စေတနာပါမှ ကုသိုလ်ဖြစ်တယ်

လွန်လေပြီးသောအခါက ဗာရာဏသီပြည်မှာ အင်မတန်မှ ချမ်းသာ ကြွယ်ဝတဲ့ သူဋ္ဌေးနှစ်ဦး ရှိခဲ့ဖူးပါတယ်။ အဲဒီ သူဋ္ဌေးနှစ်ဦးဟာ ငယ်သူငယ်ချင်းတွေ ဖြစ်တာမို့ တဦးနဲ့တဦး အင်မတန် ချစ်ခင်ကြသတဲ့။ ဒါပေမယ့် သူငယ်ချင်း သူဋ္ဌေးနှစ်ယောက်ဟာ တယောက်နဲ့ တယောက် စရိုက်ချင်း မတူကြဘူး။

သူဋ္ဌေးတယောက်က ဂုဏ်ပကာသနတွေကို ခင်မင်ပြီး အလွန် ကြွားဝါချင်တယ်။ စေတနာသဒ္ဓါ မပါဘဲ နာမည်ကောင်း ရအောင် ဆိုပြီးအလွန်အကျွံ အလှူအတန်း လုပ်တယ်။ ကျန်သူဋ္ဌေးတယောက် ကတော့ လှူသင့်သလောက်လှူ စားသင့်သလောက် စားပြီး ရိုးရိုး အေးအေးပဲနေထိုင်ပါတယ်။

ဒီလိုနဲ့ နှစ်အနည်းငယ် ကြာတဲ့အခါမှာ ဂုဏ်လိုချင်လို့ အလှူအတန်း အများကြီးလုပ်တဲ့ သူဋ္ဌေးဟာ တဖြည်းဖြည်း ပစ္စည်းဥစ္စာတွေ ဆုံးပါးပြီး ဆင်းရဲသွားသတဲ့။ ဒါနဲ့ ဆင်းရဲသွားတဲ့ သူဋ္ဌေးဟာ သူ့မှာ ဘာမျှ ရောင်းချ သုံးစွဲစရာ ပစ္စည်း မရှိတော့လို့ သူပြုလုပ်ထားတဲ့ ကုသိုလ်ကောင်းမှုတွေကိုပဲ သူငယ်ချင်းသူဋ္ဌေးထံ ရောင်းချတော့မယ်လို့ စိတ်ကူးနဲ့ ဇနီးဖြစ်သူ ကိုပါ အတူခေါ်ပြီးတော့ သူငယ်ချင်း သူဋ္ဌေးထံကို ထွက်လာခဲ့တယ်။

အဲဒီလို ခရီးထွက်လာရင်း လမ်းခုလတ်မှာ အမောဖြေကာ ပါလာတဲ့ ထမင်းထုပ်ကို စားမယ် ဆိုပြီး ဖြေလိုက်တယ်။ ထမင်းထုပ်ကလည်း ငယ်ငယ်မို့ နှစ်ယောက်ဝေမျှပြီး စားရတယ်။ အဲဒီအခိုက်မှာ ခွေးပိန်ကလေး တကောင်ဟာ ယိုင်တိယိုင်ထိုးနဲ့ ဇရပ်နား ကပ်လာသတဲ့။

အဲဒီအခါမှာ ထမင်းစားနေတဲ့ သူဋ္ဌေးဆင်းရဲက "ရှင်မရယ် ကြည့်စမ်းပါဦး၊ ခွေးပိန်ကလေးဟာ အစာမစားရတာ ကြာလို့ လမ်းကောင်းကောင်း မလျှောက်နိုင်တာနဲ့ တူပါရဲ့။ သနားစရာလေးကွာ။ အခု တို့စားနေတဲ့ ထမင်းထုပ်ကို ခွေးကလေးကို ကျွေးလိုက်ရအောင်" လို့ ဇနီးဖြစ်သူကို ပြောလိုက်တယ်။

ဇနီးဖြစ်သူကလည်း သဘောတူ ကြည်ဖြူစွာ သူတို့စားမယ့် ထမင်းထုပ်ကို ခွေးပိန်ကလေး ဝအောင်စားပါစေ ဆိုတဲ့ စေတနာနဲ့ အကုန်လုံး ချကျွေးပါတယ်။ သူတို့နှစ်ယောက်ကတော့ ဇရပ်နဘေးက ရေအိုးစင်မှာ ရေအဝ ခပ်သောက်ပြီး ခရီးဆက်ခဲ့ ကြသတဲ့။

ဒီလိုနဲ့ သူငယ်ချင်း သူဋ္ဌေးထံ သူတို့ ဇနီးမောင်နှံ ရောက်သွားတဲ့ အခါ သူငယ်ချင်းသူဋ္ဌေးကို ဆင်းရဲသွားတဲ့ သူဋ္ဌေးက ငါတို့ ပြုထားတဲ့ ကုသိုလ်ကောင်းမှုတွေ ရောင်းချဖို့ သူငယ်ချင်းထံ လာခဲ့တာပဲ။ သဘောတူ ဝယ်မယ်ဆိုရင် တဘဝလုံး ပြုထားတဲ့ ကုသိုလ် အကုန်ရောင်းခဲ့မှာလို့ ပြောပြသတဲ့။

အဲဒီအခါ သူငယ်ချင်းသူဋ္ဌေး ကလည်း ဝမ်းသာအားရနဲ့ ရောင်းသမျှ ကုသိုလ်ကောင်းမှုကို ဝယ်ယူပါ့မယ်ဗျာ လို့ ဆိုလိုက်ကာ ကုသိုလ်ကောင်းမှုများကို ချိန်ခွင်ထဲမှာ ထည့်ပြီး ချိန်ခိုင်းပါတယ်။ အဲဒီအခါ စေတနာ အရင်းမခံဘဲ ဂုဏ်ပကာသနတွေကို လိုချင်တာနဲ့ ပြုလုပ်ခဲ့တဲ့ကုသိုလ်တွေ ဖြစ်တာမို့ လေးတယ်လို့ မရှိဘဲ ငွေဘက်ကပဲ အမြဲ အလေးသာနေသတဲ့။

ကျောင်းကုသိုလ်၊ ဇရပ်ကုသိုလ်၊ ရေကန်ကုသိုလ်၊ ဘာကုသိုလ်ပဲ ထည့်ထည့် ကုသိုလ်ဘက်က အလေးမသာဘဲ ငွေဘက်ကဘဲ အလေးသာနေတယ်။ ဒီလိုနဲ့ တဘဝလုံး ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေ ချပြီး ချိန်ကြည့်လိုက်တာ ကုသိုလ်ကောင်းမှုတွေသာ ကုန်သွားတယ်။ အလေးချိန် ကတော့တက်မလာဘူးတဲ့။ ချိန်ခွင်ထဲမှာ ထည့်ထားတဲ့ ငွေသားကလည်း မဖြစ်စလောက်ပဲ ရှိသတဲ့။ ဒါတောင် ကုသိုလ်က မနိုင်ဘူး ဖြစ်နေတယ်။

အဲဒီအခါမှာ ကုသိုလ်ဝယ်မယ့် သူဋ္ဌေးကလည်း "ဟင် သူငယ်ချင်း၊ မင်းကုသိုလ်တွေက ဒါအကုန်ပဲလား။ ကျန်နေတာ ရှိရင် စဉ်းစားပါဦး" လို့ ပြောပြတယ်။ ဆင်းရဲသွားတဲ့ သူဋ္ဌေးလည်း ခေါင်းကုတ်ပြီး စဉ်းစားလိုက်တာ နောက်ဆုံးလမ်းခရီးမှာ ခွေးပိန်ကလေး တကောင်ကို ထမင်းတနပ် အငတ်ခံပြီးတော့ ကျွေးခဲ့တဲ့ ကုသိုလ်က ပေါ်လာတယ်။

အဲဒါနဲ့ သူဋ္ဌေးဆင်းရဲလည်း "ဟာ သူငယ်ချင်း၊ တို့လင်မယား အခု မင်းဆီလာတုန်းက လမ်းမှာ ခွေးပိန်ကလေးကို ထမင်းကျွေးခဲ့တဲ့ ကုသိုလ်ကျန်သေးတယ်။ အဲဒီကုသိုလ်ကိုလည်း ထည့်ချိန်လိုက်ပါလို့ ဝမ်းသာအားရ ပြောပြတယ်။ အဲဒီအခါ ငတ်သေလုဆဲဆဲ ခွေးပိန်ကလေးကို စေတနာရှိရှိနဲ့ ထမင်းကျွေးခဲ့တဲ့ ကုသိုလ်ဟာ အနှစ်သာရ အပြည့်အဝ ပါတာမို့ ကုသိုလ်ဘက်က အလေးသာ လာတယ်။

ကုသိုလ်ဝယ်တဲ့ သူဋ္ဌေးကလည်း သူပိုင် ငွေသားတွေမက ရွှေသားတွေပါ ထပ်ဖြည့်ပေမယ့် ကုသိုလ်ဘက်ကပဲ အလေးသာနေတယ်။ နောက်ဆုံး သူပိုင်သမျှ ဥစ္စာဓနတွေ အကုန်လုံး ပုံထည့်ပေးတာတောင်မှ ခွေးပိန်ကလေးကို ထမင်းကျွေးခဲ့တဲ့ ကုသိုလ်ဘက်ကပဲ အလေးသာနေလေတော့ ကုသိုလ်ဝယ်တဲ့ သူဋ္ဌေးက

"ကဲ သူငယ်ချင်း ငါ့စည်းစိမ်တော့ကုန်ပြီ၊ ငါ့အတွက် ပစ္စည်းတဝက် ချန်ထားပြီး မင်းကုသိုလ် တဝက်အတွက် ငါ့ပစ္စည်း တဝက်ကိုသာ ယူသွားပေတော့" လို့ ဆိုပြီး ကုသိုလ်တဝက်ဖိုး အဖြစ် သူ့ ဥစ္စာဓန တဝက်ကို ဆင်းရဲသွားတဲ့ သူဋ္ဌေးကို ခွဲဝေပေးလိုက်ပါတယ်။

ပြီးတော့ "သူငယ်ချင်း၊ နောက်ဆိုရင် စေတနာရှိမှ လှူပါကွာ၊ ဂုဏ်ပကာသနကို မမက်ပါနဲ့။ ပျော်ရုံသက်သက် ပြုလုပ်ထားတဲ့ အရေခြုံကုသိုလ် ဆိုတာ ငွေကုန်တာကလွဲလို့ ဘာအကျိုးမျှ မဖြစ်ထွန်းပါဘူး။ အသိဉာဏ်နဲ့ ယှဉ်ပြီး ကုသိုလ်ပြုတတ်ရင် ငွေကုန် နည်းပေမယ့် တလုံးတခဲတည်း အကျိုးပေးပါတယ်" လို့ သတိပေးစကားလည်း ပြောကြားလိုက်ပါသတဲ့။ Tawwunnwal

Post a Comment

0 Comments