ဒို့နိုင်ငံက စာတတ်ပေတတ်များ

ရုံးခန်းတံခါးကို မခေါက်ဘဲ ဝင်လာသဖြင့် ညွှန်ချုပ်က မော့မကြည့်ဘဲ စိတ်တိုကာ "တံခါးဝမှာ စာမဖတ်ဘူးလား တံခါးခေါက်ပြီးမှ ဝင်ပါ ဆိုတာ" လို့ အော်လိုက်တယ်။ မော့ကြည့်လိုက်တော့ ရုံးအုပ် စာရေးကြီး ကိုမောင်ကြည် ဖြစ်နေတယ်။

ညွှန်ချုပ်က စိတ်တိုတိုနဲ့ "ကိုမောင်ကြည် ဘာကိစ္စလဲ" လို့ မေးလိုက်တယ်။ ကိုမောင်ကြည်က

"ကျွန်တော် အလုပ်ထွက်စာ လာတင်တာပါ ဆရာ" လို့ ပြောလိုက်တယ်။

"ကိုမောင်ကြည် ဘာဖြစ်လို့ အလုပ် ထွက်မှာလဲ"

"ကျွန်တော် စာမတတ်တဲ့ သူတွေနဲ့ အတူ လက်တွဲပြီး အလုပ် မလုပ်နိုင် လို့ပါ ဆရာ"

"ဟာ ခင်ဗျား စကားကြီး ကလည်း ကျုပ်တို့ ရုံးမှာ အောက်ခြေဝန်ထမ်း သန့်ရှင်းရေးတောင် ၁၀ တန်းမှ ခန့်တာ"

"ဟုတ်ကဲ့ပါ ဆရာ ရုံးမှာ စကား တိုးတိုးပြောပါ ဆိုတဲ့ စာ ကပ်ထား ပါတယ်။ အဲဒီစာ အောက်က စားပွဲမှာ ထိုင်လုပ်နေတဲ့ စာရေးကြီး ဒေါ်လှလှက ဒီရုံးမှာ အသံ ကျယ်ကျယ်နဲ့ အော်ပြီး အဆဲဆုံး ဖြစ်နေပါတယ်။ တနေ့ တနေ့ ဟောက်လိုက်တာ။ ဘေးနားက လူတွေတောင် မနေနိုင်အောင်ပဲ။

တရားဥပဒေနှင့် မလွတ်ကင်းသော အလုပ်များ မလုပ်ရ ဆိုတဲ့ ဆိုင်းဘုတ် အောက်မှာ ဒရိုင်ဘာ ကိုတင်ဝင်းက ချဲရောင်း ပါတယ်။ ဆေးလိပ်မသောက်ရ ဆိုတဲ့ ဆိုင်းဘုတ် အောက်က နေရာဟာ လက်ထောက်ညွှန်မှူး ဦးလှဦး အတွက် စီးကရက်သောက် အပန်းဖြေတဲ့ နေရာ ဖြစ်ပါတယ်။

ကွမ်းတံတွေး မထွေးရ ဆိုတဲ့ ဆိုင်းဘုတ်အောက်မှာ ကွန်ပျူတာ ဌာနက လူတွေ ကွမ်းတံတွေး ထွေးတဲ့ နေရာ ဖြစ်ပါတယ်။ လာဘ်ပေးလာဘ်ယူ ဒို့ရန်သူ ဆိုတဲ့ ဆိုင်းဘုတ်အောက်မှာ ရုံးကို လာတဲ့ လျှောက်လွှာ တင်သူတိုင်း တယောက်ကို ၅၀၀ ပေးမှ ရုံးစောင့် ကိုကျော်က တံခါးဖွင့်ပေး ပါတယ်။

ဆရာ့တံခါးကို တံခါး မခေါက်ဘဲ ဝင်ဖို့ ဆရာ့ အတွင်းရေးမှူးမက တယောက်ကို ၅၀၀၀ ယူပါတယ်။ ဆရာ ခုဆိုရင် အောက်မှာ ဆရာ ကားရပ်ခဲ့တဲ့ နေရာက ကားမရပ်ရ ဆိုတဲ့ ဆိုင်းဘုတ် တည့်တည့်မှာ ဖြစ်ပါတယ်။ တရုံးလုံး စာမတတ်တဲ့ သူတွေ ဖြစ်နေတဲ့ အတွက် ကျွန်တော့်ကို ဒီရုံးကနေ အလုပ် ထွက်ခွင့် ပြုပါ ဆရာ"

ကိုမောင်ကြည် ရုံးက ထွက်လိုက်တယ်။ နောက်ဆုံး နှုတ်ဆက်တဲ့ အနေနဲ့ ရုံးကို လှည့်ကြည့် လိုက်တယ်။ "အမျိုးသား စာတတ်မြောက်ရေး ကူညီထောက်ပံ့မှု အဖွဲ့ရုံး" တဲ့။ ကိုမောင်ကြည်က ထွက်စာကို ညွှန်ချုပ် စားပွဲပေါ် တင်ခဲ့ ပါတယ်။ ပြီးတော့ သူ့အိတ်လေး ဆွဲကာ လွတ်လပ် ပေါ့ပါးစွာ ရုံးထဲက ထွက်ခဲ့တယ်။

မှတ်တိုင်လို့ ထူထားတဲ့ ဆိုင်းဘုတ်နဲ့ ခြေလှမ်း ၂၀ အကွာမှာ သွားရပ် လိုက်တယ် ။ ဘတ်စ်ကားက အဲဒီ တည့်တည့်မှာ လာရပ်တယ်။ ကိုမောင်ကြည် ကားပေါ်တက် လိုက်တယ်။ တံတွေး မထွေးရ ဆိုတဲ့ ညွှန်ကြားစာ တည့်တည့်အောက်မှာ တံတွေးကို ပြစ်ခနဲ အပြင်ကို ထွေးထုတ် လိုက်တယ်။

ဆေးလိပ်မသောက်ရ ဆိုတဲ့ ဆိုင်းဘုတ်ကို ကြည့်ပြီးတော့ စီးကရက်ကို ထုတ် မီးညှိ လိုက်တယ်။ အဲဒီအချိန်မှာ စပယ်ယာက ကွမ်းမစားရ ဆိုတဲ့ ပြတင်းပေါက်ကနေ ကွမ်းတံတွေး ထွေးလိုက်တယ်။ ကိုမောင်ကြည်ရဲ့ လက်မောင်းမှာ ရဲခနဲ ဖြစ်သွားတယ်။

ဒီတိုင်းပြည်က သူ့ဟာနဲ့ သူတော့ ဟုတ်နေ ကြတာပဲ။ TinNyunt

Post a Comment

0 Comments