်ပညာ နည်းပါးပြီး တကိုယ်ကောင်း ဆန်တဲ့ ဦးဂါနီကလည်း ဆာဒူးကြီး ပြောတဲ့အတိုင်း လုပ်ဖို့ သဘောတူလိုက်သတဲ့။ သမီးလေး ဗီရှီ ကန့်ကွက် ဆန့်ကျင်နေတဲ့ ကြားကပဲ သေတ္တာထဲကို အတင်းထည့် ပိတ်လိုက်ပြီး မြစ်ထဲကို မျှောလိုက်သတဲ့။ လိမ်လည် လှည့်ဖျားတဲ့ ဆာဒူးကြီးကလည်း သူ့ရဲ့ တပည့်တွေကို မြစ်ထဲမှာ သေတ္တာတလုံး မျောလာမယ့် အကြောင်း ပြောထားပြီး သေတ္တာကို တွေ့ရင် အဖုံး ဖွင့်မကြည့်ဘဲ သူ့ဆီကို ယူလာခဲ့ဖို့ မှာထားသတဲ့။
ဒီအချိန်မှာ မင်းသားလေး တပါးဟာ မြစ်ကမ်းနဖူးတလျှောက်မှာ လေညှင်းခံရင်း လမ်းလျှောက် ထွက်လာသတဲ့။ မြစ်ထဲမှာ မျောပါလာတဲ့ သေတ္တာကို တွေ့လိုက်ရတဲ့အခါ မင်းသားလေးဟာ သူ့ရဲ့နောက် လိုက်နောက်ပါ တပည့်တွေကို ဆယ်ယူဖို့ ပြောသတဲ့။ သေတ္တာကို ဖွင့်ကြည့်ပြီး ချောမောလှပတဲ့ မိန်းမပျိုလေးကို တွေ့လိုက်ရတဲ့အခါ မင်းသားလေးဟာ အရမ်း အံ့သြသွားတာပေါ့။
မိန်းမပျိုလေး ဗီရှီကလည်း မင်းသားလေးကို အကြောင်းစုံ ပြောပြလိုက် တာပေါ့။ စိတ်ထားကောင်းတဲ့ မင်းသားလေးဟာ အကောက်ကြံတဲ့ ဆာဒူးကြီးကို သင်ခန်းစာ ပေးဖို့ ဆုံးဖြတ်လိုက်သတဲ့။ သေတ္တာထဲကို တောထဲက မျောက်တကောင် ဖမ်းထည့်ပြီး မြစ်ထဲကို မျှောလိုက်သတဲ့။ ဆာဒူးကြီးရဲ့ တပည့်တွေလည်း မြစ်ထဲမှာ မျောလာတဲ့ သေတ္တာကို တွေ့တဲ့အခါ ဆာဒူးကြီး မှာထားတဲ့အတိုင်း သယ်ပြီး ယူလာကြတာပေါ့။
သေတ္တာ ရောက်လာတဲ့အခါ ဆာဒူးကြီးဟာ သူတရားထိုင်မှာ ဖြစ်တဲ့အတွက် သူ့ရဲ့တပည့်တွေကို အနားမှာ မနေကြဖို့ ညွှန်ကြားသတဲ့။ ညသန်းခေါင် ရောက်တဲ့အခါ ဆာဒူးကြီးဟာ သေတ္တာကို တိတ်တိတ်လေး ဖွင့်လိုက်သတဲ့။ ဒီအခါမှာ စိတ်ဆိုးနေတဲ့ မျောက်ရိုင်းဟာ ဆာဒူးကြီးကို ကုတ်ဖဲ့ပြီး လိုက်ကိုက်သတဲ့။
ဆာဒူးကြီးလည်း ကြောက်လန့်တကြားနဲ့ အကူ အညီတောင်းရတော့တာပေါ့။ တပည့်တွေ ရောက်လာတဲ့ အခါမှာ အဖြစ်အပျက်ကို နားလည် သွားကြပြီး ဆာဒူးကြီးကို ပျက်ရယ် ပြုကြတာပေါ့။ကိုယ်ကျင့်တရား မကောင်းဘဲ လိမ်လည်လှည့်ဖျားတဲ့ ဆာဒူးကြီးကို တပည့်တွေက စွန့်ခွာသွား ကြသတဲ့။
ဒါကြောင့် သူတပါးကို လိမ်လည် လှည့်ဖျားတာမျိုး မလုပ်တာ အကောင်းဆုံးပါ။ လိမ်လည် လှည့်ဖျား တတ်တဲ့ သူတွေဟာ ကိုယ်ပြုတဲ့ မကောင်းမှု အကုသိုလ်ကြောင့် နောင်တချိန်မှာ ကိုယ်ကိုယ်တိုင်ပဲ ဒုက္ခရောက်ကြတယ် ဆိုတဲ့ အချက်ကို ဒီအကြောင်းအရာလေးက သင်ခန်းစာ ပေးထားတာ ဖြစ်ပါတယ်။ Crd
0 Comments