တခါတုန်းက မြင်းပိုင်ရှင် လူနှစ်ယောက် ရှိပြီး ပထမ မြင်းပိုင်ရှင်ဟာ အပြောအဆို ကြမ်းတမ်း ရက်စက်ပြီး မညှာတာ တတ်သူဖြစ်ပါတယ်။
ဒုတိယ မြင်းပိုင်ရှင် ကတော့ သူ့ရဲ့ မြင်းအပေါ် ဂရုစိုက်ပြီး သနား ကြင်နာတတ်သူ ဖြစ်ပါတယ်။
တနေ့သော အခါမှာ မြင်းပိုင်ရှင် နှစ်ယောက်ရဲ့ တိုင်းပြည်ကို အခြား တနိုင်ငံက လာရောက် တိုက်ခိုက်ခြင်းကို ခံကြရ ပါတယ်။
သူတို့ နှစ်ဦးလည်း ဘုရင့် အမိန့်အရ အခြားသော ယောကျ်ားများနဲ့ အတူ စစ်တိုက် ဖို့ရာ ထွက်ကြရ ပါတော့တယ်။
သူတို့ ကိုယ်ပိုင် မြင်းများကို စီးနင်းလျက် စစ်မြေပြင်ကို ထွက်ခဲ့ ကြပါတယ်။ ရန်သူများနဲ့ ရင်ဆိုင် တိုက်ခိုက်တဲ့ အခါ ရန်သူများဘက်က အားသာသဖြင့် မြင်းပိုင်ရှင်၂ ဦး လုံးပင် အရေးနိမ့်ကာ ထိခိုက် ဒဏ်ရာရ ကြပါတယ်။
စစ်ပွဲအလယ်မှာ မြင်းပေါ်ကနေ သူတို့ နှစ်ဦးစလုံး ကိုယ်စီ ကိုယ်ငှ ပြုတ်ကျခဲ့ ကြပါတော့တယ်။ အဲဒီ အခါမှာ ကြင်နာတတ်သူမြင်းပိုင်ရှင်ရဲ့ မြင်းဟာ သခင်ဖြစ်သူကို ခါးလည်မှ ခါးပတ်ကို ကိုက်ချီလျက် စခန်း ရှိရာဆီ အပြေး နှင်လာခဲ့ ပါတော့တယ်။
ရက်စက် ကြမ်းတမ်းသူရဲ့ မြင်းကတော့ သူ့ရဲ့ သခင် မြင်းပေါ်က ပြုတ်ကျ သွားတဲ့ အခါမှာ သခင်ကို ကယ်ဆယ်ဖို့ ကြိုးစားခဲ့ ပါသေးတယ်။
ဒါပေမယ့်လည်း မိမိ သခင် ဖြစ်သူမှာ မိမိကို ရိုက်နှက် ကန်ကြောက် တော့မယ် ဟု အထင် ရောက်လျက် ပိုင်ရှင်ကို အကပ် မခံဘဲ ထွက်ပြေး ပါတော့တယ်။
နောက်ဆုံး မှာတော့ ရန်သူ လက်ချက်ဖြင့် ရက်စက်သူ မြင်းပိုင်ရှင်ဟာ အသက် သေဆုံး သွားရ ပါတော့တယ်။
လူမပြောနဲ့ တိရိစ္ဆာန်တောင်မှ ရက်စက်သူနဲ့ ကြင်နာသူ အပေါ် တုံ့ပြန်ပုံခြင်း မတူဘူး ဆိုတာကို ပြသ သွားတာပဲ ဖြစ်ပါတယ်။ အကြင်နာတရား ထားရင် ကိုယ့်ရဲ့ အကြင်နာတရားကို တိရိစ္ဆာန် တောင်မှ နားလည်တယ် ဆိုတဲ့ သဘောပါပဲ။
ဒါ့ကြောင့် ရက်စက် ကြမ်းကြုတ် သူရဲ့ အနားမှာ ဘယ်လိုလူမှ ကြာကြာ မနေနိုင်ဘူး ဆိုတာကို နားလည် စေချင်ပါတယ်။
0 Comments