ကျကျန်ခဲ့သောအရာ

မိန်းကလေး တယောက်ဟာ လူစည်ကားတဲ့ ဈေးတန်း တခုကို ဆိုင်ကယ်စီးပြီး ဖြတ်တယ်။ အဲဒီမှာ ဈေးခြင်းတောင်း ဆွဲထားတဲ့ အဒေါ်ကြီး တဦးနဲ့ မျက်နှာချင်း ဆိုင်မိတယ်။

လမ်းကလည်း ကျဉ်း၊ ဈေးကလည်း စည်ကားတာမို့ ရှောင်ပေမယ့် အဒေါ်ကြီးရဲ့ ဈေးခြင်းတောင်းကို ဆိုင်ကယ် လက်ကိုင်နဲ့ ချိတ်လိုက် မိတယ်။

အဒေါ်ကြီး လက်ထဲကနေ ဈေးခြင်းတောင်းလွတ်ကျသွားခဲ့တယ်။ မိန်းကလေးက ဆိုင်ကယ်ပေါ်ကနေ အ ဒေါ်ကြီးကို လှည့်ကြည့်လိုက်တယ်။

ဈေးခြင်းတောင်းက ကျသွားတယ် ဆိုပေမယ့် ခြင်းတောင်းထဲက အရာတွေ အပြင်ကို ထွက်မကျ ခဲ့ပါဘူး။ ဘာမှမဖြစ်ဘူး ဆိုပြီး မိန်းကလေးက ဆိုက်ကယ်စီးပြီး ထွက်သွားဖို့ ပြင်တယ်။ အဲဒီမှာ အဒေါ်ကြီးက လှမ်းအော်တယ်။ "မိန်းကလေး မိန်းကလေးရဲ့ ပစ္စည်း ကျခဲ့ပြီ"

မိန်းကလေးက သူ့ပစ္စည်း တခုခု ပြုတ်ကျသွားတယ် အထင်နဲ့ ဆိုင်ကယ်ကို ချက်ချင်း ရပ်ပြီး မေးတယ်။ "ကျွန်မရဲ့ ဘာပစ္စည်းများ ကျခဲ့သလဲ"

အဒေါ်ကြီးက "မိန်းကလေးရဲ့ လူတွေမှာ ရှိသင့်တဲ့ ရည်မွန်ခြင်း ကျခဲ့ပါတယ်" လို့ ပြန်ပြောတယ်။

အဖြစ်အပျက်ထဲက အဒေါ်ကြီးရဲ့ စကားဟာ အဓိပ္ပာယ် လေးနက်လွန်း ပါတယ်။ လုပ်စရာတွေနဲ့ အမြဲအလုပ်များတဲ့ နေ့စဉ် ဘဝတွေထဲမှာ ကျွန်တော်တို့ဟာ ကိုယ်ပေါ်မှာ ပစ္စည်းတချို့ကို ဆောင်ထားဖို့ မမေ့ခဲ့ ကြပါဘူး။

ကျွန်တော်တို့ ဆောင်ထားဖို့ မမေ့တဲ့ အရာတွေက ဖုန်း၊ ကွန်ပြူတာ၊ လက်ကိုင်အိတ် စတာတွေ ဖြစ်တယ်။ ဒါပေမဲ့ ဒီထက် ပိုအရေးပါတဲ့ ဒြပ်မဲ့ အရာတချို့ ကိုတော့ ကိုယ်ပေါ်မှာ ဆောင်ထားဖို့ ကျွန်တော်တို့ မေ့နေခဲ့ ကြတယ်။

တခါတလေမှာ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ဒါမှမဟုတ် သူတပါးကို သတိပေး သင့်ပါတယ်။

"သင်ရဲ့ ရည်မွန်ခြင်း ကျကျန်ခဲ့ပြီ၊ သင်ရဲ့ မေတ္တာစိတ် ကျကျန်ခဲ့ပြီ၊ သင်ရဲ့ ကိုယ့်ကိုယ်ကို ချိုးနှိမ်စိတ် ကျကျန်ခဲ့ပြီ၊ သင့်မျက်နှာပေါ်က အပြုံး ကျကျန်ခဲ့ပြီ၊ သင်ရဲ့ မျှတစိတ် ကျကျန်ခဲ့ပြီ၊ သင်ရဲ့ ပျော်ရွှင်ခြင်း ကျကျန်ခဲ့ပြီ၊ သင်ရဲ့ ခွင့်လွှတ်စိတ် ကျကျန်ခဲ့ပြီ၊ သင်ရဲ့ အကောင်းမြင်စိတ် ကျကျန်ခဲ့ပြီ"

ကျွန်တော်တို့ သတိ မထားမိချိန်မှာ ကျွန်တော်တို့ဆီက ပစ္စည်းတချို့ အမြဲ ကျကျန် နေခဲ့ပြီလား။ အမြန်ပြန်ပြီး ကောက်ယူလှည့်ပါ။ နိုင်းနိုင်းစနေ

Post a Comment

1 Comments

  1. သတ်ပုံမှန်နဲ့ သင်္ခန်းစာတခု တင်ပေးထားသူ ကျေးဇူး + ကွန်ဂရက်ကျူလေးရှင်း။

    ReplyDelete